You are here: Home အတ္ထုပ္ပတ္တိ စာပေဆိုင်ရာ စာအုပ်စာတမ်း ဆောင်းပါးများ (Autobiographical, Biographical Books and Articles) သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ် - သိန်းဖေမြင့်
Document Actions

သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ် - သိန်းဖေမြင့်

ပွင့်ပွင့်လင်းလင်းသတင်းစာဖြတ်ပိုင်းများ (၁)ပီမိုးနင်း၊ (၂)ဒီးဒုတ်ဦးဘချို (၃)ဇာတ်ဆရာဦးဖိုးစိန် (၄)ဇာတ်သဘင်တစ်ခေတ်တီထွင်ခဲ့သူ(ဇာတ်ဆရာဦးဖိုးစိန် (၅)ဒီမိုကရေစီသစ်၏ယဉ်ကျေးမှုမှူး (၆)ပန်းချီဦးအုန်းလွင် (၇)ဦးစောဘိလပ်သွားပြဇာတ်နှင့်ဦးခင်မောင် (၈)အာဠ ၀ကသခင်ဘိုးလှကြီး (၉)သခင်ဘိုးလှကြီး၊ သခင်လှိုင်တို့တစ်တွေကို သတိရလျက် (၁၀)ဦး​ဗကြည်၏ပန်းချီကို လေ့ လာချက် (၁၁)တရား၀န်ကြီးဦးချန်ထွန်းနှင့်ဗုဒ္ဓဘာသာ အသိအမြင် (၁၂)တောင်ကျရေ နွားနှစ်ကောင်မ၀သလိုပ မောင်ဘဖေ ငါးထောင်မရသော်ကြောင့် (၁၃) နိုင်ငံရေးစွန့်သွားသော ၀န်ကြီးဟောင်းဦးဘစော (၁၄)ရန်အောင် (၁၅)ကွယ်လွန်သူသခင်ဗစိန် (၁၆)၀င်းဦးကိုတွေ့ခြင်း (၁၇)နှမြောဖွယ်ကောင်းသော ကနေဒီ (၁၈)အိန္ဒိယ၏ရတနာ ဂျဝါဟာ (၁၉)အနှစ် ၄၀၀ ပြည့်ရှိတ်စ ပီးယား (၂၀)မျိုးချစ်စာဆိုကြီး သခင်ကိုယ်တော်မှိုင်း (၂၁) သခင်ကိုယ်တော် မှိုင်းဆိုတာ ဘာလဲ (၂၂) ကွန်မြူနစ်မကြီးများ လုပ်သားပြည်သူ့ဘ၀ခံယူခြင်း (၂၃)မစ္စက်ဘန်ဒရာနာယကေး အစိုးရ ပြုတ်ကျခြင်း (၂၄)ဘုံဝါဒအောင်ရမည်မှာ မြေကြီးလက်ခတ်မလွဲတည်းဟုဆိုခဲ့သောလယ်တီပဏ္ဍိတဦးမောင်ကြီး (၂၅)ဆရာဟာရွန်းကွယ်လွန်ရှာပြီ (၂၆)ဟိုချီမင်း ၇၅ နှစ် (၂၇)သခင်ဘသောင်း ရွှေညောင်မောင်(ဦးချင်းစိန်)နှင့် ဝိုင်အမ်ဘီအေသခင်တင် (၂၈)စိန်စတင်း (၂၉)မြို့မေတ္တာခံယူသည့်သားမှ နာယကသို့ (၃၀)သဘာပတိကိုယ်တိုင် ကြော်ငြာမောင်းခတ်လိုက်ပါသည် (၃၁)ပန်းတိုင်လည်း၀င် အမောလည်းဆို့ (၃၂) မြေးတွေနှင့်အတူ တက္ကသိုလ်ဘွဲ့ ယူသူ (၃၃)၀န်ကြီးချုပ်အင်ဒီရာဂန္ဒီ (၃၄)အင်ဒီရာဂန္ဒီကွန်မြူနစ်တဲ့​ဗျား (၃၅)မာ့က်စ်ဝါဒအလွဲသုံးစားလုပ်ပြီး သခင်စိုးကြီးလိင်မှုပွေပြန်ပြီ (၃၆)တစ်လင် တစ်မယားစနစ် (၃၇)သခင်စိုးကြီး စိတ်ကောင်း၀င်ချိန် (၃၈)ချင်း အမျိုးသားတော်လှန်ရေးသမားကြီး (၃၉)မျိုးချစ်ယောင်ဆောင် ဂဠုန်အတုဦးစော (၄၀)စိန်ကလောင်(ဗန္ဓုလဦးစိန်) (၄၁)ရှမ်းပဒေသရာဇ်များ၏ကျေးဇူး (၄၂)​ဆရာကြီးဦးဖေမောင်တင်ကို ကန်တော့ခြင်း (၄၃)တောခိုစေသော အကြောင်းတစ်ကြောင်း (၄၄)ဦးထွန်းအောင်ကျော် ကွယ်လွန်အနိစ္စရောက်ခြင်း (၄၅)ဦးကံသိန်း၏ဆံပင်ညှပ်ဆိုင် (၄၆)၀န်ကြီးနှင့်ဗမာ့လွတ်လပ်ရေး (၄၇)သတင်းထောက်ပေါက်စ မဟတ္တမဂန္ဒီနှင့်တွေ့ခြင်း (၄၈)မဟတ္တမဂန္ဒီ၏ ခံနိုင်ရည် (၄၉)မသေသော လီနင် (၅၀)နဲဗားဆောရီ - အဲဗားဂျောလီ ဦးညာဏ (၅၁)နိုဘယ်ဆုရဟီးဘရူးစာရေး ဆရာကြီးကွယ်လွန်ခြင်း (၅၂)တိုးတက်နေသော နှစ် ၅၀ ပြည်သူ့သမိုင်းနှင့်အတူ ချီတက်ခဲ့သူ (၅၃) သခင်သိမ်း မောင်ကြီး (သို့မဟုတ်) အရှင်သောမ (၅၄)သမ္မတနာဆာ (၅၅)ကိုသိန်းတန် (၅၆)မိတ်ဆွေကြီးအဂ္ဂါစနိုးကွယ်လွန် ရှာပြီ (၅၇)အက်ဒ၀တ်နှင့်ကျွန်တော် (၅၈)ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး၏မီးရှူးတန်ဆောင်ဒီမီထရော့ဖ် (၅၉)ဗိသု ကာမှ ဒါရိုက်တာသို့ (၆၀)ဖိုးကျော်မြင့် (၆၁)ဦးဘသန်း အငြိမ်းစားယူခြင်း (၆၂)နှင်းဆီကုန်းမှ ဦးတင် (၆၃)ဆရာ တော်ဦး​ဗုဓ်မှ အရှင်ဇနကာဘိဝံသသို့ (၆၄)သခင်ကေသရ (ခေါ်) သခင်ညွှန့်စိန်၊ ဘိုးစိန်ညွှန့် (၆၅)စာရေးသူ၏ အတ္ထုပ္ပတ္တိအကျဉ်း

သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ် - သိန်းဖေမြင့်

ပွင့်ပွင့်လင်းလင်း သတင်းစာဖြတ်ပိုင်းများ

ကျေးဇူးစကား

အမှာ

ယခုစာအုပ်မှာ နိုင်ငံရေးသမားများ၊ အလုပ်သမားခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၊ သတင်းစာသမားများ၊ စာပေသမားများ၊ အနုပညာသမားများ စသည့်အလွှာစုံနယ်ပယ်စုံမှ ပုဂ္ဂိုလ်အသီးသီးကို အကြောင်းပြုရေးဖွဲ့ထားသည့်ဆရာ(ဦး)သိန်း ဖေမြင့်၏ဆောင်းပါးများကို စုစည်းထားသော စာအုပ်ဖြစ်ပါသည်။

ထိုစာအုပ်များထဲတွင် မြန်မာနိုင်ငံမှသာမက ကမ္ဘာတလွှားမှ ပုဂ္ဂိုလ်များပါ ပါ၀င်ပါသည်။

အချို့ဆောင်းပါးများမှာ သူတို့အကြောင်းကို ပုံဖော်ရေးခြစ်ထားသော ပုံတူကောက်ကြောင်းများ ဖြစ်သည်။

အချို့ဆောင်းပါးများမှာ သူတို့ကို အကြောင်းပြု၍ သူတို့ခေတ်အကြောင်း၊ အချို့ဆောင်းပါးများမှာ သူတို့ကို အကြောင်းပြု၍ သူတို့၏ အတိတ်နှင့်သမိုင်းကြောင်းများအကြောင်း ထင်ဟပ်သုံးသပ်ဖွဲ့နွဲ့ထားပါသည်။

ဆောင်းပါးများကို ၁၉၃၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း ရေးသားပုံနှိပ်ခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးအများစုမှာ ဗိုလ်တထောင်သတင်းစာ ပွင့်ပွင့်လင်းလင်း ပြောပါရစေကဏ္ဍမှဖြစ်ပြီး၊ ကျန်သည်များမှာ ဂျာနယ်ကျော်၊ အိုးဝေ၊ ရှုမ၀၊ သွေးသောက်၊ မြန်မာ့အလင်းစသည့်သတင်းစာ ဂျာနယ်၊ မဂ္ဂဇင်းများမှဖြစ်သည်။

သူ၏လူပုဂ္ဂိုလ်များအပေါ်အမြင်၊ ခေတ်အပေါ်သဘောထား၊ သုံးသပ်ချက်များနှင့်ပတ်သက်၍ အယူအဆအားဖြင့် သဘောတူလက်ခံ စရာ၊ ဆန့်ကျင်ကွဲလွဲစရာ အမျိုးမျိုးရှိနိုင်ပါသည်။

သို့သော် ဆောင်းပါးများ၏အနုပညာမြောက်မှုနှင့်'မူ'ပေါ်မှာ ရပ်တည်သည့်လေးနက်မှုကိုမူ ထင်ထင်ရှားရှား တွေ့ရှိမည်ဟု ယုံကြည်ပါ သည်။

ဤစာအုပ်ကို ထုတ်ဝေခွင့်ပြုသော ဆရာ(ဦး)သိန်းဖေမြင့်၏ဇနီး ဒေါ်ခင်ကြည်ကြည်အား အထူးကျေးဇူးတင်ရှိပါသည်။

ထို့ပြင် အမှာစာ ရေးသားပေးသော ဆရာပါရဂူအားလည်းကောင်း၊ ဆောင်းပါးများ စုဆောင်းရာတွင် ကူညီခဲ့ကြသော ကိုဇော်လင်း၊ ဆရာဦးမြတ်​စိုး(ရန်ကုန်တက္ကသိုလ်ပင်မစာကြည့်တိုက်)၊ ဆရာမဒေါ်ခင်နှင်းဦး(တက္ကသိုလ်များဗဟိုစာကြည့်တိုက်)၊ ဆရာဦးစိုးမြင့် ကြိုင်နှင့်ဦးသန်းထွန်းအောင်(အမျိုးသားစာကြည့်တိုက်)၊ ဦးဇော်မင်းစိန်(သခင်ဗစိန်၏သား)​၊ ဒေါက်တာကျော်လတ်(ဦးဖိုးလတ်၏ သား)တို့အားလည်းကောင်း၊ စာအုပ်ဖြစ်မြောက်ရေးကြိုးစား​စဉ် အားတက်သရော ကူညီပေးခဲ့သည့်ဦးအုန်းမောင်(လေထီး)၊ ကိုမျိုး ညွန့်(စာပေလောက)တို့အားလည်းကောင်း ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။

ပုံတူပန်းချီများ၏အနုပညာမြောက်လက်ရာများအတွက်သာမက ချွန်းချင်ထားရန်မဖြစ်သော သူ၏ထက်သန်မှု၊ စိတ်ရှည်မှု၊ လှိုက်လှဲ မှုတို့အတွက်ကိုပါ ကိုနေမျိုးဆေးအား လေးစားကျေးဇူးတင်ရှိပါကြောင်း။

စာအုပ်စျေး စာအုပ်တိုက်
၁၃၊ ဒီဇင်ဘာ၊ ၁၉၉၉






ပါရဂူ၏အမှာစကား

သိန်းဖေမြင့်သည် စာပေအမျိုးအစားစုံလင်စွာ ရေးခဲ့သည်။ ၀တ္ထုတိုရေးသည်။ ၀တ္ထုရှည်ရေးသည်။ ပြဇာတ်ရေးသည်။ ဆောင်းပါးစာ တမ်း ရေးသည်။ ဆရာရေးသွားခဲ့သော စာပေအမျိုးအစားထဲက အရေအတွက် အမြောက်အများ ကျန်ရစ်ခဲ့သောစာပေအမျိုးအစား တစ်ခုမှာ 'လူ့အကြောင်း၊ လူ့အတ္ထုပ္ပတ်' ဖြစ်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏အကြောင်းကိုလည်းကောင်း ဦးနု၏အကြောင်း ကိုလည်းကောင်း၊ ဦးကျော်ငြိမ်း၏အကြောင်းကိုလည်းကောင်း၊ အခြားသောပုဂ္ဂိုလ်များ၏အကြောင်းကိုလည်းကောင်း ရေးသားသွား ခဲ့သည်။ ယင်းအတ္ထုပ္ပတ်များထဲက အချို့မှာ စာအုပ်အဖြစ်နှင့်ရှိနေကြပြီး အချို့မှာ နဂိုက ရေးသားထားခဲ့သော စာနယ်ဇင်းများ၏ စာမျက်နှာများထဲ၌သာ ကိန်းအောင်းနေကြသည်။ စာအုပ်အဖြစ်နှင့်စာဖတ်သူများ၏ရှေ့မှောက် ရောက်လာခွင့်မရ ရှိကြပေ။

သိန်းဖေမြင့်၏စာများသည် မြန်မာစာပေ၌ တစ်ခန်းတစ်ကဏ္ဍပါ၀င်နေသည်။ ထို့ကြောင့် စာအုပ်အဖြစ်နှင့်ရှိနေကြသော ဆရာ၏စာ များကို အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေကြသည်။ ပြည်တွင်း၌သာမက၊ ပြည်ပ၌ပင် ပြည်ပဘာသာစကားများဖြင့် ဘာသာပြန်ဆို ပြီး ပုံ နှိပ်ထုတ်ဝေကြသည်။ သို့​ရာတွင် စာအုပ်အဖြစ် မရောက်ရသေးသော စာနယ်ဇင်းများ၏စာမျက်နှာများ၌ တစ်စစီဖြစ်နေကြသော ဆရာ၏စာများလည်း အများအပြားရှိနေသေးသည်။ ယင်းစာများထဲက အများစုမှာ လူ့အကြောင်း လူ့အတ္ထုပ္ပတ်များဖြစ်ကြသည်။

ယင်းလူ့အကြောင်း လူ့အတ္ထုပ္ပတ်များသည် ယခင်စာနယ်ဇင်းများ၏စာမျက်နှာများထဲက ထွက်ခွင့်မရကြသေးသောကြောင့် မျိုးဆက် သစ်များနှင့်အလှမ်းကွာနေသည်။ ယင်းလူ့အကြောင်း လူ့အတ္ထုပ္ပတ်များသည် "သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်"ဟူသော အမည်ဖြင့် ယခုစာအုပ်ဘ၀ရောက်ရှိလာပြီ။ ဤစာအုပ်သည် မြန်မာစာပေလောကထဲက "သိန်းဖေ​မြင့် စာပေကဏ္ဍ"ကိုလည်းကောင်း။ သိန်းဖေမြင့်စာပေကဏ္ဍထဲက လူ့အကြောင်း လူ့အတ္ထုပ္ပတ်အစိတ်အပိုင်းကိုလည်းကောင်း ထပ်မံ ဖြည့်တင်းပေးလိုက်ခြင်းပင် ဖြစ် သည်။

ဤ "သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်"၌ ပါ၀င်သော လူ့အကြောင်း လူ့အတ္ထုပ္ပတ်အများစုမှာ ဗိုလ်တထောင်သတင်းစာ၌ အခါ အားလျော်စွာ ရေးသားခဲ့သောစာများ ဖြစ်သည်။

သိန်းဖေမြင့်သည် လူ့အကြောင်း လူ့အတ္ထုပ္ပတ်ကို ရေးသားရာ၌ သူနှင့်ခေတ်ပြိုင်ပုဂ္ဂိုလ်များအကြောင်းကိုသာရေးသားလေ့ရှိသည်။ ထို့ကြောင့် သူ၏ကလောင်ဖျား၌ ပေါ်လာသောအတ္ထုပ္ပတ္တိရှင်များသည် သူနှင့်ထဲထဲ၀င်၀င်ဖြစ်နေသော ပုဂ္ဂိုလ်များသာဖြစ်သည်။ လူ့ အကြောင်း လူ့အတ္ထုပ္ပတ်ကိုရေးရာ၌ မိမိလက်လှမ်းမမီသော ပုဂ္ဂိုလ်၏အကြောင်းကို ရေးသားခြင်းထက် မိမိလက်လှမ်းမီသော ပုဂ္ဂိုလ် ၏အကြောင်းကို ရေးသားခြင်းက ပိုပြီးအမှန်တရားနှင့်နီးစပ်သည်။ ပိုပြီး တိကျခိုင်မာမှုရှိသည်။

မိမိနှင့်ခေတ်ပြိုင်ပုဂ္ဂိုလ်များကို ချဉ်းကပ်ရာ၌လည်း သိန်းဖေမြင့်သည် တခြားပုဂ္ဂိုလ်များနှင့်မတူပေ။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ချဉ်းကပ်ရာ၌ တချို့က အစွဲကင်းသည်။ တချို့က အစွဲကပ်ပါလာသည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား အစွဲနှင့်ချဉ်းကပ်သူသည် အစွဲမျက်မှန်တပ်ထားသည်ဖြစ်၍ မိမိချဉ်းကပ်သောပုဂ္ဂိုလ်၏ပုံသဏ္ဌာန်ကို အရှိအရှိအတိုင်းမြင်နိုင်စွမ်း မရှိ ပေ။ အစွဲကင်းသူကသာ မိမိချဉ်းကပ်သူ၏ပုံရိပ်ကို အမှန်အတိုင်း မြင်နိုင်စွမ်းရှိသည်။

လူ့အကြောင်း လူ့အတ္ထုပ္ပတ်ရေးသားရာ၌လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ စာရေးဆရာသည် လူ့အကြောင်း လူ့အတ္ထုပ္ပတ်ကို ရေး သားရာ၌ မိမိရေးသောအတ္ထုပ္ပတ္တိရှင်နှင့်ပတ်သက်၍ အစွဲမျက်မှန်တပ်ထားလျှင် မိမိရေးသော အတ္ထုပ္ပတ္တိရှင်၏ပုံရိပ်သည် သူ၏အမြင် ၌ အရှိအရှိအတိုင်း ပေါ်လာလိမ့်မည် မဟုတ်ပေ။ အစွဲမျက်မှန် တပ်မထားသော စာရေးဆရာ၏အမြင်၌သာ သူရေးသော အတ္ထုပ္ပတ္တိ ရှင်၏ပုံရိပ် အရှိအရှိအတိုင်း ပေါ်လာနိုင်သည်။

သိန်းဖေမြင့်သည် လူ့အကြောင်း လူ့အတ္ထုပ္ပတ်ရေးရာ၌ အစွဲမျက်မှန်တပ်မထားပေ။ အစွဲမျက်မှန်တပ်မထားသောကြောင့် သူရေးသော အတ္ထုပ္ပတ္တိရှင်၏ပုံရိပ်သည် သူ့အမြင်တွင် ပြတ်ပြတ်သားသား ပေါ်လာသည်။ သိန်းဖေမြင့်သည် သူ၏အတ္ထုပ္ပတ္တိရှင်များအား ကြည့် သောအခါ အသေးစိပ်ကြည့်သည်။ အတွင်းနှိုက်၍ကြည့်သည်။ ဘက်စုံကြည့်သည်။ ဖြန့်ထွက်ကြည့်သည်။ သူ၏အမြင်၌ အတ္ထုပ္ပတ္တိရှင် ၏ "အားလုံးကောင်းပါသည်"ဟူသောအချက်အလက်များသာမက ကြည့်သူမမြင်သော၊ ကြည့်သူမမြင် ချင်ယောင်ဆောင်​ထားသော အတ္ထုပ္ပတ္တိရှင်၏အစိတ်အပိုင်းများလည်း သူ၏အမြင်၌ ပေါ်လာကြသည်။ ယင်းအမြင် ယင်းအသိအပေါ်၌ အခြေခံလျက် သူ၏လူ့အ ကြောင်း၊ လူ့အတ္ထုပ္ပတ်များသည် အစွဲမျက်မှန်တပ်ပြီး "အားလုံးကောင်းပါသည်" ဟူ၍ကြွေးကြော်နေကြသော ပုဂ္ဂိုလ်များ၏လက်ထဲ ရောက်သွားသောအခါ ဝေဖန်စရာ ထောက်ပြစရာ ဖြစ်လာကြသည်။ သို့ရာတွင် သိန်းဖေမြင့်ကမူ လူ့အကြောင်း လူ့အတ္ထုပ္ပတ် ရေး သားရာ၌ သူ၏မူကို တစ်ပြားသားမှအလျော့မပေးခဲ့ပေ။ ထို့ကြောင့် သူ၏လူ့အ ကြောင်း လူ့အတ္ထုပ္ပတ်များသည် စာပေရေစီးကြောင်း ထဲမျောသွားရာ၌ တကယ့်ရေစီးကြောင်းထဲ မျောသွားသောဗေဒါပင်ကဲ့သို့ ကျောက်ဆောင်နှင့်တိုက်လို တိုက်၊ ဝဲဂယက်နှင့်တွေ့လိုတွေ့ ဖြစ်သွားရသည်။ သို့သော်လည်း သူ၏လူ့အကြောင်း လူ့အတ္တုပ္ပတ်များသည် ယနေ့ ယခုထက်တိုင် ပန်းပန်လျက်ပင် ရှိနေကြသည်။

ပါရဂူ
၁၅၊ ဒီဇင်ဘာ၊ ၁၉၉၉













ပီမိုးနင်း
အိုးဝေမဂ္ဂဇင်း
အတွဲ ၇၊ ၁၉၃၈


ပီမိုးနင်း
(၅။ နို၀င်ဘာ၊ ၁၈၈၃-၆၊ ဇန်နဝါရီ၊ ၁၉၄၀)

ပီမိုးနင်း

(၁)

စာရေးဆရာပီမိုးနင်၏အကြောင်းကို ရေးရမည်ကြံလျှင်ပင် ကျွန်တော့်စိတ်သည် ရွှံ့ညွှန်ထဲမှ ပေါက်လာသောကြာပင်တွင် ထွားထွား ဝေဝေ ပွင့်နေသည့်ကြာပွင့်တွင်းသို့ ပြေး၀င်​နားနေလေသည်။

အကြောင်းမူကား ပီမိုးနင်းသည် မထင်ရှားသော တောရွာတစ်ရွာ၊ မထင်ရှားသော အမျိုး၌ မွေးဖွား၍ မြန်မာပြည်ကို လွှမ်းကာ ကျော်ကြားလျက်ရှိသည်။ သောက်စားမူးယစ် ညစ်ညစ်ပေပေ အမြဲနေရာမှ အမျိုးသားအကျိုးဆောင်ရွက်သောမူရင်းဓာတ်သည် အစဉ်ပေါ်နေလျက်ရှိသည်။ သိမ်ဖျင်းသေးနုပ်သော အပြစ်ကလေးများကြားမှ ထိုအပြစ်များကို ပြည်ဖုံးကားချလိုက်သော မြန်မာ ပြည်လွတ်လပ်စေလိုသောစေတနာနှင့်နိုင်ငံခြားသားတို့ချုပ်ချယ်မှုကို မခံနိုင်သော သခင်စိတ်သည် ရွှင်လန်းမွှေးကြိုင်စွာ ပွင့်လျက် ရှိသည်။ ညစ်ညစ်ပတ်ပတ် ရေးလိုက်သောစာများကို အုပ်ကာ တကယ့်စာရေးဆရာစွမ်းရည်များသည် ပေါ်လွင်လျက် ရှိသည်။ စာပေါ့၊ စာပြောင်များတွင် အမြစ်စိုက်ကာ နက်နဲသော အကြံဉာဏ်၊ စူးရှသော လောကအမြင်သည် သန်စွမ်းစွာ ပေါက်ရောက်လျက်ရှိသည်။

သို့ကြောင့်လည်း ပီမိုးနင်းသေသောအခါ၌ ကျွန်တော်သာ အသုဘရှုစကားဆိုရလျှင် "ကျွန်တော့်စိတ်သည် ရွှံ့ညွှန်ထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေဝေပွင့်နေသည့်ကြာပန်းတွင်းသို့ ပြေး၀င်နားနေပါသည်" ဟုပြောရန် ရည်ရွယ်ထားပေသည်။

(၂)

ဆရာပီမိုးနင်း၏ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရေစိုနေပြီး အတော်ပင် ၀သည်။

သူသည် ကတုံးဘိုကေကလေးနှင့်ဖြစ်လေ၏။ အင်္ကျီလက်တို​ ကော်လာကလေးကို ၀တ်ထား၍ အပေါ်အင်္ကျီမပါ၊

ရခိုင်လုံချည်အနီနှင့်အစိမ်းကွက်ကို ၀တ်ဆင်ထားလေသည်။ လက်တစ်အုပ်ခန့်အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏တုတ်ခိုင်သော ခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်ရှိလေ၏။ သည်တုန်းက သူ့ရုပ်ကို ယခုထက်ထိမမေ့သေး။ ထိုအခါက သူ့ကိုဘယ်က တရုတ်ကပြားကြီးပါလိမ့်ဟုသာ အံ့ဩတွေးတောမိခဲ့၏။

ပဲရော့ ဦးဆန်နီကက "ဒါ ဆရာပီမိုးနင်းပဲ"ဟု ကျွန်တော်နှင့်မိတ်ဆက်လိုက်တော့မှ ငယ်ငယ်တုန်းက ခိုးကာ ပုန်းကာ စွဲခဲ့ရသော သဲမြညှာဆရာကြီးပင် ဖြစ်ကြောင်း သိရလေတော့သည်။

ဆရာပီမိုးနင်းကား မျက်နှာကိုမမော့ဘဲ၊ မျက်မှန်အောက်မှ မျက်ခွံနှင့်သူငယ်အိမ်ကို မြှင့်ပြီး ကျွန်တော့်အား ကြည့်၏။ နောက် ဟဲ ဟဲ ဟဲ ဟု ပြုံးရယ်ကာ ကျွန်တော့်အား အသိအမှတ်ပြု၏ နောက် သူသည် စာကိုပင် ဆက်ရေးနေလေသည်။

ဦးဆန်နီ၏စားပွဲပေါ်ရှိ ကြေးဆင်းတုရုပ်များ၏၀င်းပြောင်သောအရောင်သည်သော်လည်းကောင်း၊ ကျွန်တော်တို့တစ်တွေ ထိုင်နေကြ သောကုလားထိုင်အ ရောင်များသည်လည်းကောင်း၊ အခန်းကျောက်မှန်များ၏အရောင်သည်လည်းကောင်း ဆရာပီမိုးနင်းကို မဟပ်။ သူသည် အမြင်အားဖြင့် မတောက် ပြောင်ဆုံးသော လူတစ်ယောက် ဖြစ်၏။

(၃)

ကျွန်တော်သည် ပီမိုးနင်းကို ရင်းနှီးစွာ မဆည်းကပ်ဖူးသော်လည်း မောင်ဂိုမာရီလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း)တွင် တစ်ခန်းခြား ကပ်နေဖူးသဖြင့် သူ့နေပုံထိုင်ပုံကို အကဲခတ်ခွင့်ရလေသည်။

ဆရာသည် ကျွန်တော်တို့အခန်းရှေ့ အစုံသုပ်ဆိုင်၌ ခဏခဏထိုင်စားလေ့ရှိသည်။ တစ်ခါတစ်ရံ ထမင်းစားချိန်တွင် အစုံသုပ်စား၍ တစ်ခါတစ်ရံ ညဆိုင်သိမ်းခါနီးမှ စားလေ့ရှိသည်။ အိမ်တွင် ချက်ပြုတ်သောထမင်းဟင်းကို မယ်မယ်ရရ မစားဘဲ တရုတ်ဆိုင်က အစိမ်းကြော်နှင့်ထမင်းများကို ၀ယ်စားလေ့ရှိသည်။

တစ်ခါ သူ့အိမ်ခန်းသို့ ရောက်သွားသောအခါ ရင်လောက်မြင့်သော စင်ကလေးပေါ်တွင် ထမင်းပန်းကန်ကို ထားကာ မတ်တပ်ရပ်၍ တူကြီးနှင့်ထမင်းစားနေသည်ကို တွေ့ရလေသည်။ ထမင်းကို တစ်လုတ်သွတ်စားလိုက်၊ လမ်းလျှောက်လိုက်၊ လမ်းလျှောက်ရင်း ဝါးမျို လိုက်ဖြင့် စည်းစိမ်အကြီးဆုံးကို ခံနေလေသည်။

သူ့အခန်းကား မှောင်နေလေ၏။ ဖုန်အမှိုက်တို့ဖြင့် ညစ်ပေနေ၏။ ဧည့်ခန်းတွင် မိန်းမအင်္ကျီ၊ ယောက်ျားအင်္ကျီများမှာ ပုံလျက် ပုံလျက် ထားရာ ရှုပ်နေလေ၏။ အိမ်ရှေ့မှ ဓာတ်ရထားမောင်းသွားသောအခါ ငလျင်လှုပ်သကဲ့သို့ အိမ်မှာ တုန်လှုပ်သွား၏။ ဓာတ်ရထားဆူသံ မစဲမီ ဘတ်စ်ကား ပြေးသံမှာ ဆင့်တက်လာလေ၏။

ထိုအခါက ကျွန်တော်သည် ဆရာပီမိုးနင်း၏၀တ္ထုတစ်ခုတွင် ပါသော ဇင်းကျိုက်တောင်အနီးရှိ ဥယျာဉ်အိမ်ကလေးတစ်ခုကို ပြေးမြင် မိလေသည်။ ထိုအိမ်ကလေးသည် ညိုမှိုင်းသော တောင်တန်းကို မျှော်ကြည့်နေသည်။ ဘေးပတ်၀န်းကျင်မှာ စိမ်းစိုသော တောတစ်ခု ရှိ သည်။ အိမ်ရှင်မကား အသားဖြူဖြူ၀၀၊ ရုပ်ချော။ "မအံ့"ဆိုသူမိန်းမတစ်ဦးဖြစ်သည်။ သူကား လင်နှင့်ဖြစ်သည်။ အခြားလူပျို ကလေးတစ်ယောက်နှင့်ချစ်ကြိုက်ကြသည်။ "အင်း၊ ဒီနေရာကနေပြီး ဒီလို၀တ္ထုတွေးနိုင်တာ အံ့ပါရဲ့"ဟု ထိုစဉ်က ကျွန်တော်ချီးကျူး မိသည်။ "၀တ္ထုရေးဆရာတွေဟာ ငရဲကနေပြီး နတ်ပြည်အကြောင်း ရေးနိုင်ကြတာပဲ ထင်ပါရဲ့"ဟုတွေးနေဆဲ၊ သူ့မိန်းမ အပြင်ထွက် လာလေသည်။ သူ့မိန်းမ(ထိုစဉ်က မြဲနေသောမိန်းမ)ကား အသက်လည်း အတော်ကြီးပြီ။ ပိန်းလည်း ပိန်လှ၏။ လက်ကလေးများမှာ ကျီးခြေထောက်ကလေးများကဲ့သို့ (သဲမြညှာမှ မှတ်မိသောဥပမာ)အရိုးချည်းဖြစ်နေလေသည်။

"အဲ ငါသိပြီ၊ ဆရာကတော်ကို ကြည့်အားမရတိုင်း မအံ့ လို ဇာတ်လိုက်မင်းသမီးတွေကို ရေးထည့်နေတာ" ဟု ကျွန်တော်လည်း ယူဆ မိတော့သည်။

တစ်နေ့သော် ပီမိုးနင်းနှင့်သူ့ဇနီး လန်ခြားစီးပြီး ဘုရားသွားတူတူ၊ ကျောင်းသွားတူတူဝါဒဖြင့် ပျော်ပါးစွာ ပြန်လာသည်ကို ကျွန်တော် တို့ အခန်းရှေ့ ကပြင်ကလေးမှ မြင်လိုက်ရလေသည်။ သူတို့အိမ်ပေါ်တက်သွား၍ မကြာမီ အသက်ငယ်ငယ်၊ ၀၀ဖြူဖြူမိန်းမ တစ် ယောက်သည် အောက်​ကနေ၍ "ဆရာကျော်၊ ဆရာကျော်" ခေါ်လေသည်။ ပီမိုးနင်းကို အများက ဆရာကျော်ဟုသာ ခေါ်ကြသည်။

မကြာမီ ဆရာကြီးသည် ခါးပတ်စိမ်းကြီးပတ်လျက် ဆင်းလာလေသည်။ ထိုမိန်းမနှင့်ရယ်ကာပြုံးကာ ပြောဆိုပြီး လန်ခြားနှင့် ထွက် သွားကြလေသည်။

ကျွန်တော်လည်း အတွင်းသို့၀င်ကာ စာဖတ်၍နေလေသည်။ ထိုအခါက ကျွန်တော်မှာ စာရေးဆရာအဖြစ်ကို နမောတဿဆို၍ တောင်းခံဆဲဖြစ်လေသည်။ ထိုအခန်း၌ပင် ရေးသောစာတို့မှာ စာရေးဆရာတစ်ယောက်နှင့်တူသည် မတူသည်ကို မသိသော်လည်း နေရထိုင်ရသည်မှာကား စာရေးဆရာနှင့်တူလေသည်။

များစွာ ဆင်းရဲ၏၊ များစွာ အလုပ်လုပ်ရ၏။ များစွာကား ပျော်၏။

ည ကိုးနာရီလောက်တိုင်သောအခါ တစ်ဖက်ခန်းက ဆူသံပူသံကို ကြားရလေသည်။

"မလာခဲ့နဲ့၊ ရှင့်မယားငယ်နဲ့ ရှင်နေချည်"

"ဟေ့ ကောင်မ တိတ်၊ သိပ်စကား မများနဲ့"

"မတော်ဘူး အသေကောင်ကြီးရဲ့၊ မတော်ဘူး တဏှာရူးကြီးရဲ့ မတော်ဘူး၊ သွားမလာခဲ့နဲ့"

ယောက်ျားအသံမှာ ဆရာပီမိုးနင်း၏အသံဖြစ်သောကြောင့် ကျွန်တော်သည် ထသွား၏။ သူတို့ဘက်ဆီသို့ လှမ်းကြည့်နေလေ၏။ ဆရာ့အသံကား မူမမှန်။ မူးသံကြီး ပေါ်လျက်ရှိ၏။

"မယားငယ်တွေနဲ့ သွားနေပါ။ ပြည့်တန်ဆာတွေနဲ့သာ ရှင်နဲ့တော်တယ်"

'ကဲဗျာ" ခွပ်ခွပ်နှင့်အသံကြားနေရ၏။ ဆရာကြီးသည် ဗြုန်းဒိုင်းနှင့် ဆောင့်အောင့်ကာ ဆင်းလာလေ၏။ နောက် လန်ခြားပေါ်တက် ၏။ အိမ်ပေါ်က မိန်းမကား ငိုလျက် နောက်က ရန်ထောင်လိုက်၏။

'ဂျောင်း ဂျောင်း" ဟု လန်ခြားကုလားကိုနှင်ကာ ဆရာသည် ထွက်သွားလေ၏။ သူ့မိန်းမထိပ်တွင် သွေးရွှဲ၍ ကျန်ရစ်ခဲ့လေ၏။

ပီမိုးနင်းသည် ဂျာနယ်တိုက်တစ်တိုက်သို့သွားပြီး ရက်များစွာ နေလေ၏။ ထိုတိုက်တွင်ပင် ဖြစ်သလိုနေ၊ ဖြစ်သလို စား၊ ဖြစ်သလို အိပ်ကာ စာမှန်မှန်ရေးနေလေသည်။

(၄)

ဤကဲ့သို့ ရှုပ်ထွေးသော အိမ်တွင်းရေး ကိုယ်ရေးအဖြစ်မှနေ၍ (ဝါ) ညွှန်တွင်းမှနေ၍ ရှင်းပေလင်းပေဆိုသော စာများကို ရေးထုတ် လျက်နေသည်မှာ ပီမိုးနင်းအတွက် အဆန်းအသစ် မဟုတ်ပေ။

အခြားအခြားဘက်၌ ပီမိုးနင်းကို ချီးမွမ်းချင်သူ ချီးမွမ်း။ မချီးမွမ်းချင်သူနေ။ မြန်မာစာကို ရှင်းအောင် ရေးရာ၌ကား လူတိုင်းချီးမွမ်း ရမည်။ နက်နဲသောစိတ်ပညာကို လူအများနားလည်အောင် ပြတ်ပြတ်သားသား ရေးနိုင်သူကား သူတစ်ယောက်လောက်သာရှိသေး သည်။ စီးပွားရေး၊ ပညာရေး၊ တိုင်းရေး၊ ပြည်ရေး ဘာကိုပင်ရေးရေး ရှင်းလင်းနား၀င်လွယ်လှပေသည်။ ၀တ္ထုအရေး၌ကား ကွက် ကွက်ကွင်းကွင်း မျက်စိတွင်း ထင်းခနဲ ထင်းခနဲ မြင်လောက်အောင် ရေးသားနိုင်သည်ကိုကား အထူးဆိုဖို့မလိုချေ။ သူ၏ ရှင်းလင်း ပြတ်သားသော စာသည် ချိုသာညီညွှတ်သောအသွားဖြင့် လှပကောင်းမွန်သော အဓိပ္ပါယ်များကို အမြဲဆောင်နိုင်လေသည်။

သူသည် သူ့အိမ်တွင် ဘာဖြစ်ဖြစ်၊ သူ့ကိုယ်ရေး ဘယ်လိုနေနေ ဂရုမစိုက်။ စာကို ရေးဖို့သာ သူ ဂရုစိုက်၏။

ပထမဆုံးတွေ့စဉ်က စာရေးဆရာ နာမည်ကြီးများကို အခန်းတွင်းမှ စင်မြင့်ပေါ် ဆွဲတင်ချင်သော ဝါသနာအတိုင်း...

"ဆရာ၊ ကျွန်တော်တို့ ယူနီဗာစီတီကို တရားဟောကြွပါဆရာ" ဟုဖိတ်ခေါ်လေသည်။

"ဆရာတို့က အရေးသမားသက်သက်၊ အပြောမရဘူး၊ ပြောလည်း မပြောတတ်ဘူး။ ကျင့်ရင်လုပ်ရင်တော့ ဖြစ်ရမပေါ့ကွယ်" ဟု သူ ရေးနေကျ ဖြစ်ရမယ်ဟူသောအာဘော်နှင့်မဆန့်ကျင်ဘဲ ဖြေလေရာ...

"ဒါဖြင့် ကျင့်ပြောပါဦးဆရာ" ဟုတစ်ဖန် ​ဖိတ်ပြန်သည်။

"အဲဒီဘက်က ၀င်မတွင်ပါရပါစေနဲ့ တူမောင်ရာ"

ဆရာသည် သူ့အဆင်ခြင်ဖြင့် သူ့ဉာဏ်အလင်းပေါက်သည့်အတိုင်း လမ်းမဖဲ့ဘဲ ခရီးအမြဲသွားလျက် ရှိလေသည်။ သို့ကြောင်းလည်း လွန်ခဲ့သော အနှစ် ၂၀ မျှအတွင်း မြန်မာစာကို အများဆုံးရေးသူသုံးယောက်(လယ်တီပဏ္ဍိတဦးမောင်ကြီး၊ သခင်ကိုယ် တော်မှိုင်း၊ ပီမိုးနင်း)တွင် တစ်ယောက်အပါအ၀င် ဖြစ်လေသည်။

(၅)

ထိုနေ့ကား တိုးတက်ရေးမဂ္ဂဇင်းဦးစိန်က ရန်ကုန်မြို့ပြင်ဘက် ခြံတစ်ခြံတွင် စာရေးဆရာများကို ထမင်းကျွေးသောနေ့ဖြစ်လေသည်။

ဆရာဘီ၊ ဘကြီးစိန်း စသောရှေးဆရာကြီးများလည်း ပါသည်။ တက်ထွန်း၊ သိပ္ပံကျော်ထင် စသော၀တ္ထုရေးဆရာလေးများလည်း ရောက်ကြသည်။ ကျွန်တော်သည် ဆရာလွန်း(သခင်ကိုယ်တော်မှိုင်း)နှင့်ပီမိုးနင်းတို့အနီးတွင် ထိုင်လျက်ရှိလေသည်။

ထမင်းစားပြီးကြ၍ သစ်ပင်ရိပ်များတွင် ကုလားထိုင်များနှင့်ဝိုင်းဖွဲ့ကာ ထိုင်နေကြခြင်းဖြစ်လေသည်။ ငှက်ပျောရွက်ကြီးများကား အသာအယာတိုက်လျက် ရှိသောလေတွင် လှုပ်နေသည်။ စည်းရိုးမှ ပေါက်နေသော ဒန့်ဒလွန်ပင်မှ အပွင့်များသည် ကြွေကျလျက်ရှိ လေသည်။

ဆရာပီမိုးနင်းကား ယခုတစ်ကြိမ် အပေါ်အင်္ကျီနှင့်ဖြစ်၏။ ကတုံးကို ပြောင်အောင်ရိတ်ထားပြီး ပဝါနီကို ရစ်ထားလေသည်။ သူကား ခါတိုင်းထက် ၀၏။ မျက်နှာမှာလည်း နီနေ၏။

ကျွန်တော်တို့သည် မြန်မာပြည်၌ စာဖတ်သူ ပေါအောင် လုပ်ရန်၊ စာအုပ်ကောင်းများ ပေါ်လာရန် စဉ်းစားဆွေး​နွေးနေလေသည်။ စဉ်း စားရာမှ ၀တ္ထုအကြောင်းသို့ ရောက်သွားကြသည်။ ထိုလူစုတွင် ရှေးပညာရှိကြီးအချို့က ၀တ္ထုကို ကလေးကလားဟုထိပါးလိုက်ရာ ကျွန်တော်က ကန့်ကွက်ပြီး ၀တ္ထုဂုဏ်ကို ချီးကျူးလေသည်။ နောက်...

"ကျွန်တော် သဘောရတာဖြင့် မြတ်စွာဘုရားဟာ ၀တ္ထုရေးဆရာအဖြစ်နဲ့လည်း လောကအကျိုးကို အများကြီး ဆောင်ခဲ့တယ်ထင် တယ်" ဟုဆက်လိုက်ပြန်၏။

သို့ဖြင့် ဆွေးနွေးငြင်းခုံနေကြရာ ခပ်အေးအေးဖြစ်သွားလျှင် တစ်ယောက်တမ်း နှစ်ယောက်တမ်း စကားပြောနေကြလေ၏။ ထိုအခါ ဆရာလွန်းက ကွမ်းစားရင်း ဆရာပီမိုးနင်းကို ကြည့်ပြီး...

"ကိုယ့်လူမလည်း အရက်ဆီတွေလား၊ အမွဲဆီတွေလား တက်နေလို့ထင်ပါ့။ ၀လိုက်တာ ဖီးလို့။ တစ်နေ့တစ်ခြား တိုး၀နေပါပကော" ဟုပြောလိုက်၏။ ပီမိုးနင်းသည် အရက်ဆီဟု ဆိုသည်ကိုကား ဘာမျှမပြောဘဲ အမွဲဆီဟုပြောသည်ကိုကား ပြန်ချေ၏။

"မွဲတာတော့ မပြောနဲ့ဆရာ၊ သူများတွေ ဘယ်လိုချမ်းသာကြပါ့မလဲဆိုတာ အချိန်ရှိတိုင်း စဉ်းစား၊ စဉ်းစားရတိုင်းရေးနေလို့၊ ကိုယ် တိုင်ချမ်းသာအောင်လုပ်ဖို့ စဉ်းစားချိန်လည်း မရှိဘူး၊ လုပ်ချိန်လည်း မရှိဘူး"ဟု ပီမိုးနင်းက ဖြေရာ သခင်ကိုယ်တော်မှိုင်းကြီးသည် ကွမ်းသွေးထွေးပြီး တဟားဟား ရယ်နေလေ၏။ သူ့ကိုယ်သူလည်း တွေးမိဟန်ရှိ၏။

(၆)

ပီမိုးနင်းသည် သည်ဝါဒကို ဘယ်အခါကမျှ မစွန့်ခဲ့။ သူသည် တိုင်းပြည်ကို လိမ်လည်လှည့်ဖြားသောစာ ဘယ်အခါကမျှ မရေးခဲ့။ ဗြိတိ သျှအင်ပီရီယယ်လစ်အစိုးရကို ဘယ်တုန်းအခါကမျှ မချီးကျူးခဲ့။ နိုင်ငံခြားသားများ မြန်မာတစ်မျိုးလုံးကို သွေးစုပ်နေသည်။ နိုင်ရာ စားလုပ်နေသည်ကို ဘယ်အခါကမျှ မထောက်ခံခဲ့။ အယ်ဒီတာဘ၀ တစ်လလျှင် ၃၅၀ ကျပ် ကျော်ရစဉ်ကလည်း အမျိုးသားဘက်မှ ရေးခဲ့သည်။ တစ်လ သုံးလေးဆယ်၀င်တုန်းကလည်း တိုင်းပြည်ဘက်က ပါခဲ့သည်။ ​ဗန္ဓုလတုန်းကလည်း တိုင်းပြည် အကျိုးကိုသာ ရေးသည်။ မြန်မာ့အလင်းလေပွေကြီးအဖြစ်ဖြင့် ရေးစဉ်လည်း တိုင်းပြည်ဘက်ကသာ ရေးမြဲရေးသည်။ သူနေရာတွေ အများကြီး ပြောင်း၏။ သူ့နာမည်တွေ အမျိုးမျိုးလဲ၏။ သူ့နေရေးထိုင်ရေး အကျပ်အချောင် အဆင့်ဆင့်ကူး၏။ သူ့စိတ်၊ သူ့ အာဘော်၊ သူ့ဝါဒ ကား မပြောင်း။

ပီမိုးနင်းသည်ကား တကယ့်လူရိုးကြီး ဖြစ်၏။ သူတော်ကောင်းကြီး ဖြစ်တော့၏။

သူသောက်သည်။ သူသောက်သဖြင့် သူ့ဝါဒမပျက်။ သူသောက်သဖြင့် သူ့တာ၀န် မတိမ်း။ သူသောက်သဖြင့် တိုင်းပြည်အကျိုးမယုတ်။ သူသောက်၊ သူပျော်၊ သူထင်သလို နေသဖြင့် သူ့မှာ အကျိုးယုတ်ချင် ယုတ်မည်။ သူ့မှာ အကုသိုလ်တွေ ပွားချင် ပွားမည်။ သို့သော် အများအကျိုးတိုင်းပြည်အကျိုးကိုသာ ရှေးရှုသူမှန်သမျှသည် ကိုယ်ရေးကိုယ်တာကို ဂရုမစိုက်အား၊ တာ၀န်မထားနိုင်။

သို့ကြောင့် ကျွန်တော်ဆိုပြန်သည်။ ပီမိုးနင်းကား တကယ့်သူတော်ကောင်းကြီးပင်။

(၇)

ဆရာပီမိုးနင်းသည် မဖုံးမကွယ် သူပျော်သလိုနေပြီး ပင်ရင်းရည်ရွယ်ချက်ကြီးကိုသာ ဖြည့်ဆည်းနေသည်ကို ထောက်သဖြင့်လည်း ကောင်း၊ သူ့အရေးအသားများကို ကြည့်သဖြင့်လည်းကောင်း၊ ပုလင်းကို ထောင်၍ မိန်းမတွေကြားထဲ ပျော်နေပါးနေသော်လည်း လူရိုးဖြစ်နိုင်သေးသည်ကို သူယုံကြည်ဟန်ရှိလေသည်။

တစ်ခါသော် ကျွန်တော်နှင့်ခင်မင်ရင်းနှီးသူမိတ်ဆွေတစ်ဦးက ကျွန်တော့်အား သွေးကြီးသည်။ မာနကြီးသည်ဟုအပြစ်တင်လေရာ ထို မိတ်ဆွေ၏ထင်မြင်ချက်ကို ကျွန်တော်လေးစားသည်ဖြစ်၍ ကျွန်တော့်ကို ကျွန်တော် ရှင်းတမ်းရေး၍ ပီမိုးနင်းထံ ဆုံးဖြတ်ချက် တောင်းလေသည်။ ဆရာက ပထမစာနှစ်စောင် မြန်မာလိုရေး၍ ကျန်တစ်စောင်ကို အင်္ဂလိပ်လို ရေးလေသည်။

"So Long as one's conscience is clear there is nothing to worry about."

ကိုယ်ကောင်း ခေါင်းဘယ်မှမရွေ့ ဟုသဘောထားပြီး ဘာမျှဂရုမစိုက်ဘဲနေပါဟု စာအစဆုံးတွင် အကြံပေးလေသည်။ သူ့အကြံအတိုင်း သူလည်း လိုက်နာဟန် ရှိလေသည်။

အဆုံးတွင် "An honest man must not pretend to be a rouge or thief. He must proclaim to the world that he is honest and then become an example for others."

ရိုးသားသူတစ်ယောက်သည် လူယုတ်မာလိုလည်းကောင်း၊ သူခိုးလိုလည်းကောင်း အယောင်မဆောင်ရာ၊ သူရိုးကြောင်း ကမ္ဘာကို ကြေ ညာပြီး အများ၏စံတစ်ခုဖြစ်ပါစေဟုဆိုလေသည်။

ပီမိုးနင်း၏အကယ်ရိုးသားမှုသည် နားမလည်သူတို့အစွဲကြီးလှသော တစ်ကိုယ်ရေနှင့်သာသက်ဆိုင်သည့်အပြစ်ငယ်ကလေးများတွင် နစ်မြုပ်နေသဖြင့် ကျွန်တော် ယခုဖော်ပေသည်။ ဆရာပီမိုးနင်းကိုယ်တိုင်က ထင်ထင်ရှားရှား ဖွင့်မပြောသဖြင့် ကျွန်တော်က ဆရာ ပီမိုးနင်းသည် စံယူလောက်သော လူရိုးကြီးဖြစ်သည်ကို ကြွေးကြော်ပြီးသည်၏အဆုံး၌လည်း ကျွန်တော့်စိတ်သည် ရွှံ့ညွှန်ထဲမှ ပေါက် လာသော ကြာပင်တွင် ထွားထွားဝေဝေ ပွင့်နေသည့်ကြာပွင့်တွင်းသို့ ပြေး၀င်နားနေလျက်ပင် ရှိလေသတည်း။

မောင်သိန်းဖေ
(အိုးဝေမဂ္ဂဇင်း)
(အတွဲ ၇၊ ၁၉၃၈)




















ဆရာဦးဘချို
ဂျာနယ်ကျော်
အတွဲ ၉၊ အမှတ် ၈၊ ဩဂုတ် ၁၉၄၇

ဒီးဒုတ်ဦးဘချို
(၂၃၊ ဧပြီ၊ ၁၈၉၃-၁၉၊ ဇူလိုင်၊ ၁၉၄၇)

ဆရာဦးဘချို

(၁)

ခေါင်းပြတ်ပြီးမှ ဆံပင်အတွက် နှမြောရသလို ဖြစ်မှာ စိုးရိမ်မိသည်။ ကိုစောဦးက ဒီစာရေးဖို့ မပြောမီ ဆရာ့အတွက် သီးသန့်နှမြော စိတ် မဖြစ်ခဲ့။ အကြောင်းမူကား အမျိုးသားခေါင်းဆောင်များ ကျဆုံးခြင်းမှာ ခေါင်းတစ်ခေါင်းလုံး ပြတ်သွားသလို အထင်ရောက်စေ သောကြောင့် ဖြစ်ပါသည်။

(၂)

ဆရာ့အတွက် "စွယ်စုံ" ဆိုသောစကားသည် မလုံလောက်ပါ။

ဆရာ့ကို လူတွေက စာရေးဆရာအဖြစ်နှင့်အသိများ၏။ ဟိုး ဝေးလံသော တောရွာများမှနေ၍ 'ဒီးဒုတ်၊ ရန်ကုန်' ဆိုတဲ့လိပ်ကလေးကို သာ တပ်ပြီး ဆရာ့ထံ စာရေးကြပုံ၊ ပို့စ်မင်းကလည်း ဆရာ့ထံအရောက်ပို့နိုင်ပုံကို သတိရသေးသည်။ သို့သော် ဆရာ စာ ဘယ်နှစ်မျိုး ရေးသည်ကို သိသူနည်းလိမ့်မည်။ ဆရာကျဆုံးပြီးမှ ပထမဆုံးထွက်လာသော ဒီးဒုတ်ဂျာနယ်တွင်ပင် ဆရာ့စာ သုံးမျိုးပါသေးသည်။ ပြည်တွင်းရေး၊ ဆယ်လန်နှင့်အာဝါးနှင့်ဒီးဒုတ်စာတိုက်ခန်းတို့ကား၊ ဆရာ့နောက်ဆုံးလက်ရာများဖြစ်သည်။ ၀န်ကြီးလုပ်၍ အလုပ် ရှုပ်နေသည့်အထဲ စာတွေ သည်လောက်ရေးနိုင်မည်ဟု စိတ်ကူးမရခဲ့၊ (ပြည်တွင်းရေးခန်းတွင် လုပ်ကြံမှုကြီးကို နိမိတ်ဖတ်ထားသည်) ဆရာဦးဘချိုသည် တစ်ခါတစ်ခါ ဂျာနယ်တစ်ခုလုံး သူတစ်ယောက်တည်း ရေး၏။ တောက်တိုမယ်ရ သတင်းအတိုအထွာကမကျန် ကိုယ်တိုင်ရေးလေ့ရှိ၏။ ဆရာသည် စကားပြေအမျိုးမျိုးကိုသာမက၊ ကဗျာအမျိုးမျိုးကို ထည့်ရေး၏၊ တစ်ခါက ရွှေတိဂုံဘုရားလူကြီး များက ကုန်းတော်ပေါ်မှ ခွေးများကို ဖမ်းပြီး အဝေးသို့​ပို့သောအခါ၊ ခွေးအိုင်ချင်းရေးရာ အတော် ပင်ထင်ရှား​ခဲ့လေသည်။

ဆရာဦးဘချိုသည် ဆေးကျမ်း၊ အဂ္ဂရိတ်၊ ဗေဒင်နက္ခတ်၊ ရာဇ၀င်သမိုင်း၊ စာပေ၊ အဘိဓမ္မာတို့အပြင်၊ ခေတ်ပေါ်ပညာအမျိုးမျိုးကို လည်း ကျေကျေနိုင်နိုင်ကြီး တတ်ပေသည်။ ပန်းချီပညာကို လေ့လာဖူး၍ ထိုပညာအကြောင်း သင်တန်းပေးနိုင်သည်။ ရုပ်ရှင်လုပ်ငန်း တွင် ၀င်လုပ်ဖူးသည်။ ဓာတ်ပုံအ​ကြောင်း ကောင်းကောင်းသိသည်။

မြန်မာဂီတကို ခေတ်မီနည်းများနှင့်ပြန့်ပွားအောင် လုပ်ခဲ့သည်။ သူကိုယ်တိုင် စောင်းကောက်ကိုသာ တီးတတ်သော်လည်း ဘယ်တူရိ ယာကိုမဆို အကျိုးအကြောင်း ရှင်းပြနိုင်သည်။ ဝေဖန်နိုင်သည်။ ဥပမာ ​- ကြေးနောင်ဝိုင်းအကြောင်းမေးလျှင် ဘယ်နှလုံးရှိ၍ ဘယ် နှသံတီးနိုင်သည်။ ဘယ်တုန်းက ပေါ်သည် စသည်ဖြင့် ဘယ်သူ့ဆီကမျှ မကြားဖူးတာ ဆရာ့ထံမှ ကြားနိုင်သည်။ ထို့ကြောင့်လည်း ဂီတပညာသည်အပေါင်းက သူ့ကို ဆရာလို့ပင်ခေါ်ကြသည်။

ဆရာသည် ၀တ္ထုတို၊ ၀တ္ထုရှည်များကို "စံပယ်" ဟူသောအမည်ဖြင့် ရေးသားဖူးသည်။

အင်္ဂလိပ်မဂ္ဂဇင်း ဂျာနယ်အမျိုးမျိုးနှင့်ကမ္ဘာ့စာပေအမျိုးမျိုးကို ဖတ်ရှုလေ့လာပြီး၊ နိုင်ငံတကာအရေးအရာတွင် ခေတ်မီအောင် လုပ် သည်။

ဆရာသည် လောကဓာတ်ပညာကို ကျကျနနတတ်ရုံမက၊ လက်တွေ့လည်း လုပ်တတ်သည်။ ၁၉၂၀-၂၄ ဆီတုန်းက (အမျိုးသား)နေရှင် နယ်ကောလိပ်တွင် ဆရာလုပ်ရရာ၊ စားစရာမပြည့်စုံသဖြင့် ဆရာသည် ကော့စ်မတစ်ရေမွှေးဆပ်ပြာစသည်များကို ကိုယ်တိုင်လုပ်ပြီး ရောင်းဖူးသည်။ ပထမဆုံးဗမာဖြစ် ကော့စ်မတစ်ဟု ဆရာက ပြောဖူးသည်။

ဆရာသည် စကားပြောလည်း အလွန်ကောင်းသည်။ တစ်ခါက ကိုးထပ်ကြီးတန်ဆောင်းတွင် ဆရာတော်ဦး​​ဉေယျနှင့်ဆရာချိုတို့ တရားဟော​ကြသည်။ ထိုသို့ ဦး​ဉေယျနှင့်ယှဉ်နားထောင်ရတော့မှ ဆရာသည် မည်မျှအာစောင်းထက်သည်ကို အကဲဖြတ်မိတော့သည်။

ထို့ကြောင့်လည်း ကျွန်တော်ဆိုခဲ့သည်။

ဆရာ့အတွက် "စွယ်စုံ"ဆိုသောစကားမှာ မလုံလောက်ပါ။

(၃)

ဆရာသည် ပညာသည်များကို ဖော်ထုတ်သည်။ မြှင့်တင်သည်။ ပူဇော်သည်။

ဆရာပီမိုးနင်းသည် စာရေးဆရာအဖြစ်ဖြင့် အထွတ်အထိပ်ရောက်ခြင်းမှာ "သဲမြညှာ" ၀တ္ထုကိုရေးသဖြင့် ဖြစ်သည်။ "သဲမြညှာ" ကို ရေးရန် ဆရာဦးဘချိုက စေ့ဆော်ခဲ့သည်။ "သဲမြညှာ" ကို ဆရာဦးဘချို ပထမဦးဆုံးပုံနှိပ်ထုတ်ဝေသည်။

ပန်းချီဆရာဦးဘဉာဏ် ဘိလပ်က ပြန်ရောက်ခါစက ပေါ်လွင်ထင်ရှားခြင်း မရှိ။ ဆရာချိုသည် ပန်းချီအသင်း တည်ထောင်ပြီး သူ ကိုယ်တိုင် ဥက္ကဌလုပ်ကာ ဦးဘဉာဏ်ကို ပွဲထုတ်ခဲ့ရသည်။ ဦးဘဉာဏ်၏ပန်းချီကားများကို ပြပွဲလုပ်ပေးခဲ့သည်။

မြန်မာပြည် သုတေသနအသင်းက သီချင်းကြီးဟောင်းများကို ဓာတ်ပြားသွင်းခဲ့၏။ သီချင်းရွေးခြင်း၊ အဆိုရွေးခြင်း၊ အတီးရွေးခြင်း၊ နောက်ဆုံး နရီတိုက်ခြင်းတို့မှာပင် ဆရာချိုကိုယ်တိုင် ကြီးကြပ်ခေါင်းဆောင်ခဲ့၏။

မဝေးလှသေးသောရှေးကပင် ရတနာပုံမန်းရွှေမြို့တော်သည် ဂီတအနုပညာ၏ဗဟိုဖြစ်ခဲ့သည်။ နောက်မှ တစ်စတစ်စ ဂီတအနုပညာ လည်း ရန်ကုန်သို့ပြောင်းရွှေ့ခဲ့ရ၏။ သို့သော် နာမည်ကျော်ပညာသည်များသည် မြို့တော်သစ်သို့ မလာကြဘဲ ချောင်ခို၍နေခဲ့ကြသည်။ ဆရာချို၏ကျေးဇူးကြောင့်သာ ဣန္ဒာဒေ၀ဆရာဦးမောင်ကြီးနှင့်တပည့်များသည် မြို့တော်သစ်ကို မြန်မာ့ယဉ်ကျေးမှုအမွေရသည်တို့ ဖြင့် ကြွယ်၀စေနိုင်ခဲ့သည်။ သီပေါဟော်ကိုသာ အပျော်တော်ဆက်နေခဲ့ရသော ဒေါ်စောမြအေးကြည်သည်လည်း တစ်ပြည်လုံးကို ကြည်ပြုံးစေနိုင်ခွင့်ရခဲ့သည်။ စိန်ကတုံးကွယ်လွန်ပြီးနောက် တိမ်မြုပ်သွားတော့မည်ရှိနေသော ဒေါ်ညွှန့်(ဒေလီညွှန့်)သည်လည်း ဆရာချို၏ပယောဂဖြင့် အဆိုဆရာတစ်ဆူအဖြစ်ဖြင့် နောက်လူတို့၏ချီးမြှောက်ခြင်းခံနေရသည်။

တစ်နေ့က ဆရာ့အတွက် ရက်လည်ဆွမ်းကျွေးသည်။ ကျွန်တော်ရောက်လျှင်ရောက်ချင်း ဒေါ်ညွှန့်ကြီးက မျက်ရည်စက်လက်ဖြင့် ဆီး ကြိုနေသည်။ ဒေါ်ညွှန့်ကို ကြည့်ပြီး ဟိုဆယ်နှစ်ကျော်က ဆရာ့အိမ်မှာ တွေ့နေကျ၊ ထမင်းအတူစားနေကျ၊ ဘိလပ်ပြန် စောင်းဆရာ ဆရာငြိမ်း၊ တယောဆရာ ကိုဘသန်းနှင့်သီချင်းဆိုတတ်စ မတင်လျကလေးတို့ပါမကျန် တသီတတန်းကြီး ပြေး၍ သတိရမိသည်။ သူတို့တစ်တွေလည်း ဒေါ်ညွှန့်ကြီးလို မျက်ရည်စို့နေကြပေလိမ့်မည်။

(၄)

ဆရာနှင့်ကျွန်တော် နိုင်ငံရေးသမားအဖြစ်ဖြင့် ဘယ်တုန်းကမျှ သဘောညီညွှတ်မှု မရှိခဲ့ကြ။ တွေ့ခါစက ဆရာက ဖေဘီယံ၊ ကျွန်တော် က သခင်။ နောက်ဆုံးတွေ့ကြတော့ ဆရာက ဖဆပလ၊ ကျွန်တော်က ကွန်မြူနစ်။ ဆရာနှင့်ကျွန်တော်သည် သဘောကွဲလွဲရုံမက ထုတ် ၍လည်း ရန်ဖြစ်လေ့ရှိသည်။ မကြာခဏ ဒေါ်ဒေါ်က ဖျဉ်ပေးရသည်။

သို့သော် တစ်ယောက်နှင့်တစ်ယောက်၊ မျိုးချစ်စိတ်တွင်လည်းကောင်း၊ ရိုးသားမှုတွင်လည်းကောင်း ခြွင်းချက်မရှိ ယုံကြသည်။

ထို့ပြင် ဆရာ့ကို ပြည်တွင်းရေးမှာ လက်ယာဘက်သားဟု ကျွန်တော်ယူဆထားသော်လည်း ပြည်ပရေး၌ လက်ဝဲဘက်သားအဖြစ်ဖြင့် တွေ့ရသည်။ မြန်မာပြည်တွင် ဖက်ဆစ်ဆန့်ကျင်ရေး(အထူးသဖြင့် ဂျပန်ဆန့်ကျင်ရေး)ကို ပထမဆုံးလုပ်သူမှာ ဆရာချို ဖြစ်သည်။ စစ်မဖြစ်မီက ဆရာ့ကို လူတွေက တရားအားထုတ်သူ (တရုတ်အားထားသူ)ဟု ပြက်ရယ်ပြုကြသည်။ စစ်ပြီးသောအခါ ဆရာသည် တရုတ်ပြည်ရေး၌ ကွန်မြူနစ်နှင့်ဒီမိုကရက်များဘက်မှ မားမားမတ်မတ်ရှိနေသည်ကို တွေ့ရပြန်သည်။ ဆရာနှင့်ကျွန်တော်ကား ဖက်ဆစ်ဆန့်ကျင်ရေးတွင် ဘယ်တုန်းကမျှ သဘောမကွဲလွဲ၊ အလုပ်တူလည်း လုပ်ခဲ့ကြပေ၏။ သို့ကြောင့်လည်း တစ်နေ့တွင် ဖက်ဆစ် ဖြစ်လာသော အင်္ဂလိပ်အမေရိကန်နယ်ချဲ့သမားကို ဆန့်ကျင်ရာ၌ အလုပ်တူလုပ်ရဦးမည်ဟုဆရာနှင့် ကျွန်တော်ယုံကြည်မှုရှိပေသည်။

(၅)

လွန်ခဲ့သောဆယ့်နှစ်နှစ်ကျော်ကျော်က ဆရာနှင့်ကျွန်တော် ရွှေတိဂုံဘုရားသို့ ညတိုင်းသွားလေ့ရှိသည်။ လက်ဦးတွင် ဆရာ့ကားဟောင်း ကြီးနှင့် နောက်သော် အထူးငှားထားသော လန်ခြားနှင့်။ ဘုရားပေါ်တက်သည်ဆိုလျှင် ပန်းသည်တွေက ပန်းတွေ လောင်းကြသည်။ ဆရာနှင့်ကျွန်တော်က သူတို့လောင်း​ကြသောပန်းများကို ခံယူကာ ဘုရားတွင်ကပ်ရသည်။ ဘုရားတစ်ဝိုက်လုံး ဆရာ့အား "ဆရာလေး" ဟုခေါ်ကြသည်။

ယနေ့ ပန်းသည်တို့သည် "ဆရာလေး" အား ပန်းမလောင်းနိုင်တော့။ ပန်းခွေတွေသာ သွားပုံကြပေလိမ့်မည်။

ဆရာ့အား ပန်းသည်တွေ ခင်မင်သ​လို ဆင်းရဲသူဆင်းရဲသားထဲမှ ခင်မင်သူတွေ အနန္တရှိ၏။

ဆရာ့ကို မခင်မင်ဘဲ မနေနိုင်။ ဆရာသည် လူတိုင်း​အပေါ် စေတနာကောင်း၏။ အငြိုးအာဃာတလည်း မထားတတ်။

ဆရာသည် ၁၉၂၇-၂၈ ဆီက ဒီးဒုတ်ဂျာနယ်ဖြင့် ဝင်ငွေ တစ်လ ၃၀၀၀ ကျပ်ကျော်ရှိဖူး၏။ သို့သော် ဘယ်တော့မျှ ကြွေးမကင်း။ ပေး ကမ်းခြင်းက ပို၍သာ နေတတ်သည်။ နောက်ဆုံး ၀န်ကြီးဖြစ်စဉ်ကလည်း ချောင်ချောင်လည်လည် မရှိ။ ရက်ရောမှုနှင့်ပတ်သက်၍ ဒေါသဖြစ်စရာပင် ကောင်း၏။ ပုံနှိပ်တိုက်ကိစ္စ အိမ်တွင်းကိစ္စ အပူတပြင်းလို၍ ငွေချေးရ၏။ ချေးထားသောငွေကို တောင်းသူပေါ်လာ လျှင် ပေးပစ်လေ့ရှိ၏။ ထို့ကြောင့် ဒေါ်ဒေါ်နှင့်တကျက်ကျက် ရန်ဖြစ်ရင် ကျွန်တော်စသော ရင်းနှီးသူတို့နှင့်တကျက် ကျက်ရန်ဖြစ်ရ၏။ တစ်ခါက ဆရာ့အလုပ်အတွက် ငွေရှာလာ​၏။ ထိုငွေကို လိုနေသောအလုပ်တွင် မသုံးဘဲ တောင်းလာသူကို ဆရာချိုပေးပစ်ဖူး၏။

(၆)

ဆရာသည် အအိပ်နည်း၏။ အစားနည်း၏။ စာဖတ်ရာ စာရေးရာ၌ အလွန်သမာဓိကောင်း၏။ တစ်ဖက်တွင် တီးမှုတ်နေသူကို ညွှန် ကြား၍ အခြားတစ်ဖက်တွင် စာဖတ်နိုင်သည်။ စာရေးနိုင်သည်။ စက်တင်ဘာလတုန်းက ရာထူးယူရေး မယူရေးကို ဗိုလ်ချုပ်အိမ်တွင် ဖဆပလအမှုဆောင်ဆွေး​နွေးကြသည်။ ကြိုးကြား၌ ဆရာသည် စာရေးနေသည်ကို တွေ့ရ၍ "ဘာတွေရေးနေသလဲဆရာ" ဟုမေးရာ "ဒီးဒုတ်အတွက် မပြီးတာလေးတွေ ရေးနေတယ်"ဟုဖြေလေသည်။ ဆရာနှင့်ပတ်သက်၍ အံ့ဩစရာကလေးတွေကား တွေ့ပြီးရင်း တွေ့ခြင်းပင်။

ဆရာသည် အလုပ်ကို စီးပွားရေးအလုပ်လို မလုပ်။ အားနာမှုကလည်း အလွန်၊ ရက်ရောမှုကလည်း ကဲ။

ထို့ကြောင့်လည်း ဒေါ်ဒေါ်နှင့်ခဏခဏ ရန်ဖြစ်ရတတ်သည်။ ဟိုတုန်းက ဒေါ်ဒေါ်သည် ဆရာနှင့်စိတ်ဆိုးတိုင်း သူ့သမီး နုနုနှင့်အနီကို ခေါ်ကာ ဗဟန်းဇရပ်တစ်ခုသို့ သွားနေလေ့ရှိသည်။ ကျွန်တော် ခဏခဏပြန်ခေါ်ရသည်။ နုနုနှင့်အနီကား အမေ့သမီးများဖြစ်၍ ဘိုမနှင့် အမာပုကား အဖေ့သမီးများဖြစ်သည်။ အမေ့သမီးများကား ဂျပန်ခေတ်က ကွယ်လွန်သွားရှာကြသည်။

ဆရာမကျဆုံးမီ အရက် ၂၀ လောက်က ဆရာတို့ထံရောက်သွားသည်။ ဆရာနှင့်ဒေါ်ဒေါ် စကားမပြောကြောင်း၊ ဒေါ်ဒေါ်ထံမှသိရသဖြင့် ဆရာ့အားမေးရာ "မောင်သိန်းဖေရာ မင်းဒေါ်ဒေါ် သည်လိုချည်းပဲ"ဟုပြောပြီး ကျွန်တော် ကောင်းကောင်းမကြားရသောစကားများကို တတွတ်တွတ်ပြောပြီးနေသည်။

ယခု ဆရာ ကျဆုံးသွားပြီ။ ဒေါ်ဒေါ်နှင့်စကားပြောမှ ပြောသွားပါလေစ။ သို့သော် ကျွန်တော့်မှာ ဒေါ်ဒေါ့်ကိုကား မမေးရက်။

ဆရာသည် ကွယ်လွန်သူသမီးနှစ်ယောက်ထံသို့ လိုက်သွားပြီ။ ဒေါ်ဒေါ်ကား ပုတီးတစ်ကုံးနှင့်ကျန်သူသမီးနှစ်ယောက်ကိုသာ အဖော်ပြု နေရရှာပြီ။


တက်ဘုန်းကြီး သိန်းဖေ
၉၊ ဩဂုတ်၊ ၁၉၄၇
(ဂျာနယ်ကျော် အတွဲ ၉၊ အမှတ် ၈၊ ဩဂုတ်၊ ၁၉၄၇)























ဇာတ်ဆရာဦးဖိုးစိန်
မြန်မာ့အလင်းသတင်းစာ
၄၊ ဖေဖေါ်​ဝါရီ၊ ၁၉၅၂ နှင့် ၁၁၊ ဖေဖေါ်ဝါရီ၊ ၁၉၅၂


ဦးဖိုးစိန်
(၁၇၊ ဧပြီ၊ ၁၈၈၂-၂၂၊ ဒီဇင်ဘာ၊ ၁၉၅၂)

ဇာတ်ဆရာဦးဖိုးစိန်

(၁)

ဦးဖိုးစိန်၊ ဇာတ်ဆရာဦးဖိုးစိန်၊ ဘုရားဒကာဦးဖိုးစိန်၊ ဦးဖိုးစိန်ကား မကြာမီ အသက် ၇၀ ပြည့်တော့မည်။ ဦးဖိုးစိန်သည် လွန်ခဲ့သော အနှစ် ၅၀ ကျော်လုံးလုံး မြန်မာ့ဇာတ်သဘင်၏သရဖူ ဖြစ်နေခဲ့၏။

ဦးဖိုးစိန်သည် လွန်ခဲ့သောနှစ် ၅၀ ကျော်လုံးလုံး မြန်မာ့ယဉ်ကျေးမှုလောကတွင် အတောက်ပြောင်ဆုံးသော ကြယ်တစ်လုံး ဖြစ်ခဲ့၏။

ဦးဖိုးစိန်သည် လွန်ခဲ့သော အနှစ် ၅၀ ကျော်လုံးလုံး အဆက်မပြတ်ထင်ရှားကျော်ကြားသဖြင့် နာမည်အ​ကြီးဆုံးမြန်မာတစ်ယောက် ဖြစ် ၏။ မြန်မာထဲတွင် သူ့လောက် နာမည်ကြီးသူ အလွန်ရှားပေသည်။ လက်​ချိုးရေလျှင် လက်တစ်ဖက်ပင် ကုန်နိုင်ဖွယ်မရှိ။

ဦးဖိုးစိန်ဆိုလျှင် လူတိုင်းက မေတ္တာထားကြသည်။ ဘတ်စ်ကားသမားက ဦးဖိုးစိန်၏ဇာတ်ပစ္စည်းတင်ပို့ပါဆိုလျှင် စျေးပေါပေါနှင့်ပို့ သည်။ ယနေ့တိုင် ဦးဖိုးစိန်ကြီး သ​​င်းဘောပေါ်က ဆင်းသည်ဆိုလျှင် ကုန်တင်ကုန်ချကူလီက လမ်းဖယ်ပေးသည်။ လမ်းလုပ်ပေးသည်။ ကူလီခ လျှော့ယူကြသည်။ ဤအချက်သည် ဦးဖိုးစိန်အား ပြည်သူက မေတ္တာထားပုံကို ပြရုံမက ပြည်သူက ဇာတ်သဘင်စသောအနုပညာ ကို မည်မျှ ချစ်မြတ်နိုးကြောင်း သရုပ်ဆောင်ခြင်းဖြစ်သည်။

မျောက်ကလေး အကတတ်လျှင် မျောက်ဖိုးစိန်ဟုခေါ်လိုက်ကြသည်။ တစ်ယောက်ယောက် အကအဆိုကောင်းလျှင် ဖိုးစိန်ကွဟု ဩဘာ ပေးကြသည်။ ဖိုးစိန်သည် အက အဆို ဇာတ်သဘင်စသော စကားများကို အစားထိုးနိုင်သော ဝေါဟာရသစ်ဖြစ်လာခဲ့သည်။ ဤမျှသာမ ကသေး၊ မြန်မာလို ရည်ရည်မွန်မွန် ရှိသောကုလားကို ကုလားဖိုးစိန်ဟုခေါ်တတ်ကြသည်။ ဖိုးစိန်သည် မြန်မာ့အရည်အသွေးကို အဓိပ္ပါယ် ဖော်နိုင်စွမ်းရှိသည့်ဝေါဟာရသစ် ဖြစ်လာခဲ့သည်။

ကျွန်တော်သည် ဦးဖိုးစိန်၏ဇာတ်ပွဲများကို များများမကြည့်ဖူးပါ။ စစ်မဖြစ်မီက နှစ်ကြိမ် ကြည့်ဖူး၏။ သို့ရာတွင် ဦးဖိုးစိန် အတက်ဆုံး အချိန်တွင် ကြည့်ရခြင်းမဟုတ်။ အမှန်အားဖြင့် ကျချိန်တွင် ကြည့်ရခြင်းဖြစ်လေသည်။ ၄င်းပြင် ကျွန်တော်သည် အသက် ၁၅ နှစ် လောက်တုန်းက စိန်ကတုံးကို ကြည့်ရပြီး စွဲထားသဖြင့် စိန်ကတုံးစွဲရှိလေသည်။ ထို့ကြောင့် ကျွန်တော့်အဖို့ဆိုလျှင် ဖိုးစိန်ကား အသည်း စွဲမဟုတ်ခဲ့ပါ။ ဖိုးစိန်သည် ကျွန်တော့်အသည်းစွဲဖြစ်အောင် အစဖော်ပေးသူမှာ သခင်နုဖြစ်လေသည်။

၁၉၃၇ ခုနှစ်လောက်တွင် ကျွန်တော်သည် ဆရာလွန်း(သခင်ကိုယ်တော်မှိုင်း)၏အတ္ထုပ္ပတ္တိကို ရေးသားပြီးစီးလေရာ သခင်နုက ဦးဖိုးစိန် ၏အတ္ထုပ္ပတ္တိကို ရေးရန် တိုက်တွန်းလေသည်။ ကျွန်တော်က ဦးဖိုးစိန်က ဘာကောင်းလို့ကျော်နေတာလဲ​ဗျဟုမေးမိရာ သခင်နုက မင်း ဘာသာ လေ့လာယူ၊ လာလိုက်ခဲ့ဟုဆိုပြီး ဦးဖိုးစိန်ထံသို့ခေါ်သွားလေသည်။ ကျွန်တော်ကား သခင်နုလောက် ဦးဖိုးစိန်အတွက် စိတ်အား ထက်သန်ခြင်း မဖြစ်ချေ။ သို့ရာတွင် ထိုစဉ်က သခင်နုနှင့်ကျွန်တော်တို့၏ဆက်ဆံရေးမှာ အစ်ကိုအကြီးဆုံး နှင့်ညီအထွေးဆုံး ဆက်ဆံ ရေးလိုဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် နောက်ထပ် ဆင်ခြေဆင်လက် အတွန့်တက်နေသေးသော်လည်း ကိုယ်တိုင်ကမူ သခင်နု နှင့်အတူ ဦးဖိုးစိန်ထံပါသွားပါလေသည်။

ဦးဖိုးစိန်သည် ဂျူဗလီဟောတွင် ပွဲကလျက်ရှိလေသည်။ ဂျူဗလီဟောအပေါက်၀တွင် ဦးဖိုးစိန်၏ဇနီးသည် ငွေဖလားကြီးကိုင်လျက် ရုံ၀င်လက်မှတ်များကို သိမ်းလျက်ရှိ၏။ သခင်နုသည် ၄င်းအားသွားပြောပြီး ကျွန်တော်တို့သည် ဇာတ်စင်ပေါ်သို့တက်သွားကြသည်။

ပထမဆုံး အနီးကပ်၍ မြင်ရသော ဦးဖိုးစိန်ကို ယနေ့တိုင် ကျွန်တော်မှတ်မိသေး၏။ ကားလိပ်များ နောက်ကွယ်မှာ သခင်နုက ကျွန် တော့်အား ဦးဖိုးစိန်နှင့်မိတ်ဆက်ပေးပါသည်။ ထိုစဉ်က ဦးဖိုးစိန်မှာ အသက် ၅၅ နှစ်ကျော်လေပြီ၊။ ပင်စင်ယူသောအသက်ဖြစ်သဖြင့် ဦးဖိုးစိန်သည် အတော်ပင် နဲ့နေပေလိမ့်မည်ဟုကျွန်တော်ထင်ခဲ့၏။ ကျွန်တော့်ရှေ့ရှိ ဦးဖိုးစိန်ကား ဇာတ်မင်းသားအ၀တ်အစား ဆင်ပြီး သား ဖြစ်ရုံမက တစ်ချီကပြီး ၀င်လာခါစ ဖြစ်လေသည်။ နဖူးပြင်တွင် မျက်နှာချေမှ စိမ့်ယိုထွက်နေသော ချွေးသီးချွေး ပေါက်များကိုပင် မြင်နေရ၏။ တွန့်သောအရေများကိုလည်း ရေးရေးမြင်နိုင်သည်။ သို့ရာတွင် ဦးဖိုးစိန်တွင် နဲ့သောအမူအရာကား လုံး၀မရှိ။ လူငယ် ကလေးလိုပင် ဖျတ်ဖျတ်လတ်လတ်နိုင်လှသဖြင့် ကျွန်တော့်မှာ အံ့ဩ၍ မဆုံးဖြစ်နေလေသည်။ အခုအရွယ် ရောက်တောင် ကနိုင်တုန်း နော်ဟု ကျွန်တော်က တအံ့တဩပြောလေရာ ဦးဖိုးစိန်က ကနေရမှ လှုပ်ရှားနေရမှ ကျန်းမာတယ်ဟုပြောလေသည်။ မှန်ပေသည်။ က ခြင်းသည် ကျန်းမာရေးလေ့ကျင့်ခန်းတစ်မျိုးပင်။ ၄င်းနောက် သူ့သားနှင့်တကွသောလူငယ်များ သူ့လိုဇွဲမရှိခြင်းကို ညည်းညူလေသည်။

ကျွန်တော်သည် ဤတစ်ချက်ဖြင့်ပင် ဦးဖိုးစိန်အတွက် စိတ်အားထက်သန်မှု သခင်နုနီးပါးရှိလာလေတော့သည်။ အစီအစဉ်မှာ ဦးဖိုးစိန် ၏အတ္ထုပ္ပတ္တိကိုမရေးမီ ဦးဖိုးစိန်အား အဘက်ဘက်မှ လေ့လာရန်ဖြစ်၏။ ဘယ်နေ့မွေး၊ ဘယ်မှာစာသင်ဆိုသည့်အချက်တွေထက် ဦးဖိုး စိန်၏အနုပညာမှာ ဘယ်သို့၊ ဦးဖိုးစိန်ဇာတ်အုပ်စီးပုံ၊ ဦးဖိုးစိန်၏လူမှုဆက်ဆံရေး စသည်များကို အထူးထား၍ ဖော်ထုတ်ရန် ဖြစ်လေ သည်။ ထို့ကြောင့် ဦးဖိုးစိန်ဇာတ်နှင့်နယ်များသို့ ကျွန်တော်ကိုယ်တိုင် အတော်ကြာလိုက်ပါသွားရန် ဆုံးဖြတ်ကြ၏။

နောက်မကြာမီ ၁၃၀၀ ပြည့်အရေးများ ပေါ်လာသည်။ ၄င်းနောက် ဒုတိယကမ္ဘာစစ်ဖြစ်လာလေသည်။ မြန်မာပြည်သို့ပင် ဒုတိယကမ္ဘာ စစ်ကြီး ကူးစက်လာခဲ့၏။ ကျွန်တော်နှင့်သခင်နုတို့လည်း နိုင်ငံရေးလှိုင်းတံပိုး၏ပုတ်ခတ်ချက်ကြောင့် ဦးဖိုးစိန်နှင့်ဝေးရာသို့သာ မျော ပါသွားခဲ့ကြလေကုန်သည်။ သို့ရာတွင် ဦးဖိုးစိန်အကြောင်းရေးရန်ကိုကား မမေ့ခဲ့ပါ။

ထို့အ​ပြင် နိုင်ငံရေးလုပ်လေလေ၊ တိုင်းပြည်တွင် နိုင်ငံရေး၊ စီးပွားရေးတို့အရေးကြီးသလို ယဉ်ကျေးမှုအရေးကြီးကြောင်း သိလေဖြစ်ပေ ရာ နိုင်ငံရေးတိုက်ပွဲများကြားမှာ လက်မလည်အောင် ဖြစ်နေသည့်အခါဖြစ်စေ၊ နိုင်ငံရေးတိုက်ပွဲခပ်အေးအေးဖြစ်နေ၍ လက်အားနေ သည့်အခါမှာဖြစ်စေ ကျွန်တော်သည် ယဉ်ကျေးမှုခေါ်သံသို့နားစွင့်မိပါသည်။ တရုတ်ယဉ်ကျေးမှုအဖွဲ့လာသောအခါ ဦးဖိုးစိန်ကြီးအား အဖိတ်သွားရင်း ဦးဖိုးစိန်အကြောင်းကို ရေးရန် အစီအစဉ်အဟောင်းသည် ကျွန်တော့်စိတ်၀ယ် အသစ်တစ်ဖန် ဖြစ်ခဲ့ပြန်ပါသည်။

ဦးဖိုးစိန်၏အသက် ၇၀ ပြည့်မြောက်မည့်အချိန်ကလည်း နီးလာပြီဖြစ်၍ စာတစ်အုပ်ဖြစ်အောင် မရေးအားသည့်တိုင် တတ်နိုင်သ လောက် ရေးရန် ဆုံးဖြတ်လိုက်ပါသည်။

သို့ဖြင့် မကြာမီက ဦးဖိုးစိန်ထံသို့ သွားခဲ့ပြန်လေသည်။

(၂)

ဒဏ္ဍာရီမှနိပါတ်များသို့

မြူနီစီပယ်က တာမွေလမ်းဟုမှည့်ခေါ်ထားသော်လည်း ဖိုးစိန်လမ်းဟုသာတွင်နေသည်။ ဖိုးစိန်လမ်းပေါ်တွင် တိုက်သစ် အိမ်သစ်များ များ မရှိလှ၊ ဦးဖိုးစိန်၏တိုက်အိမ်မှာလည်း အိုမင်းလျက်ရှိပေသည်။ ၀င်းခြံထဲမှာ ပျိုနုသောသစ်ပင်များနှင့်ပန်းမန်အလှပင်များမမြင်ရ၊ ဧရာမသစ်ပင်ကြီးများကသာ အုပ်မိုးလျက် ရှိပေသည်။

တိုက်တံခါး၀ရှေ့တွင် ရပ်၍ စောင့်ရင်း အပြင်ကို ရှပ်တိုက်၍လည်းကောင်း၊ အတွင်းကို တစေ့တစောင်း ချောင်းမြောင်း၍လည်းကောင်း ကြည့်လိုက်ပါသည်။ သံခေါက်တံခါးကြီးမှာ သံချေးများတက်လျက်ရှိ၏။ သ​င်္ဘောဆေးများကွာကျနေသည်။ ကြေးသော့ ခလောက်ကြီး ခတ်ထားရာ တစ်ခါမျှ သည်လောက်ကြီးသောသော့ခလောက်ကို မတွေခံဖူးချေ။ နောက်မှသိရသည်မှာ ဤသော့ခလောက်ကြီးသည် တစ်ခါတုန်းက စိန်မဟာသဘင် ခရီးထွက်ရာ၌ အသုံးပြုသော ဦးဖိုးစိန်(စလေဒင်)​သ​​​​​​​​င်္ဘောမှလွမ်းစရာကျန်ရစ် သောပစ္စည်း ဖြစ်သော ဟူ၏။

ဦးဖိုးစိန်၏သမီးအငယ်ဆုံး မြင့်မြင့်ဆိုသူ ကျောင်းသူကလေးက ကျွန်တော်တို့အား ဧည့်ခန်းသို့ခေါ်သွားလေသည်။

အတွင်းမှာလည်း ပြုပြင်မွမ်းမံခြင်း မရှိ။ ​သင်္ဘောဆေးပင် ထပ်၍မသုတ်။ ထို့ကြောင့် စက္ကူဟောင်းလို ဝါကျင့်ကျင့်အရောင် လွှမ်းနေ သည်။ ဆိုဖာကုလားထိုင်ကြီးများကို အဖုံးဖုံးထားရာ အဖုံးများပင်လျှင် နွှမ်းလျက်ရှိကြသည်။

ဧည့်ခန်းတွင် စည်တော်နှစ်လုံး။ ပတ္တလားတစ်ခုနှင့်ရွှေမောင်းကြီးတစ်လုံး ရှိလေသည်။ မှန်ဗီရိုတစ်ခုတွင် ယွန်းထည်များ အပြည့်ထည့် ထား၏။ စည်တော်မျက်နှာမှတစ်ပါး အားလုံးသော ပစ္စည်းများမှာ မှေးမှိန်ကုန်ကြပြီ။ မှန်စီရွှေချပတ္တလားမှာ ရွှေရောင်၀င်း​မနေတော့ ဘဲ ဝါခြောက်ခြောက်​ဖြစ်နေ၏။ ရွှေမောင်းကြီးလည်း ထိုနည်းတူပင်။ ယွန်းထည်များပေါ်တွင် ဇာတ်စုံခင်းထားသောပန်းချီလက်ရာများ ရှိရာ အတော်ကြည့်ယူမှ ကောက်ကြောင်းများ ရေးရေးမြင်ရသည်။

အတန်ငယ်ကြာလျှင် ဦးဖိုးစိန် ဆင်းလာလေသည်။ ကျွန်တော်က ထ၍ ဆီးကြိုသည်။ ဦးဖိုးစိန်မှာ ၇၀ နီးပြီဖြစ်၍ အရေများ တွန့်လိပ် လျက်ရှိ၏။ အရေအောက်မှ ကြွထယှက်သန်းနေသောအကြောများကို မြင်နိုင်၏။ မျက်တွင်းများလည်း ကျနေ၏။ သို့ရာတွင် အသားမှာ ခြောက်သွေ့၍မနေ၊ ဝါ၀င်းနေ၏။ ခါးကိုင်းခြင်း မရှိ။ မျက်စိလည်း မှုန်သေးဟန် မတူ။ ဆံပင်လည်း မဖြူသေးချေ။ ဖျတ်ဖျတ်လတ် လတ် လှုပ်ရှားနိုင်တုန်းလည်း ဖြစ်၏။ ပြောရင်းဆိုရင်း တက်ကြွလာသောအခါများ၌ သူ၏စိတ်အားသည် ငယ်မူငယ်ရာဖြင့် ရဲခနဲ ၀င်း ခနဲ ထတောက်တတ်သည်ကို တွေ့နိုင်သေး၏။

ဦးဖိုးစိန်မှာ ဆံပတ်လို သျှောင်ကို ရစ်ခွေ၍ ထုံးထားသည်။ စွပ်ကျယ်လက်ရှည်အဖြူနှင့်ပိတ်ဖြူပုဆိုးကို ၀တ်ထားရာ ၀င်းဝါသော အသားနှင့် တစ်နည်းကြည့်ကောင်းနေလေသည်။ စင်ကြယ်သောသူတော်စင်၏ကျက်သရေကို ဆောင်နေ၏။ ကျွန်တော်တို့ထိုင်ကြရာ ဘေးဘက်တွင် ငယ်စဉ်က ဦးဖိုးစိန်၏ပုံတူလူအရွယ် ပန်းချီကားချပ်ကြီးနှစ်ခု ရှိ၏။ ဦးဖိုးစိန်သည် မင်းသားအ၀တ်တန်ဆာ အစုံ အလင်နှင့်ဖြစ်သည်။ ထိုနှစ်ပုံမှာ လွန်ခဲ့သော အနှစ် ၃၀ ကျော်က အတက်ဆုံးသောဦးဖိုးစိန်၏ပုံများ ဖြစ်သည်။ ကျွန်တော်၏မျက်စိအစုံ သည် ကျွန်တော့်ရှေ့မှာထိုင်နေသော ဦးဖိုးစိန်နှင့်ပုံထဲက ဦးဖိုးစိန်ကြားတွင် ခေါက်တုံ့ခေါက်ပြန် ဝဲနေလေသည်။ ပုံထဲက ဦးဖိုးစိန်ကား အပွင့်လန်းဆုံးပွင့်နေသောပန်း။ ကျွန်တော့်ရှေ့ထိုင်နေသောဦးဖိုးစိန်ကား အစွမ်းကုန်ပွင့်ပြီး ပွင့်ချပ်တွေညောင်းညာနေသော ပန်း။

ရုပ်ပုံကို ကြည့်ပြီးနောက် ကျွန်တော့်ဉာဏ်မျက်စိသည် ကုန်ခဲ့သောအနှစ် ၃၀ ကို ထွင်းဖောက်ကာ ၄၀ တွင်း ဦးဖိုးစိန်ထံသို့ ရောက်သွား သည်။ မင်းသားဦးဖိုးစိန်သည် ပန်းချီပုံထဲမှ ခုန်ထွက်ကာ ကျွန်တော်တို့ရှေ့တွင် ကနေသည်ဟုမြင်ယောင်လာသည်။ ရှေ့တွင်ထိုင်နေ သော ပိတ်ဖြူ၀တ်ဦးဖိုးစိန်အား မေ့သွားသလိုပင် ဖြစ်နေတော့၏။

ထိုအခိုက် သားကက်နက်စိန်က "ဦးသိန်းဖေမြင့်က ဖေဖေနှင့်ဆွေးနွေးချင်တာ ဘာကိစ္စရှိပါလဲ"ဟုမေးလိုက်လေသည်။ ကျွန်တော်က ပြန်မပြောရဘဲ ဦးဖိုးစိန်ကပင် လွန်ခဲ့သော ဆယ့်လေးငါးနှစ်က သခင်နုနှင့်ကျွန်တော် သူ့အကြောင်းရေးရန် စီစဉ်ခဲ့ကြပုံကို ဖော်ပေး လိုက်ပေ၏။ သို့ဖြင့် အာလာပသလ္လာပအချီးနိဒါန်းတွေ ပြောကြသည်။ ၄င်းနောက် ကျွန်တော်က ဆွေးနွေးလိုရင်း ပထမအချက်ကို စပေး လိုက်သည်။

"ဦးဖိုးစိန် ကပြခဲ့တဲ့ဇာတ်လမ်းတွေ အကြောင်းစပြီး ဆွေးနွေးချင်ပါတယ်ခင်ဗျာ"

ဦးဖိုးစိန်မှာ အသက် ၁၅ နှစ်လောက်ကပင်စ၍ ဇာတ်ကခဲ့လေသည်။ ကပြသောဇာတ်တို့မှာ ချင်းဖဝေး၊ ချင်းရွှေလုံး၊ ဆင်ကဲဘို့မယ်၊ ကံသဒေဝီလက်ခြောက်ဘက် စသောဒဏ္ဍာရီများမှာ စိတ်ကူးဉာဏ်နှင့်ထွင်၍ မကောင်း ကောင်းအောင် ရေးထားခြင်းဖြစ်သည်။ များ သောအားဖြင့် ဒဏ္ဍာရီများမှာ ရှေးပုံပြင်များနှင့်နိပါတ်ဇာတ်တော်များကို ဖျက်၍ သင့်လျော်သလို ယူကာ သုံးစွဲကြသည်။ ဥပမာ ကံသ ဒေဝီလက်ခြောက်ဘက်မှာ ဒေ၀ဂဗ္ဗဇာတ်တော်ကို ဒဏ္ဍာရီလုပ်ထားခြင်း ဖြစ်သည်ဟုဆို၏။

ဦးဖိုးစိန်တို့စကစဉ် ထိုခေတ်က ရုပ်သေးရော ဇာတ်ပါအဘယ့်ကြောင့် ဒဏ္ဍာရီကိုသာ ဇာတ်ကကြပါသနည်းဟုဆိုသော် ဇာတ်နိပါတ် တော်များကို ကလျှင် ဂိုဏ်းမလွတ်လေဟန်၊ အပြစ်ဖြစ်၍ ငရဲကြီးလေမည့်ဟန် ထင်ကြလေသည်။ နောက်ဦးဖိုးစိန်သည် ဒဏ္ဍာရီများကို စွန့်ပြီး ဇာတ်နိပါတ်တော်ကိုချည်း ကပြလေသည်။ သဘင်လောကတွင် ဒဏ္ဍာရီဇာတ်ကို ခေတ်ကုန်စေပြီး ဇာတ်နိပါတ်ကို ခေါ်သွင်းလာ သူမှာ ဦးဖိုးစိန်ဖြစ်၏။

"ဘယ်လိုလုပ်ပြီး ဇာတ်နိပါတ်ကို ဇာတ်ကဖြစ်သွားပါသလဲခင်ဗျာ"

ကျွန်တော်က မေးရာ သားတစ်ယောက်က ၀င်၍ "ကျွန်တော်တို့ဖေဖေက ဒဏ္ဍာရီတွေကို မကြိုက်"လို့ ဟုစလိုက်၏။ ဦးဖိုးစိန်က ဖျတ် ခနဲ "ဟဲ့၊ ဒီလိုမပြောနှင့်၊ ဒဏ္ဍာရီတွေကိုကပြီး ဖေဖေ ထမင်းစားလာတာ။ ဒီတော့ မကြိုက်လို့လို့ပြောလို့မတော်ဘူး။ မကျေနပ်လို့လို့ ပြောရမယ်"ဟုထောက်လိုက်ပါသည်။

ဦးဖိုးစိန်သည် ထမင်းကျွေးသည့်ဒဏ္ဍာရီကျေးဇူးကို မမေ့၊ မပစ်ပယ် မကျေနပ်သေးသဖြင့် ရှေ့တစ်ဆင့်တက်လိုခြင်းသာ ဖြစ်သည်။

ဦးဖိုးစိန်သည် မုံရွာမြို့သို့ ဇာတ်ကရင်း ရောက်သွားရာ လယ်တီဆရာတော်ကို ၀င်ဖူးလေသည်။ ထိုမှစ၍ လယ်တီဆရာတော်၏အဆုံး အမကို ခံ၏။ လယ်တီဆရာတော်၏သံခိပ်များကို ဇာတ်ခုံပေါ်မှနေ၍ တစ်ဆင့်ဖြန့်ခဲ့၏။ ဇာတ်ကရင်း လယ်တီဆရာတော်၏ တရားပွဲ များသို့သွားရန် ကြော်ငြာပေး​၏။ ဇာတ်နိပါတ်တော်များကို ကလျှင် အပြစ်ရှိ မရှိ ဆရတော်ကြီးအား မေးလျှောက်၏။

ဦးဖိုးစိန်သည် သာသနာကို ဖျက်ရာ မရောက်လေအောင် သူကနေသောဒေသသို့ လယ်တီဆရာတော် တရားဟော ရောက်လာပြီဆိုလျှင် ပွဲဖျက်လျက် အခြားတစ်ဒေသသို့ ရွှေ့ပြောင်း ကလေ့ရှိ၏။ သို့ဖြင့် ကျိုက်လတ်မှာ ပွဲကမည်လုပ်တုန်း လယ်တီဆရာတော် ရောက်လာ သဖြင့် ပွဲဖျက်ကာ ကျိုက်ပိသို့ ရှောင်ပြေးခဲ့ရ၏။

ဦးဖိုးစိန်သည် မန်လည်ဆရာတော်နှင့်လည်း ဆရာဒကာသဖွယ် ရင်းနှီးသည်ဆို၏။ ဇာတ်နိပါတ်တော်များ ကလျှင် အပြစ်ရှိ မရှိ ဆရာ တော်ကြီးအား မေးလျှောက်ဖူး၏။

ဦးဖိုးစိန်သည် အလှူအတန်း ရက်ရော၏။ ကျောင်းကန်ဘုရားများစွာတည်ဆောက်လှူဒါန်းဖူး၏။ မန္တလေးတွင် ဘယ်သူမျှ မပြုဖူးသေး သော ရှင်တစ်ရာကျော်ပြုသော အလှူကို ပေးဖူးသည်ဆို၏။ ထို့ကြောင့် အခြားသောဆရာတော်များကလည်း ဦးဖိုးစိန်၏ ဗုဒ္ဓသာသနာ ပေါ်၌ထားအပ်သောစေတနာကို ကောင်းစွာ သိကြသည်။ ဦးဖိုးစိန်သည် ဇာတ်နိပါတ်တော်များကို ကခြင်းဖြင့် အပြစ်ရှိ မရှိ ယင်းဆရာ တော်များအားလည်း လျှောက်ထားဖူးလေသည်။

ဆရာတော်များက သုတ္တန်၊ ဝိနည်းပါ ဇာတ်များကို က၍ တရားပြနိုင်လျှင် အပြစ်မရှိနိုင်ကြောင်း အဆုံးအဖြတ်ပေးကြသည်ဟု သိရပေ သည်။

ဦးဖိုးစိန် ပထမဆုံး ကပြသောဇာတ်မှာ ဝိနည်းတော်မှ ရှင်သုဒိန်ဇာတ် ဖြစ်လေသည်။ မယ်တော်က တားဆီးသော်လည်း မဖြစ်မနေ ရဟန်းဘောင်သို့၀င်သော ရှင်သုဒိန်၏အကြောင်းတည်း။

ထိုဇာတ်ကို ကြည့်မြင်ရသောဆရာတော်အချို့က ဦးဖိုးစိန်ဇာတ်နိပါတ်ကိုကပြတာဟာ တို့တရားဟောကွက်ထက်ပိုပြီးတောင် ဇာတ် တော်ကို ကွက်ကွက်ကွင်းကွင်း သရုပ်သဏ္ဌာန်နှင့်မြင်အောင် ပြနိုင်တယ်ဟု အားပေးစကား မိန့်မြွက်ကြသည်ဟူသတည်း။

သိန်းဖေမြင့်
မူရင်း-မြန်မာ့အလင်းသတင်းစာ၊
၄၊ ဖေဖော်ဝါရီ၊ ၁၉၅၂ နှင့် ၁၁၊ ဖေဖော်ဝါရီ၊ ၁၉၅၂
(ဇာတ်ဆရာဦးဖိုးစိန်၊ အမှန်စာပေထုတ်ဝေရေးတိုက်၊ ၁၉၅၃ မှ ကူးယူဖော်ပြပါသည်။)






















ဇာတ်သဘင် တစ်ခေတ်တီထွင်ခဲ့သူ

အသက် ၇၁ နှစ်ဆိုသည်မှာ သေပျော်သောအရွယ် ဖြစ်ပါသည်။

သို့သော် ဦးဖိုးစိန်ကိုတော့ ဆက်နေစေလိုသေးခဲ့ပါသည်။

ဦးဖိုးစိန်သည် သူတည်ထောင်ခဲ့သော ဇာတ်သဘင်ခေတ်မှ ရှေ့တစ်ဆင့်တက်အောင် ဆောင်ရွက်ကြရာ၌ ကမကထ နာယကအဖြစ်ဖြင့် ပါ၀င်နိုင်ရန် ဆက်နေနိုင်ရင် ကောင်းလေစွဟု တမ်းတမိပါသည်။

ဦးဖိုးစိန်သည် သူတိုးပွားစေခဲ့သော ဇာတ်သဘင်အရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှေ့သည်ထက်သည် တိုးတက်ပွားများ အောင် ဆောင်ရွက်ကြရာ၌ ပဲ့ကိုင်အဖြစ်ဖြင့် ပါ၀င်နိုင်ရန် ဆက်နေနိုင်ရင် ကောင်းလေစွဟု တမ်းတမိပါသည်။

သို့သော် ဦးဖိုးစိန်၏ ၇၁ နှစ်တိုင် လူ့လောကတွင် အမှတ်ထင်ကျန်ရစ်ပြီးသောအသက်ကား ပျောက်လေပြီ။ ဦးဖိုးစိန်၏အနှစ် ၅၀ ကျော် ထွန်းတောက်ခဲ့သောသဘင်သက်ကား ဆုံးခဲ့လေပြီ။

"ဒီတစ်ခါတော့ ပျောက်ပေါ့ ဆုံးပေါ့"

ကျွန်တော်သည် ဦးဖိုးစိန်၏အလောင်းပြင်ထားသော ခုတင်ဘေး၌ ထိုင်နေစဉ် အတွင်းခန်းမှကျန်ရစ်သူ ဇနီးဒေါ်ကြင်ယုံ၏ငိုသံ စကား ကို ကြားလိုက်ရလေသည်။ ဒေါ်ကြင်ယုံ၏ငိုသံစကားသည် ကြားရသူ ကျွန်တော့်ရင်တွင်းမှာ ပဲ့တင်ခတ်လာပါသည်။ ဦးဖိုးစိန် ၏ ၇၁ နှစ်တိုင်လူ့လောကတွင် အမှတ်ထင်ကျန်ရစ်သော အသက်ကား ပျောက်လေပြီ။ ဦးဖိုးစိန်၏အနှစ် ၅၀ ကျော်ထွန်းတောက်ခဲ့သော သဘင် သက်ကား ဆုံးလေပြီ။

ဒေါ်ကြင်ယုံ၏ "ဒီတစ်ခါတော့ ပျောက်ပေါ့ ဆုံးပေါ့" ဆိုသော ငိုသံစကားသည် ကြားရသူ ကျွန်တော့်ရင်တွင်းမှာသာမက များစွာသော ပြည်သူပြည်သားတို့၏ရင်တွင်းမှာလည်း ပဲ့တင်ခတ်သွားသည်ဆိုချင်ပါသည်။ အကြောင်းသော်ကား ကွယ်လွန်လေပြီဟု ကြားလျှင်ပင် ဟိုမြို့သည်မြို့ ဟိုရွာ သည်ရွာမှ လူအများသည် ရန်ကုန်မြို့ ဦးဖိုးစိန်အလောင်းရှေ့မှောက် အရောက်လာကြသည်။ ရန်ကုန်လူထုနှင့် အတူ မသာပို့ကြသည်။ အိမ်မှစ၍ မသာပို့သူ၊ လမ်းမှကြို၍ မသာပို့သူ၊ သင်္ချိုင်းမှကြိုစောင့်ကာ မသာပို့သူ စည်ကားလှပေသည်။ သူတို့ အား မည်သူကမျှ လှုံ့ဆော်ရသည်မဟုတ်။ မည်သူကမျှ စည်းရုံးရသည်မဟုတ်။ မြန်မာ့စိတ်ဓာတ်တွင် အမှတ်ထင်ကျန်ရစ်ခဲ့သော ဦးဖိုးစိန်၏အဆိုအက အပြတို့ကသာ လှုံ့ဆော်​ခဲ့ပေသည်။ စည်းရုံးခဲ့ပေသည်။ သူတို့သည် ဦးဖိုးစိန် ၏အဆိုအက အပြများကို ကိုယ်တွေ့ အားဖြင့်လည်းကောင်း၊ ဦးဖိုးစိန်၏တပည့်များမှတစ်ဆင့်လည်းကောင်း၊ ဓာတ်ပြားမှလည်းကောင်း ကြားမြင်၍ စွဲလမ်းနှစ်သက်ခဲ့ကြ သည်။ တစ်နည်းအားဖြင့် ဆို​ရသော် ဦးဖိုးစိန် မသာလူစည်ကားခြင်းမှာ ပြည်သူလူထုက ဇာတ်သဘင်အနုပညာကို ချစ်မြတ်နိုးပုံ သရုပ် ဆောင်ပြလိုက်ခြင်းပင် ဖြစ်သည်။ ဦးဖိုးစိန်၏ဇာတ်သဘင်အနုပညာအရာတွင် အောင်မြင်ချက်ကို ချီးကျူးပြလိုက်ခြင်းဖြစ်ပေသည်။

အကသစ် ထွင်ခဲ့သူ

ဦးဖိုးစိန်သည် ဇာတ်သဘင်အရာတွင် တစ်ခေတ်တည်ခဲ့သူဖြစ်၏။မြန်မာ့အဆိုအကအပြ ပညာအမွေအနှစ်များကို တိုးချဲ့ခဲ့သူ ဖြစ်၏။ မင်းသမီးနှင့်မင်းသား ပဝါတစ်ကမ်း၊ ယပ်တောင်တစ်ကမ်းကရာမှ နှစ်ပါးသွားအကသို့ တိုးချဲ့ခဲ့၏။ မြန်မာ့စည်း မြန်မာ့ဟန်တို့ကို မပျက်စေဘဲ အနောက်နိုင်ငံ ခြေအကကို ယူကာ မြန်မာ့ခြေကအသစ်ကို ထွင်ခဲ့၏။ လေးကွေးသော ရှေးမြန်မာအကအချို့ကို အချိုးနှင့် ဟန်မပျက်စေဘဲ သွက်အောင် လှုပ်ရှားစေခြင်းဖြင့်လည်းကောင်း၊ ခေတ်အဓိပ္ပါယ်ပေါ်သောလှုပ်ရှားဟန်များဖြင့် လည်းကောင်း၊ အက သစ်များ ထွင်ခဲ့သူဖြစ်၏။

အဆိုမှာလည်း ထိုနည်းတူပင် မြန်မာ့အမွေအနှစ်များကို တိုးချဲ့နိုင်ခဲ့ပေသည်။ စင်းနေသောအသံတွင် အကွက်ဆန်းကလေးများ ဖောက် ရက်ကာအဆိုသစ်အဆိုကောင်းများ ထွင်ခဲ့သည်။ ငိုချင်းဆိုဟန်သစ်ထွင်ခဲ့သည်။ အနောက်နိုင်ငံအသံအချို့ကို မြန်မာသံဖြင့် ငုံယူပြီး မြန်မာသံအသစ် မြန်မာဆိုနည်းအသစ်များ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။

အပြဘက်တွင်လည်း ဦးဖိုးစိန်သည် မြေဝိုင်းမှဇာတ်ခုံသို့ မြှင့်ယူခဲ့သည်။ နောက်ခံကားလိပ်များကို ပထမဆုံး စသုံးခဲ့သည်။ ရေနံချေးနှင့် ဝါစေ့မီးအဆင့်ကို စွန့်ပယ်ပြီး သူသည် မှန်အိမ်မီး၊ လက်ဆွဲဓာတ်မီး၊ လျှပ်စစ်မီးများသို့ တိုးတက်ခဲ့သည်။ ဇာတ်များတွင် ယနေ့မင်းသား၊ မင်းသမီးများ ၀တ်ကြသည်မှာလည်း ခြေအိတ်ရှည်နှင့်ခြေနင်းပါးကလေးများအထိ ဦးဖိုးစိန်ပင် ထွင်ခဲ့သည်။ (ဒေါ်စောမြအေးကြည်က ပြောပြသဖြင့် သိရပေသည်။)

ထို့ကြောင့် လွန်ခဲ့သောအနှစ် ၅၀ မှ ယနေ့ထိသော မြန်မာ့ဇာတ်သဘင်ခေတ်ဟုပင် ခေါ်အပ်ပေသည်။ ထို့ကြောင့်လည်း ယနေ့တိုင် ဖိုးစိန် ထက်ပို၍ထင်ရှားသော၊ ဇာတ်မင်းသားဖိုးစိန်ထက်ပို၍ကြီးမားသော ဇာတ်ဆရာ မပေါ်ထွက်နိုင်ခြင်း ဖြစ်ပေသည်။

သို့ရာတွင် ဇာတ်သဘင်သည် ဦးဖိုးစိန်ဖန်တီးခဲ့သောအဆင့်မှာ ရပ်တန့်နေ၍မဖြစ်နိုင်ချေ။ ဤအဆင့်မှာသာရပ်တန့်နေလျှင် ဇာတ်သဘင် သည် တိမ်ကောပပျောက်သွားပေလိမ့်မည်။

ယခု ဦးဖိုးစိန် ကွယ်လွန်ချိန်တွင် အနုပညာသည်များနှင့်အနုပညာကို မြတ်နိုးသောပြည်သူလူထုတို့သည် နှမြောတသနေရုံဖြင့် မပြီး။ သားများဖြစ်သော ကက်နက်စိန်၊ စိန်ကြိုင်၊ သက်စိန်တို့သည်လည်းကောင်း၊ တပည့်သားဖြစ်ကြကုန်သော ရွှေမန်းတင်မောင်၊ စိန်အောင် မင်း စသော အခြားဇာတ်သဘင်ပညာသည်အပေါင်းတို့သည်လည်းကောင်း ယူကျုံးမရ လွတ်းဆွတ်နေကြရုံဖြင့်မပြီး။ ဖိုးစိန်ဇာတ်သဘင် ခေတ် ရှေ့တစ်ဆင့်တက်အောင် ဦးဖိုးစိန်တိုးချဲ့ခဲ့သော မြန်မာ့ဇာတ်သဘင်အမွေအနှစ်ကို ထပ်မံတိုးပွားစေ အောင် ကြံစည်အားထုတ်မှ တာ၀န်ကျေပွန်သည်ဟုဆိုနိုင်ပေလိမ့်မည်။ မြန်မာ့ဇာတ်သဘင်​ ခေတ်သစ်တစ်ခု တည်ထောင်ကြရမည် ဖြစ်လေသည်။

အကြံပေးလိုသောအချက်များ

ယင်းသို့ မြန်မာ့ဇာတ်သဘင်ခေတ်သစ်ကို တည်ထောင်နိုင်ကြရန် အောက်ပါအချက်များကို အကြံပေးလိုပါသည်။

(၁)ဇာတ်သဘင်က တင်ပြသောအကြောင်းအရာများကို ခေတ်အလိုနှင့်ညီညွှတ်အောင် ပြုပြင်ထိုက်လေပြီ။ တင်ပြသော အကြောင်းအရာ တို့သည် ဇာတ်နိပါတ်၊ ရာဇ၀င်တို့ဖြင့် ရောင့်ရဲမနေအပ်တော့ချေ။ ကာလပေါ်၀တ္ထု၊ ပြဇာတ်နှင့်ရုပ်ရှင်တို့သည် ခုမျက် မှောက်ဖြစ်ပျက် ရင်းတို့ကို အခြေခံ၍ ဇာတ်ကွက် ဇာတ်လမ်းတည်ဆောက်သလို ကဇာတ်၏ဇာတ်ကွက်ဇာတ်လမ်းများကို တည်ဆောက်ဖို့လိုလေပြီ။ အ ထူးသဖြင့် တောင်သူလယ်သမား၊ အလုပ်သမား၊ စာရေးစာချီ၊ စျေးသည်၊ လက်မှုပညာသည်စသော ပြည် သူလူထု၏ဘ၀တွင် ​အခြေခံ၍ တည်ဆောက်ထားသောဇာတ်များကို တင်ပြအပ်လေပြီ။ ၄င်းပြင် ရှေးသမားရိုးကျဇာတ်နိပါတ်၊ ရာဇ၀င်၊ ပုံပြင်များကိုလည်း ခုမျက် မှောက် ပြည်သူလူထု၏ဘ၀နှင့်ဟပ်မိအောင် ပြည်သူလူထုတိုးတက်မှုနှင့်ကိုက်ညီအောင် ပြုပြင်ပေးခြင်း။ သုတ်သင်တည်းဖြတ်ပေးခြင်း၊ မသင့်လျော်သည်များကို ပယ်ထုတ်ပစ်ခြင်းများ ပြုထိုက်ကြလေပြီ။

ဤကား အရေးအကြီးဆုံးသော ပြုပြင်ရမည့်အချက် ဖြစ်၏။

(၂)အက၊ အဆိုများတွင်လည်း ဦး​ဖိုးစိန် တိုးချဲ့တီထွင်ခဲ့သည့်နည်းအတိုင်း မြန်မာ့အမျိုးသားဟန်များကို မပျောက်စေဘဲ၊ အရိုးအရွက် မဖုံးစေဘဲ၊ အတိတ်အစဉ်အလာများနှင့်အဆက်မပြတ်စေဘဲ၊ အမျိုးသားဟန်တို့နှင့်ခွကန့်လန့်မဖြစ်စေဘဲ၊ အသစ်များဖြည့်ခြင်း၊ နိုင်ငံ ခြားမှခေတ်မီဟန်စနစ်များကို ငုံယူကာ အကသစ်၊ အဆိုသစ်၊ ဟန်သစ်များကို ထွင်ထိုက်လေပြီ။ ဥပမာ လွမ်းခန်း၌ ဦးဖိုးစိန်က ငိုချင်း အဟောင်းနေရာတွင် အသစ်ထွင်ခဲ့သည်။ ယခုတစ်ခါ လွမ်းခန်းအတွက် အဆိုတစ်မျိုး၊ ငိုချင်းတစ်မျိုး ထွင်ထိုက် ပေ၏။ အကတွင်လည်း ဖြည့်စရာ ထွင်စရာ အများရှိပေလိမ့်မည်။ ရာမမှလွဲ၍ မြန်မာအကသည် အလှက သက်သက်သာများသည်။ အဓိပ္ပါယ်ဖော်သော အက နည်းလှ၏။ ဥပမာ တရုတ်ပြည်က ပီကင်းအော်ပရာ ယောက်ျားမင်းသမီး မဲ့လင်ဖန်းသည် လက် ကဟန်ဖြင့် အဓိပ္ပါယ်ဖော်ကောင်းလှ သဖြင့် လက်နှင့်စကားပြောသည်ဟုပင် အဆိုရှိ၏။ အိန္ဒိယမှဥဒေသျှန် ကသည့်အကဖြင့် စိတ်၏ဘ၀အမျိုးမျိုးကို ဖော်ပြတတ်၏။ မာရ်နတ်၏သမီးတို့က မြတ်စွာဘုရားအလောင်းအား ဖြားယောင်းလေသော် ဘုရားအ လောင်း၏စိတ်၌ ဖြစ်ပေါ်လာပုံများကို ကပြ၍ အဓိပ္ပါယ်ဖော်သည်။ အရင်းရှင်ခေတ်ကြီးရောက်လာ၍ စက်ရုံကြီးများ ပေါ်လာပုံကိုလည်း အကဖြင့်ပင် ဖော်နိုင်ပေသည်။ ၄င်းတို့ထံမှ နည်းများကို​ လေ့လာ၍ မြန်မာ့အစဉ်အလာများနှင့်ဟပ်ကာ အဓိပ္ပါယ်ဖော် အကများကို တီထွင်ထိုက်လှပေသည်။

ယခုအခါ ကုလားအကမှသင်ယူပါဆိုလျှင် တကယ့်သုခုမပညာမြောက်သော အဓိပ္ပါယ်ပြအကကို မယူ၊ ကာတစ်လှုပ် ကပြသည်ကိုသာ ယူနေကြသည်။ ဥရောပအကမှလည်း ယောက်ျားမိန်းမဖက်ကခြင်း၊ ပေါင်ကား၊ ပေါင်မ ကခြင်းမျိုးကိုသာ သင်ယူနေကြသည်။

(၃)ဒိုးပတ်၊ အိုးစည်စသော တောဓလေ့အမျိုးကိုလည်း ပိုခေတ်စားအောင် ဇာတ်ခုံပေါ်မှ အားပေးသင့်၏။ အကြောင်းမူကား ထိုအကတို့ သည် လူကို အားတက်စေသည်။ ကြွစေသည်။ မြူးစေသည်။ ၄င်းပြင် လူထုကို ချစ်စေသည်။ ဥပမာ "ကောက်စိုက်ခြင်း" အကသည် တောင်သူလယ်သမားကို ချစ်စေသည်။ ကောက်စိုက်ခြင်းအကလို လက်ဖက်ခြောက်ရွက်ခူးသည့်အကမျိုး၊ မြေတူးမြေပေါက် ရေကာတာ ဆောက်သည့်အကမျိုးများကို တီထွင်ထိုက်၏။ ထိုအကမျိုးများကို ကြည့်ယင်း ထိုအလုပ်ကိုလည်းကောင်း၊ ထိုအလုပ်သမားကိုလည်း ကောင်း၊ ချစ်လာစေသည်။

(၄)ဇာတ်ပြချိန်ကိုလည်း ပြင်ထိုက်လေပြီ။ တစ်ညလုံးမိုးအလင်း ကသည့်စနစ်မှာ ဘယ်ဘက်က ကြည့်ကြည့် မကောင်း။ လူတိုင်းက လည်း မကောင်းဟု ၀န်ခံကြသည်။ အချိန်တိုတိုနှင့်အရသာ အပြည့်ပါအောင် ပြုပြင်အပ်ပေသည်။ ခက်ခဲစရာလည်း ဘာမျှ မရှိပေ။ လူကိုယ်ခန္ဓာကို ​အစာကျွေးသလို ပွဲကြည့်ခြင်းသည် စိတ်ကို အစာကျွေးသည်ဖြစ်ပေရာ အပိုမဖြုန်းမပါသော ဩဇာအရသာ အပြည့်ပါ သော အစာနည်းနည်းဖြင့် လူကိုယ်ခန္ဓာသည် နှစ်သိမ့်အားရသလို အရသာအပြည့်ပါသောအချိန်တိုဇာတ်ပွဲသည် စိတ်ကို နှစ်သိမ့်အားရ စေမည်မှာ မုချဖြစ်ပေ၏။

(၅)အ၀တ်တန်ဆာများကိုလည်း သင့်လျော်သလို ပြုပြင်သွားဖို့ လိုပေလိမ့်မည်။ ဇာတ်လိုက်လုပ်သူများသည် မင်းသား(မင်း၏သား) ဟုတ်ဟုတ် မဟုတ်ဟုတ်၊ တောင်သူဖြစ်ဖြစ်၊ ကုန်သည်ဖြစ်ဖြစ်၊ ကျေးကျွန်ဖြစ်ဖြစ် မင်းသားလို တောက်ပစွာ ၀တ်ဆင်ခြင်းသည် မသင့် လျော်တော့ပေ။ ၄င်းပြင် ပုဂံခေတ်ကိုပဲပြပြ၊ မင်းတုန်းလက်ထက်ကိုပဲပြပြ၊ သည်မင်းသား မင်းသမီးအ၀တ်မျိုးကိုသာ ၀တ်ပြခြင်းသည် မသင့်လျော်တော့ပေ။ တစ်ခေတ်က ပရိသတ်မဝေဖန်ခဲ့သော်လည်း ယခုခေတ်မှာ ဤအချက်ကို ပရိသတ်က ဝေဖန်စပြုလေပြီ။

(၆)နောက်ခံကား၊ ဆက်တင်အခမ်းအနား၊ မီးထိုးပုံ စသည်များလည်း အ၀တ်တန်ဆာကဲ့သို့ ပြုပြင်စရာတွေ များရှိပေ၏။

အထက်ဖော်ပြပါ အချက်များအတိုင်း ပြုပြင်နိုင်မှသာ ဇာတ်သဘင်ခေတ်သစ်တစ်ခု ဖြစ်ပေါ်ပေလိမ့်မည်။ ဇာတ်သဘင်သည် မတိမ်ကော မပပျောက်ဘဲ တိုးတက်ထွန်းကားလာပေလိမ့်မည်။ ထို့ကဲ့သို့သော ဇာတ်သဘင်တစ်ခေတ်ကို တည်ထောင်နိုင်သူသာလျှင် ဦးဖိုးစိန် ထင် ရှားကျော်ကြားသလို ကျော်ကြားနိုင်၍ ဦးဖိုးစိန်အား ပြည်သူလူထုကချစ်သလို အချစ်ခံရပေလိမ့်မည်။ သို့ကလို မလုပ်လျှင် မပြုပြင်လျှင်၊ မတီထွင်လျှင် နောက်ထပ် ဖိုးစိန်တစ်ယောက် ပေါ်ပေါက်ထွန်းကားလာရန် အကြောင်းမရှိပေ။

သိန်းဖေမြင့်
(ဇာတ်ဆရာဦးဖိုးစိန်၊ အမှန်စာပေထုတ်ဝေရေးတိုက်၊ ၁၉၅၃)




















ဒီမိုကရေစီသစ်၏ယဉ်ကျေးမှုမှူး
သွေးသောက်မဂ္ဂဇင်း
အမှတ် ၈၂၊ နို၀င်ဘာ၊ ၁၉၅၂


စာရေးဆရာကြီး လူဆင့်(လူရွှန်း)
(၂၅၊ စက်တင်ဘာ၊ ၁၈၈၀-၁၉၊ အောက်တိုဘာ၊ ၁၉၃၆)


ဒီမိုကရေစီသစ်၏ယဉ်ကျေးမှုမှူး

"နေရစ်တော့ ခေတ်ဟောင်းစာအုပ်"၌ ရေးစရာတွေများလှသဖြင့် မရေးဖြစ်ဘဲ ချန်ထားခဲ့ရသော အကြောင်းများရှိပေသေးရာ ကွယ်လွန် သူ စာရေးဆရာကြီး လူဆင့်အထိမ်းအမှတ်ဗိမာန်သို့ သွားရောက်ကြည့်ရှုသည့်အကြောင်းကိုလည်း ချန်ထားခဲ့ရပေ၏။

ယင်းစာရေးဆရာကြီးကို ပီကင်းတရုတ်သံဖြင့် "လူဆွန်" အင်္ဂလိပ်မှတစ်ဆင့် မြန်မာသံပြန်ယူလျှင် "လူရွှန့်" ကင်းတုံတရုတ်တောင်ပိုင်း သံဖြင့် "လူဆင့်" ဟုခေါ်နိုင်ပေရာ ကျွန်တော်တို့မြန်မာနှင့်အနီးစပ်ဆုံးသော တောင်ပိုင်းသံဖြင့် "လူဆင့်"ဟုပင်ရေးလိုက်သည်။

လူဆင့်၏အမည်ရင်းမှာ ကြို့ရှုရင် ဖြစ်၍ စာရေးဆရာနာမည်ယူသောအခါ အမိနာမည်မှ "ဆင့်" ကိုယူပြီး မှည့်ခေါ်ထားခြင်း ဖြစ်လေ သည်။

ကျွန်တော်သည် သိန်းဖေမှ သိန်းဖေမြင့်ဟု အမိ၏အမည်ကို ယူ၍ တိုးချဲ့လိုက်သောအခါက ဤအကြောင်းကို မသိခဲ့ပါ။ ယခုတစ်ခေါက် တရုတ်ပြည်ရောက်မှသာ သိခဲ့ရခြင်း ဖြစ်ပါသည်။

လူဆင့်အား မော်စီတုံးကပင် "ဒီမိုကရေစီသစ်ယဉ်ကျေးမှု၏ခေါင်းဆောင် ဖြစ်သည်" ဟုခေါ်ဝေါ်သမုတ်ထားပေရာ၊ တရုတ်ပြည်သစ် တွင် မည်မျှဂုဏ်ပြုခံနေရမည်ကို စဉ်းစားကြည့်နိုင်ကြပါသည်။

၁၉၃၆ ခုနှစ်တွင် လူဆင့် ကွယ်လွန်ခဲ့ရာ ယခုအခါ ရှန်ဟိုင်းမြို့ရှိ ၄င်းနေခဲ့သော တိုက်ခန်းနှင့်ဆက်လျက် အခန်းများ တိုက်များကို ပြည်သူ့အစိုးရက ၀ယ်ယူပြီး လူဆင့်အထိမ်းအမှတ် ဗိမာန် ပြုလုပ်ထားလေသည်။

(၁)

ကျွန်တော်တို့သည် ဇွန်လ ၁၆ ရက်နေ့တွင် လူဆင့်ဗိမာန်သို့ သွားရောက်ကြည့်ရှုကြလေသည်။

ရှန်ဟိုင်းမြို့ လမ်းကျယ်ကြီးများပေါ်တွင် ကျွန်တော်တို့ စီးနင်းလိုက်ပါခဲ့ကြသော ကားများသည် အတော်ကြာ မောင်းပြီးနောက် လမ်း ကျဉ်းကလေးတစ်ခုထဲသို့ ၀င်ကြလေသည်။ ခဏကြာသော် တစ်နေရာတွင် စီတန်းရပ်လိုက်၏။

ကျွန်တော်သည် ကားပေါ်မှဆင်းပြီး ဘေးက အဆောက်အအုံများကို မော့ကြည့်လိုက်၏။ လမ်းက ကျဉ်းသည့်အပြင် တိုက်များမှာ ပြည့် ညှပ်နေသဖြင့် လူဆင့်ဗိမာန်အတွက် မသင့်လျော်သောနေရာဖြစ်သည်ဟု စိတ်ထဲမှာ ဆုံးဖြတ်လိုက်မိသည်။ နောက်မှ ဆရာကြီး နေထိုင် သွားခဲ့တဲ့အိမ်ကို အထိမ်းအမှတ်ဗိမာန်ဆောက်ထားသဖြင့် ဤသို့ မသင့်လျော်သောနေရာမှာ ရောက်နေသည်ကို သတိရမိလေသည်။

ကျွန်တော်သည် လူဆင့်ဗိမာန်ကို ရှာဖွေသောအားဖြင့် ဟိုဟိုသည်သည် ကြည့်နေစဉ် လမ်းညွှန်သူက သည့်ထက်ကျဉ်း၍ ကားမ၀င်နိုင် သော ခြေသွားလမ်းကလေးဆီသို့ ခေါ်လေသည်။ ခြေသွားလမ်း ဆုံးခါနီးသောနေရာရောက်မှ လိုက်ပြသူက လူဆင့်ဗိမာန်သို့ရောက်ပြီဟု ကြေညာလေသည်။

လူဆင့်ဗိမာန်မှာ ၀င်းခြံမရှိပါ။ ခြေသွားလမ်းကလေးမှ ညာဘက်ချိုး၍ ခြေလေးငါးလှမ်း၀င်လိုက်သော် တိုက်ခန်းတွင်းသို့ တောက်လျှောက်ရောက်သွားပါသည်။ တိုက်ခန်းအပြင်အ၀တွင် လူဆင့်အထိမ်းအမှတ်ဗိမာန်ပြုလုပ်ရေးနှင့်ပတ်သက်သော နန်းရင်း၀န် ကျောင်အိမ်လိုင်း၏ညွှန်ကြားစာကို လက်ရေးအလှကမ္ပည်းထိုး၍ တန်ဆာဆင်ထားပါသည်။

စာရေးဆရာကြီးလူဆင့်သည် ဤမျှချောင်ကျသောနေရာတွင် ဘာကြောင့်နေထိုင်ခဲ့သနည်း။ ကိုလိုနီတစ်ပိုင်းနိုင်ငံ​စာရေးဆရာပီပီ ဆင်းရဲကြပ်တည်းခြင်းလည်း အကြောင်းတစ်ရပ် ဖြစ်၏။ သို့သော် ကိုလိုနီတစ်ပိုင်းနိုင်ငံတွင်ပင် အချို့စာရေးဆရာတို့သည် နယ်ချဲ့ပဒေသရာဇ်စနစ်ကို ထောက်ခံ၍လည်းကောင်း၊ အကြိုက်လိုက်၍လည်းကောင်း၊ ခွင့်ပြုသမျှသာလည်းကောင်း၊ ရေးသားခြင်းဖြင့် သက်သောင့်သက်သာ ထည်ထည်ဝါဝါ ပေါ်ပေါ်လွင်လွင် နေနိုင်ကြပါသေးသည်။ သို့သော် ဆရာကြီးလူဆင့်ကား နယ်ချဲ့ ပဒေသရာဇ်စနစ်ဟောင်းကို မထောက်ခံရုံမက တိုက်ခိုက်ခဲ့​သည်။ စနစ်ဟောင်းနှင့်အလိုက်အထိုက်မ​နေရုံမက စနစ်ဟောင်းကို ဝိုင်း၀န်းဖြိုဖျက်ကြရန် ယဉ်ကျေးမှုနယ်ပယ်တစ်ခုလုံးကို စည်းရုံးခဲ့သည်။ ခေါင်းဆောင်ခဲ့သည်။ ထို့ကြောင့် လူဆင့်အား နယ်ချဲ့ သမားများနှင့်ကူမင်တန်တို့က အငြိုးထားခဲ့သည်။ ရန်မူခဲ့သည်။ လူဆင့်သည် ကူမင်တန်ပုလိပ်တို့လက်မှ ကွင်းရှောင်ပုန်းအောင်းနေခဲ့ရသည်။ ဤမျှချောင်ကျသောနေရာသည် လူဆင့်အဖို့ သဘာ၀ကျပါသည်။ ဤမျှချောင်​ကျသောနေရာမှာပင် လူဆင့် အထိမ်းအမှတ်ဗိမာန်ထားခြင်းသည် လူဆင့်၏တော်လှန်ရေးဘ၀ကို သရုပ်ဆောင်ပေးသဖြင့် သင့်လျော်လှပေ၏။

လူဆင့်သည် ၁၉၃၆ ခု၊ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်တွင် ဤအိမ်မှာပင် ကွယ်လွန်ခဲ့၏။ ၁၈၈၁ ခုနှစ်တွင် ဖွားမြင်သောလူဆင့်သည် အသက် ၅၅ နှစ်တွင် အဆုတ်နာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်လေသည်။

(၂)

လူဆင့်အသက်ပျောက်ဆုံးခဲ့သောအခန်းကို ကြည့်ပါဦး။












(ဆက်ရန်...)

     
 
« May 2013 »
Su Mo Tu We Th Fr Sa
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31