ရွှေစွန်ညိုနှင့်သားရွှေစွန်ညို - ဒဂုန်ခင်ခင်လေး
ဒဂုန်ခင်ခင်လေးရေးသားသော ရှမ်းတရုတ်နယ်စပ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ ဤဇာတ်လမ်းကို ဆရာမကြီးသည် ကိုယ်တွေ့ကြုံခဲ့သောပုဂ္ဂိုလ်များ ပြောပြချက်အရ ပြန်လည်၍ ၀တ္ထုဇာတ်လမ်း သဖွယ်ပြင်ဆင်၍ ရေးသားထားခြင်းဖြစ်ပါသည်။ တစ်နေ့လျှင် နည်း နည်းစီ စာစီရိုက်၍ လွှင့်တင်ပေးသွားမည်ဖြစ်ပြီး တစ်အုပ်လုံး ရိုက်ပြီးပါက ebook အဖြစ် ပြောင်းလဲ လွှင့်တင်သွားပါမည်။
ဒုတိယအကြိမ်
၁၉၆၈-ခု၊ မေလ
အုပ်ရေ၊ ၂၅၀၀
တန်ဖိုး၊ သုံးကျပ်
အပြင်အဆင်
ဒီဇိုင်း၊ တင်လှ၀င်း
ဘလောက်၊ သောင်းလှ ဘလောက်တိုက်
ကာလာ၊ စည်ပင်သာယာ
စာအုပ်ချုပ်၊ ကြည်လွင် - စာအုပ်ချုပ်လုပ်ဌာန
ပြည်လုံးကျွတ်ဖြန့်ချိရေး
ခေတ်မှီစာပေတိုက်၊ အမှတ် ၆၄၊ ၁၂၄-လမ်း၊ ရန်ကုန်မြို့၊
ဖုံး - ၁၀၈၈၆
ဦးလှသန်း(၀၀၃၆မြဲ) စည်ပင်သာယာပုံနှိပ်တိုက်၊ အမှတ် ၆၄၊
၁၂၄-လမ်း၊ ရန်ကုန်မြို့က ပုံနှိပ်၍ ဦးညိုမြ(၀၁၀၃၂) အိုးဝေစာပေတိုက်၊ အမှတ် ၂၇၀၊ လွစ္စလမ်း၊ ရန်ကုန်မြို့က ထုတ်ဝေသည်။
ရွှေစွန်ညို
၏
ပဏာမနိဒါန်း။
ထိုနေရာဒေသည် မြန်မာပြည်နှင့်တရုပ်နယ်စပ်အတွင်းရှိ မူဆေးတောင်ကြားနယ်နိမိတ်အတွင်းဖြစ်လေသည်။ တရုပ်မြန်မာလမ်းမကြီးအတွက် ယခုအခါတွင် အတော်နာမည်ကြီး၍ လူသိများခဲ့သလောက် ရှေးအခါက လူ သိ နည်းလှသော တိုင်းစွန်ပြည်ဖျား၊ ကလနားသားအနေနှင့်လူသွားလူလာ ဝေယာမနိခဲ့သည့်ဌာနတရပ်ဖြစ်ခဲ့ လေ၏။ အချိန်မှာ မိုဃ်းရာသီ ပင်လယ်မြေနှာပြင်ထက် ပေပေါင်း မြောက်များစွာ မြင့်လျက်ရှိသော ရှမ်းကုန်း ပြင်မြင့် အရပ်ဒေသဖြစ်ကြသည့်အလျောက် ဆီးနှင့်တလှိုက် မိုဃ်းတဖြိုက်နှင့်တိမ်တိုက်ကဲ့မိုဃ်းမှောင်၊ မာလာ ရင့်နှောပန်းစုံငယ်ပေါပါတဲ့တောသာခေါင်လေတည့်မှ တောသာခေါင်...ဟု စပ်ဆိုထားသော အီနောင်ဇာတ်ပါ၊ သိင်္ဂါသံမှ-အဓိပ္ပါယ်သဘော အယူအဆနှင့်များစွာမှ ညီညွှတ်လှလေသည်။ ညနေခင်း မြူမင်းလွင်ဆို့၍ ညို့ ညို့မှိုင်းမှိုင်း တောင်စဉ်အထပ်ထပ်တွေ ဝိုင်းရံလျက်ရှိသော ကျွန်တော် စခမ်းချရာကုန်းမြင့်ကလေးမှာ ထိုနေ့ အဘို့ မြူနှင်းရော မိုးဃ်းပြင်းပါ အတန်ငယ် ကြည်လင်ကင်းစင်နေသောကြောင့် ကျွန်တော် တည်းခိုနေသော ရွက်ထည်တဲငယ်ကလေးရှေ့ မျက်နှာစာသို့ ထွက်ခါ၊ မီးခိုးကလေးများ တလွန့်လွန့်လိပ် တက်နေသည့် မီးဖို ကလေးအနီးတွင်ရပ်လျက် ကျွန်တော်၏ အဖော်ဖြစ်သူ ကိုမင်းအောင်ကို မျှော်မှန်းစောင့်စား၍ နေမိလေသည်။
ကျွန်တော်သည်၄င်း၊ ကျွန်တော်၏မိတ်ဆွေ ကိုမင်းအောင်သည်၄င်း၊ သတ္တုလိုက်ခြင်းဘက်တွင် ကျွမ်းကျင်သူ နှစ်ဦးဖြစ်သည့်အားလျော်စွာ ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းဆိုသကဲ့သို့ အလုပ်တူသမားချင်း ခင်မင်ရင်းရှိ သူများဖြစ်သောကြောင့် မြန်မာနှင့်တရုပ်နယ်ခြားတွင် သံတွင်းများ ရှာဖွေနေကြခြင်းဖြစ်လေရာ ဤ နယ်ခြားတဝိုက်တွင် သံသတ္တုလိုက်ခြင်းအားဖြင့် နှစ်ပေါင်းအတန်ကြာ လှည့်လည် ကျက်စားနေမိကြသည် တိုင်အောင် အလိုတကျ မတွေ့ရသေးဘဲ တဝဲလယ်လယ် အချိန်ကုန်ခဲ့ကြပါသည်။
ဤမျှရာသီဥတု ဆိုးရွားကြမ်းတမ်းသော ဌာနနှင့်နယ်ခြားနယ်စပ်အရပ်ဖြစ်၍ တောရိုင်းတိရစ္ဆာန်များ လူဆိုး သူခိုး ဓါးပြတောပုန်းအ၀၀တို့နှင့် ပြွမ်းတည်း ကာ ဘေးအန္တရာယ်လွန်စွာ ထူပြောသော ဌာနတွင် နှစ်အတန် ကြာလာသည်တိုင်အောင် စွန့်စွန့်စားစား သတ္တုရှာနေသူများဖြစ်၍၊ ကျွန်တော်တို့မှာ (နှစ်ပေါင်းအတန်ကြာ) ဟုစာတွင် လွယ်ကူစွာ ရေးလိုက်ရစေကာမူ ထို(နှစ်ပေါင်းအတန်ကြာသည် ကျွန်တော်တို့အဘို့ သာယာ ကြည်လင်စွာ ကုန်လွန် ခဲ့ရသော အချိန်များမဟုတ်ဘဲ ဥတုရာသီနှင့်လည်း မကြာခဏ အတိုက်အခံ အကြိတ်အနယ် ပြုခဲ့ရခြင်း၊ လူဆိုးသူခိုး တောပုန်းဓါးပြ တောတိရစ္ဆာန် စသည်တို့နှင့်လည်း နင်လား ငါလား အခါများစွာ အသက်လု အနိုင်ယူခဲ့ရခြင်းတည်းဟူသော ခဲရာခဲဆစ်များကို ကျော်နင်းခဲ့ရခြင်းများကြောင့် အိပ် ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ အချိန်ရှိသမျှ ကျီးလန့်စာစားနှင့် ရှာလိုသောသံသတ္တုများကို ဇွဲကြီးစွာ ရှာဖွေနေခဲ့ကြသူများဖြစ်ရာ ကြာ သော မြန်မာစင်စစ် ဇာတိသွေး ဇာတိရုပ်များအား အရပ်ဒေသ၏သဘာ၀ရုပ်ဓါတ်နှင့် အမူအကျင့်က လွှမ်းမိုးထားခြင်းကြောင့် နှစ်ဦးစလုံးမှာပင် ရှမ်း တရုပ် ရုပ်ရေအဆင်း သဏ္ဌာန်နှင့်အသွင်ဟန်ခြားလျက် ရှိပြီးလျှင် ထိုအရပ်ဒေသတခွင်တွင် သုံးစွဲပြောဆိုကြသော ရှမ်း၊ မိုင်းသာ ရှမ်းတရုပ်၊ လ၀၊ စသော စကားများကို လျှာသွက်သွက် နှုတ်သွက်သွက် ပြောဆိုနိုင်ကြသော အခြေသို့ ရောက်ခဲ့ကြပါသည်။
ယခု နေရာတွင်ကား ရှမ်းနှင့်တရုပ်နယ်ကြား အရပ်၏အစွန်အဖျားကျဆုံးအရပ်ဒေသရှိ တောင်ကြားမြေ အရပ်ဖြစ်လေရာ ကျွန်တော်တို့မှာ အမှတ်မထင် မြေပြင်ပျံ့ပြူးသော နေရာကလေးတစ်ခုကို တွေ့ရသော ကြောင့် ပါလာသော ရွက်ထည်တဲကလေးကို ဖြန့်မိုးကာ ခေတ္တခဏစခမ်းချပြီး အနီးအနားတဝိုက်တွင် ရှိသော တောင်ကမ္ဘားတခုတွင် သံသတ္တုများ လှည့်လည်ရှာဖွေစုံစမ်းနေမိကြရာမှ တနေ့တွင် ကျွန်တော်တို့ ရှာဖွေနေ သော တောင်ကမ္ဘားမှ ရေညှိများတက်နေသော ကျောက်ရုပ်တရုပ်ကို တွေ့ရပါသည်၊ ထိုကျောက်ရုပ်၏ ရှေ့ မျက်နှာစာတည့်တည့်မှာလည်း အလျားခြောက်ပေ အနံနှစ်ပေခန့်ရှိ ပကတိမဟုတ် လူများစီထားသော ကျောက်ပုံတခုကို တွေ့ရလျက် ကျောက်ပုံ၏ခေါင်းရင်းမှာ ကျောက်တိုင်ပမာ ရှည်လျားသော ကျောက်ရိုင်း တုံးကြီးတတုံးကို စိုက်ထူထားသည်ကိုလည်း တွေ့ရပါသည်။
ကျွန်တော်တို့လည်း ထိုအရာများမှာ နှစ်ပေါင်းစွာက အမှတ်အသားတခုသော်၄င်း၊ သို့မဟုတ် နတ်ရုပ်ထု တခုခုသော်၄င်း ဖြစ်ရမည်ဟု တွေးမိကာ လူသွားလူလာမရှိသော ဤနယ်စပ်တောကြီးမျက်မည်းထဲတွင် ဤကျောက်ရုပ်၏ထူးခြားပုံကို စုံစမ်းကြည့်လိုဆန္ဒများ ပေါ်ပေါက်လာသောကြောင့် နှစ်ယောက်သား ရေညှိ ရေမှော်များ ဖုံးလွှမ်းလျက် ဍယင်ကောက်ပင် ကျောက်ပန်းခက်ပင်တွေ ပေါက်နေသော အဆိုပါ ကျောက်ရုပ် ကို ရှင်းလင်းခုတ်ထွင်သုတ်သင်ကြည့်ရှုလိုက်သောအခါ ပိုမိုအံ့အားသင့်လာမိပါတော့သည်။ ကျောက်ရုပ်မှာ လက်မြောက်သော ကျောက်ဆစ်ဆရာတို့ ထုလုပ်ထားသော လက်ရာများကဲ့သို့ သေသပ်ချောမွေ့ခြင်း မရှိ လှစေကာမူ လူတဦး၏ပုံ ပမ်းသဏ္ဌာန်ဖြစ်ကြောင်း သိရသည့်အပြင် မျက်လုံးမျက်ခုံးတို့မှာ ပီသခြင်းမရှိသော် လည်း မြင်းစီးဗိုလ်မှူးတဦး၏ပုံဖြစ်လျက် ခေါင်းဆောင်းသဏ္ဌာန်မှာ ရှေးက မြန်မာစစ်ဗိုလ်မှူးများ ဆောင်းလေ့ ရှိသော မောက်ရှူမောက်တိုခေါ် ခေါင်းဆောင်းနှင့်အနည်းငယ် သဏ္ဌာန်တူပေသည်။ ကျွန်တော်နှင့်မိတ်ဆွေ ကိုမင်းအောင်တို့မှာ မြန်မာဗိုလ်မှူးတဦး၏ကျောက်ရုပ်သည် မည်သို့သောနည်းဖြင့် ဤမျှလူသူအရောက် အပေါက်နည်းလှသောရှမ်းတရုပ်နယ်စပ် အစွန်အဖျားတွင် ရောက်ရှိနေကြောင်းကို အလွန်အမင်း သိချင် လှသော အာသာဆန္ဒပြင်းပြနေကြပါသည်၊ ထို့ကြောင့်ပင် ဤအနီး အပါးမှ မသိရသမျှ မခွာနိုင်ကြတော့ဘဲ တောတန်းသို့ နယ်ကျွံလာသော ဟင်းခူး-ထင်းခွေလာကြ တောင်ယာပဲခင်း စိုက်ပျိုးလာကြသူ ရှမ်းတရုပ်များ ကို မတွေ့တွေ့အောင် လိုက်လံရှာဖွေ မေးမြန်းခြင်းဖြင့် အချိန်ကုန်ခဲ့စေကာမူ မည်သူမျှ ထိုကျောက်ရုပ်၏ ရာဇ၀င်ကို မသိကြ မပြောနိုင်ကြပေ၊ အချို့သက် ကြီးသူအို ရှမ်းတရုပ်ကြီးများ မိုင်းသာအဘိုးကြီးများကို မေး မြန်းရာတွင်လည်း သေချာစွာ မပြောနိုင်၊
ရှေးအခါက ဤနေရာအနီးအပါးတွင် ရှမ်းတရုပ်ရွာငယ်တရွာ ရှိဘူးသည်ထင်ကြောင်း၊ ထိုအရုပ်မှာ ရွာသား များ ပူဇော်ပသသည့်နတ်ရုပ်နှင့်တူကြောင်း၊ အထင်နှင့်ပြောကြပြန်ပါသည်။ ကျွန်တော်တို့မှာ မြန်မာဆန်ဆန် အရုပ်ဖြစ်ကြောင်း သိရ၍ မည်သည့်နည်းနှင့်မျှ ရှမ်းတရုပ်ကိုးကွယ်သည့်နတ်ရုပ်မျိုးမဟုတ်ကြောင်း သိသဖြင့် ထိုအဖြေကို မကျေနပ် နိုင်ပေ၊ လူတို့မည်သည် မသိရသော အရာဖြစ်လေသိလိုလေဟူသောအလေ့အတိုင်း
နယ်စွန်နယ်ဖျားတွင် ထူးဆန်းစွာ တွေ့မြင်ရသော ထိုမြန်မာ ကျောက်ရုပ်၏အကြောင်းအရာ အတ္ထုပ္ပတ္တိကို မသိရသမျှ မအေးနိုင်တော့ချေ၊ ကျွန်တော်ထက် ကိုမင်းအောင်က ပိုမိုအပင်ပန်းခံကာ ရှာဖွေစုံစမ်းနေပေ သေးသည်။
သို့နှင့် ကိုမင်းအောင်မှာ လွန်ခဲ့သော ရက်အနည်းငယ်မှ နံနက်စာစားပြီးသောအချိန်မှစ၍ ရေတဗူး-မုန့်ကျွတ် နှစ်ခုနှင့် ဆေးတံတချောင်းကို ယူဆောင်ကာ နှစ်လုံးပြူးသေနတ်တလက်ကို ကိုင်၍ ကျောက်ရုပ်အတွက် စုံ စမ်းရန် ထွက်ခွါသွားသည်ဖြစ်ရာ ခုနစ်ရက်နှင့်တညနေစောင်းအချိန်တိုင်အောင် မပေါ်လာသေးဘဲ မြုပ်ချက် သားကောင်းလှသဖြင့် ကျွန်တော့်မှာ ကိုမင်းအောင်အတွက် အသက်အန္တရာယ်ကိုပင် စိုးရိမ်၍ နေမိပေတော့ သည်။
ထိုနေ့အဘို့လည်း ကျွန်တော်သည် တနေ့လုံး ပျင်းပျင်းရှိသည်နှင့် တွေ့ရှိသိမ်းဆည်းထားသော ကျောက်တုံး ကျောက်ခဲအချို့မှ သံသတ္တုကို ပါလာသော ကရိယာကလေးများနှင့်တနေကုန် ဓါတ်ခွဲကြည့်ရှုနေခြင်းဖြင့် အချိန်ဖြုန်းလာခဲ့ရာ ညနေစောင်းမှ ညောင်းညာလှသည်နှင့် အညောင်းဆန့်ရင်း တဲ၀သို့ထွက်ခါ ကိုမင်း အောင် ကို မျှော်မိပါသည်။
ကျွန်တော်သည် မျှော်ပင် မျှော်ရငြားလည်း မျှော်အားမရှိလှပါ။ စိတ်ထဲတွင် ကိုမင်းအောင် တခုခုဖြစ်နေပြီဟု စနိုးစနောင့်ဖြစ်လျက် အကယ်၍ ကိုမင်းအောင် ဘေးအန္တရာယ်တခုခုနှင့်တွေ့၍ အသက်သေဆုံးခဲ့သော် ကျွန်တော်တဦးတည်း အဖော်ကွဲလျက် တောကြီးမျက်မည်းတွင် သောင်တင်နေရစ်ရမည့်အရေးကနှလုံးအိမ် တွင် တဆွေးဆွေး ဖြစ်နေလေ၏။
ထို့ကြောင့် ဆေးတံကို စိတ်မပါ့တပါနှင့်မီးညှိကာ အမှတ်မထင်မျှော်လိုက်မိလျှင်ပင် ကုန်းမြင့်ကလေးတဘက် ဆီမှ လက်တဘက်မြှောက်ခါ...
"ကိုညန်ထွန်းရေ...ဟေ့-ကိုညန်ထွန်း"
ဟု၀မ်းသာအားရ ဟစ်ကြွေးခေါ်အော်ကာ အပြေးကလေးပြန်လာသော ကိုမင်းအောင်ကို တွေ့မြင်လိုက်ရ သည်။ ထိုအချိန်က ၀မ်းမြောက်ပုံမျိုးသည် ကျွန်တော်၏တသက်တွင် တကြိမ်တခါမျှ မကြုံဘူးခဲ့ပေ၊ ကျွန် တော်လည်း အပြေးအလွှား သွား၍ ကြိုဆိုမိကာ...
"ကိုမင်းအောင်...ကိုမင်းအောင် သွားလိုက်တာဗျာ ကျုပ်ဖြင့် ခင်ဗျားအတွက် စိတ်ပူလိုက်ရတာ"
ဟု ပြော၍မှ မဆုံးသေးမှီ...
"အို...ခင်ဗျား စိတ်ပူနေမှာ ကျုပ်အတတ်သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ သိချင်တဲ့ ဟော-ဟိုကျောက်ရုပ် အကြောင်းကို သဲလွန်စ ရဒါနဲ့ အရေးတကြီး လိုက်သွားဒါဗျ"
"အော်...သိပ်ဟန်လာဒါပေါ့၊ ဆိုစမ်းပါအုံးဗျာ၊ ဘယ်သူ့ကျောက်ရုပ်တဲ့လဲ"
"ခင်ဗျား အရင်တလောက ရန်ကုန်ထောင်ကြီးထဲမှာ ထောင်ထတဲ့မင်းသားတဦးကို သတိထားမိရဲ့လား၊ ညောင်အုပ်မင်းသား ညောင်ရမ်းမင်းသားတို့အနွယ်ထဲက စောနေဒွန်းတို့ စောနေ၀န်းတို့ဆိုတဲ့ညီအစ်ကို နှစ်ယောက်ကိုကော ကြားဘူးရဲ့လား၊ ဗမာပြေထဲမှာ မနေဘူးလေ၊ တယောက်က နယ်ခြားက တရုပ်ပိုင်ထဲ ကူးသွားပြီး တရုပ်တောပုန်း-ဓါးပြကြီးတွေနဲ့ ပူးပေါင်းနေတယ်၊ တခါတခါလဲ ဗမာနယ်စပ်ကို လာလာဒုက္ခ ပေး ကြတယ်"
"အင်း...ဟုတ်တယ်၊ သန့်သန့်တော့ ကြားဘူးတယ်၊ သေသေချာချာတော့ မသိဘူး၊ ပြောစမ်းပါအုံး မင်းသား စောနေဒွန်းတို့ စောနေ၀န်းတို့နဲ့ ဒီကျောက်ရုပ်နဲ့ ဘယ်လိုဆက်သွယ်နေသလဲ ဘယ်လိုဆက်သွယ်သလဲလို့ တော့ အသေအချာ မသိရသေးဘူး၊ ဒါပေတဲ့ စောနေဒွန်း-စောနေ၀န်းတို့ အသင်း၀င်လား၊ တရုပ်တောပုန်း ဓါးပြကြီးချန်စူးရဲ့အသင်း၀င်လားတော့ မသိဘူး၊ ဓါးပြဗိုလ်လူရွယ်ရွယ် ချောချောကလေးတဦးဟာ ဟောဒီ ကျောက်ရုပ်ကို တနှစ်တကြိမ် လာလာပြီး ကန်တော့တယ်၊ ဝါဆိုလပြည့်နေ့တိုင်း အမြဲလာတယ်တဲ့"
"ဟာ ဒါဖြင့် သိပ်ဟန်ကျဒါပေါ့၊ အခု ဝါဆိုလဆန်း ၁၃ ရက်ဆိုတော့ အံကျဘဲဗျို့၊ ကျုပ်တို့ သိပ်မစောင့်ရ တော့ဘူး"
"နေအုံးဗျ...ဆုံးအောင် နားထောင်အုံး၊ အဲဒီဓါးပြဗိုလ်ကလေးဟာ စိတ်လဲ အင်မတန် ထက်တယ်၊ ရက်စက်ရ မယ်ဆိုလဲ သူ့ကို ဘယ်သူမှ မမှီဘူး၊ တရုပ်တောပုန်းဓါးပြဗိုလ်ကြီးတွေကိုတောင် တခါတခါ သူက ခံချဒါတဲ့၊ ဗမာသော ရှမ်းသော တရုပ်သော မရှောင်ဘူး၊ သူနဲ့တွေ့တဲ့လူမှန်ရန် သူ့ဓါးသွားနဲ့ ရမ်းပစ်တာဘဲတဲ့၊ အဲ-တခု ရှိတယ် ဒီကျောက်ရုပ်ကိုလာပြီး ကန်တော့တဲ့နေ့ တနေ့ဟာဖြင့် သူဟာ အင်မတန် စိတ်ထားနူးညံ့လာတယ်၊ သူနဲ့ဘာတော်သလဲ မသိဘူး၊ ခေါင်းတုန်တုန်-လည်တုန်တုန်နဲ့ အသက်ခုနစ် ဆယ်ကျော်လောက်ရှိတဲ့ မိုင်း သာအိုမကြီးတယောက်လဲ ကျောက်ရုပ်ကန်တော့လာတိုင်း သူနဲ့အမြဲပါလာတတ်တယ်တဲ့၊ ဓါးပြဗိုလ်ကလေး ခရီးလွန်နေတဲ့အခါလဲ အမယ်ကြီးတဦးတည်းသာ လာတတ်တယ်တဲ့"
"ဒါဖြင့် အဲဒီဓါးပြဗိုလ်ကလေးနဲ့ တွေ့အောင်စောင့်ပြီး ဒီအရုပ်အကြောင်း မေးရမှာပေါ့"
"ဟုတ်တယ်...ဒါပေတဲ့ တခုတော့ စိုးရိမ်စရာရှိတယ်၊ ဓါးပြဗိုလ်ကလေးဟာ ကျုပ်တို့ကို အင်္ဂလိပ်အစိုးရ သူလျှို ထင်ပြီး မယုံသင်္ကာဖြစ်လို့ ရန်မူသွားမှာ စိုးရဒါတချက်၊ ဒီအရုပ်ကို ဘယ်သဘောနဲ့ နှစ်စဉ်လာကန် တော့သလဲ၊ သူကိုးကွယ်တဲ့နတ်အနေနဲ့ ကန်တော့ဒါလား၊ သို့မဟုတ် ဒီကျောက်ရုပ်နဲ့သူနဲ့ ဘယ်လိုအဆက် အသွယ်ရှိလို့ ရိုသေသမှု ပြုတဲ့အနေနဲ့ လာကန်တော့လေသလား၊ စဉ်းစားစရာတချက် နောက်ပြီးတော့ သူ့ ကိုဒီကျောက်ရုပ် အကြောင်းမေးရင် ကြိုက်မကြိုက် စဉ်းစားစရာတချက် ရှိသေးတယ်"
"အင်း...ဒါလဲ ဟုတ်တာဘဲ၊ တခုတော့ ရှိတယ်လေ ဘယ်နည်းနဲ့မဆို သူရိုသေသမှုပြုနေတဲ့ကျောက်ရုပ်ကို ကျုပ်တို့ကလဲ ရိုသေနေတဲ့အမူအရာ ပြထားရင် သူနဲ့စိတ်တူသဘောတူ ဖြစ်ပြီး နီးစပ်သွားမှာဘဲ"
"ဟုတ်ပီဗျို့...ကိုညန်ထွန်း၊ ခင်ဗျားဟာ နာမည်နဲ့လိုက်အောင် ဖြတ်ထိုးဉာဏ်ကလေးတွေ တယ်ထွန်းကားပါ ကလား၊ ကဲဗျာ-ခရီးပမ်းလိုက်တာ ခဏနားစမ်းပါရစေ၊ ကျွန်တော့်မှာ ဒီအကြောင်းကလေး သိဘို့ရာကိုဘဲ အသွားအပြန် ခုနစ်ရက်ခွဲတိတိ ဒုက္ခခံခဲ့ရတယ်"
ဟုဆိုကာ တဲငယ်အတွင်းသို့ ၀င်လာပြီး ပမ်းအားဖြေလေတော့သည်။ နောက်တရက်မှစ၍ ကျွန်တော်နှင့် ကိုမင်းအောင်တို့သည် ကျောက်ရုပ်၏ပတ်၀န်းကျင်တဝိုက်တွင် အမှိုက်သရိုက်များ လှည်းကျင်းသုတ်သင်ခြင်း ကျောက်ရုပ်တွင် ဖုံးလွှမ်းနေသော ရေညှိရေမှော်များကို ဆေးကြောပွတ်တိုက်ထားခြင်း၊ ကျောက်ရုပ်၏ ရှေ့ တွင်လည်း တောပန်းတောင်ပန်းများဖြင့် အလှပြင်ဆင်ထားခြင်းတို့ကို မောရမှန်း မသိအောင် ပြုပြင်ထားကြ ပါသည်။
နောက်တနေ့ကား ဝါဆိုလပြည့်နေ့ဖြစ်၍ နံနက်စောစောပင် အိပ်ရာမှထပြီး ရှမ်းလိုလို လအယ်လိုလို အ၀တ် အစားများကို မ၀တ်တော့ဘဲ ဗမာပီပီ လုံချည်၊ ရှပ်အင်္ကျီအပေါ် အင်္ကျီတို့ကို ၀တ်ဆင်ကာ ဓါးပြဗိုလ်ကလေး လာမည့်လမ်းကို မြှော်မှန်းလျှက်ရှိကြပါသည်။ သို့နှင့် ကျွန်တော်၏နာရီမှာ နံနက် ၁ျ၁ နာရီထိုး၍ ငါးမိနစ်မျှ ရှိလျှင်ပင် တဘက်သောတောင်ကြားဆီမှ ကျွန်တော်တို့ရှိရာသို့ တရွေ့ရွေ့လာနေကြသော လူတအုပ်ကို တွေ့မြင်ရပါသည်။ ထိုလူအုပ်မှာ လူမများဘဲ စုစုပေါင်းနှစ်ဆယ်လောက်သာရှိလျှက် အလယ်မှ တရုပ်ပြည် တွင် အသုံးပြုလေ့ရှိသော အ၀တ်မိုးအ၀တ်ကာနှင့်ထမ်းစင်ငယ်တခုကို လူလေးယောက်က ထမ်းလာပြီး ကျန်လူများမှာ လှံများ ရဲတင်းများကို ကိုင်ဆောင်၍ ထမ်းစင်၏ရှေ့နှင့်နောက်မှ ခြံရံလိုက်ပါလာကြသည်ကို တွေ့ရပေသည်။
ကျွန်တော်နှင့်ကိုမင်းအောင်တို့လည်း ဓါးပြဗိုလ်ကလေးတို့ လူစုဖြစ်ကြောင်း မြင်ရုံနှင့်သိရပါသည်။ လက်နက် ကိုင် တပည့်တွေလည်း ပါလာသောကြောင့် အကယ်၍သာ ကျွန်တော်တို့နှင့်ဘောကျကြမည်ဆိုကအတော် ကြောက်စရာ ကောင်းပေလိမ့်မည်ဟုတွေးမိပါသည်၊ သို့ရာတွင် ကျောက်ရုပ်၏ရာဇ၀င်ကို သိချင်သော ဆန္ဒ က ပြင်းပြနေသူများ ဖြစ်သည့်အားလျှော်စွာ အရေးအရာ ပေါ်လျှင် အသုံးပြုရန် ခါးကြားတွင် ယမ်းတောင့် အပြည့်နှင့်အသင့်ထည့်ထားသောခြောက်လုံးပြူးများကို စမ်းသပ်ခါ စောင့်စားနေမိကြပါသည်။ သို့နှင့် တခဏ မျှကြာလျှင် ယခင်လူတစုသည် ကျောက်ရပ်အနီးသို့ ရောက်လာကြပြီး ကျောက်ရုပ်အနီးတွင် တစိမ်းနှစ်ဦးကို တွေ့၍ ပြူးတူးပြဲတဲဖြစ်နေကြရာမှ ထမ်းစင်အတွင်းကလူကို ရှမ်းတရုပ်စကားနှင့်တီးတိုးပြောလိုက်ကြသည်ကို တွေ့ရပါသည်။ ထိုခဏ၌ ထမ်းစင်အတွင်းမှ လူသည် တင်းတိမ်ကလေးကို ဖွင့်လျှက်၊ ကျွန်တော်တို့ကို ကြည့် နေပါသည်။ ရှေးဦးစွာသော် ကျွန်တော်တို့သည် ထမ်းစင်အတွင်းမှ ဓါးပြဗိုလ်ကလေးဆိုသူပင် ဖြစ်တန်ရာ၏ ဟု ထင်မိသော်လည်း မြင်ရသောအခါ အသက် ၇၀ အရွယ် အိုမင်းရင့်ရော်လှပြီဖြစ်သော မိုင်းသာအမယ် အိုကြီးတဦးတည်းသာ တွေ့မြင်ရသဖြင့် ဓါးပြဗိုလ်ကလေး မပါလာကြောင်း သိရလေသည်။ အမယ်အိုကြီး သည် ကျွန်တော်တို့ကို မြင်သောအခါ ကျောက်ရုပ်ကို ရှင်းလင်းသုတ်သင်နေသူများဖြစ်ကြောင်း၊ မြင်ရုံနှင့် စဉ်းစားမိ၍လောမသိ၊ ရန်မမူပေ။ အကြီးအမှူးဖြစ်သော အမယ်အိုကြီးက ရန်မမူလိုသောကြောင့် တပည့်များ လည်း ဧချမ်းသွားကြပုံရလေသည်။ ထို့နောက် အမယ်အိုကြီးသည် ထမ်းစင်ပေါ်မှ ဆင်းကာ ကျောက်ရုပ်ရှိ ရာသို့ လူတွဲနှင့်ရေလျှာက်လာလေသည်။ ကျွန်တော်တို့ကလည်း သူတို့အား ရန်လိုသောအမူအရာကို မပြဘဲ အမယ်အိုကြီးကို ရိုသေသမှုနှင့် ခေါင်းညွှတ်ခါပင် ကြိုဆိုလိုက်ပါသည်။
အမယ်အိုကြီးသည် ကျွန်တော်တို့နှစ်ဦးအား တခါမျှ မမြင်ဘူးသောလူမျိုးတမျိုးကို တွေ့မြင်ရဘိအလား၊ စိမ်းစိမ်းစားစား ခြေဆုံးခေါင်းဆုံး စိုက်ကြည့်ပြီးမှ ရှမ်းတရုပ်ဘာသာစကားဖြင့်...
"မင်းတို့ ဘာလူမျိုးတွေလဲ ဒီကို ဘာလာလုပ်ကြတာလဲ"
ဟုမေးရာ ကျွန်တော်တို့ကလည်း ရှမ်းတရုပ်စကားနှင့်ပင်...
"ကျွန်တော်တို့ ဗမာလူမျိုးတွေပါ၊ သတ္တုလာရှာပါတယ်၊ ဒီအရုပ်ကို တွေ့ရတော့ ကျွန်တော်တို့ ဗမာလူမျိုးရဲ့ အရုပ်တခုဖြစ်နေတာကြောင့် ဘာရယ်လို့မသိရပေတဲ့ ကြည်ညိုတာနဲ့ အရိုအသေပြုနေပါတယ်"
ဟု ပြောလိုက်သောအခါ အမယ်ကြီးမှာ အတော်အံ့ဩသွားပုံနှင့် ကျွန်တော်တို့အား သေချာစွာ ကြည့်ပြန်ပါ သည်။
"ဟင်...မင်းတို့ ဗမာလူမျိုး ဟုတ်ကဲ့လား"
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဗမာလူမျိုးအစစ်ပါဘဲ"
"ဒါဖြင့် ဗမာစကား ပြောစမ်း"
"ကျွန်တော်တို့ ဗမာလူမျိုးပါခင်ဗျား"(ဗမာစကားနှင့်ပြောသည်)
"ဟုတ်ပီ မင်းတို့ပြောလိုက်တဲ့စကားကတော့ ဗမာစကားဘဲ၊ သို့ပေတဲ့ မင်းတို့၀တ်ထားတဲ့အ၀တ်ဟာ ဗမာလူ မျိုးအ၀တ်အစား မဟုတ်ဘူး"
ဟု ခပ်ဝဲဝဲ ဗမာစားနှင့်ပြောလိုက်သောအခါ ကျွန်တော်တို့မှာ ဗမာစကား ကောင်းစွာ ပြောတတ်သောမိုင်းသာ အိုမကြီးအား အံ့ဩခြင်း-၀မ်းမြောက်ခြင်းများဖြင့် တပြိုင်နက် ကြည့်နေမိပါသည်၊ ထိုအခါ အမေအိုကြီးသည် စကားကို ဆက်လက်၍...
"ငါလဲ ဗမာဘဲ၊ ဒါပေတဲ့ ဗမာပြေက ထွက်လာဒါ အနှစ်ငါးဆယ်ကျော်ပြီ၊ တခါမှ ဗမာကို မမြင်ရတော့ဘူး၊ ငါ သိတဲ့ဗမာတွေဟာ မင်းတို့လို ခေါင်းမှာ ဆံပင်ဘုတ်စုကလေးတွေနဲ့ မဟုတ်ဘူး၊ ဆံပင်အရှည်-အချို့ပုဝါ ပေါင်းတယ်၊ ၀တ်တဲ့အ၀တ်လဲ ဒီအ၀တ်မျိုး မဟုတ်ဘူး။"
ဟု တိုက်ပုံအင်္ကျီနှင့်လုံချည်များကိုပြ၊ ခေါင်းကဗိုလ်ကေကို ကိုင်ပြနှင့် လုပ်ပြန်ပါသည်။
"ဟုတ်ပါတယ်၊ ဗမာတွေဟာ လွန်ခဲ့တဲ့အနှစ်ငါးဆယ်လောက်က အ၀တ်အစားနဲ့အခုအ၀တ်အစား မတူကြ တော့ပါဘူး၊ ကျွန်တော်တို့လို ယောက်ျားများထက် မိန်းမများက သာပြီးပြောင်းလဲနေပါသေးတယ်"
ဟုပြောသောအခါ အမယ်အိုသည်...
"အော်"
ဟုရှေရှေကြီး ညီးကာ ခေါင်းဆပ်နေရှာပါသည်။ ဤတွင် ကျွန်တော်တို့နှင့် မိုင်းသာအမယ်အိုကြီးတို့တွေ့လျှင် တွေ့ခြင်း လေပေးဖြောင့်သွားကြကာ ဗမာပြည်အကြောင်း သူမေးလိုရာတွေ ရှောက်မေး၍ ကျွန်တော်တို့က စိတ်ရှည်စွာ ဖြေကြားခြင်း၊ ကျွန်တော်တို့သိလိုသော ကျောက်ရုပ်အကြောင်းကို အမယ်အိုကြီးက ခရားစေ့ တွင်းကျ သေချာဂနစွာ အစီအစဉ်နှင့် ပြောပြခြင်း ပြုရှာတော့သည်ဖြစ်ရာ ကျွန်တော်တို့ ကြားခဲ့ရသမျှ အဆို ပါ အတ္ထုပ္ပတ္တိအား ကျွန်တော်တို့သိကြသကဲ့သို့ အများထပ်တူ သိရှိတော်မူကြစေရန် နိုင်ငံကျော်စာရေး ဆရာမကြီး ဒဂုန်ခင်ခင်လေးအား စီကာပတ်ကုံး ဖွဲ့နွဲ့ရေးသားကာ တိုင်းပြည်သို့ ဖြန့်ဖြူးဝေငှစေရခြင်း ဖြစ်ပါ တော့ကြောင်း၊
ဗမာတမျိုးလုံး ကြီးပွားတိုးတက်၍ လွတ်လပ်ကြပါစေ၊
ညန်ထွန်း၊
မင်းအောင်၊
ရွှေစွန်ညို
အခဏ်း ၁၊ ညို့ညို့ဆိုင်းဆိုင်းနှင့် မှိုင်းဝေရီမှောင်သော တောင်စဉ်တောင်ထွဋ်တို့အလယ်၊ အသွယ်သွယ် သော စိမ့်စမ်းရေတံခွန်နှင့် ဟေမ၀န်မြိုင်နန်းကြီးအတွင်း၌ အစဉ်တစိုက် စုလိုက် အုပ်လိုက် တရွေ့ရွေ့ တလျားလျား သွားနေသော လှည်းတန်းကြီးတခုကား မိုးနဲမြို့သို့ စျေးနေ့အမှီ အရောင်းအ၀ယ် လိုက်ကြ သော လူတစု၏လှည်းတန်းကြီးဖြစ်လေ၏။ အဆိုပါလှည်းတန်းကြီးသည် မြေပေါ်တွင် တွား၍သွားနေသော ပိုးတီကောင်ကြီးသဘွယ် အသွယ်သွယ်သော တောအုပ်တောင်တန်းများကို ဖြတ်သန်းကျော်လွန်လာပြီး နောက် တခုသောရေတံခွန်စမ်းချောင်းအနီးရှိ ကျယ်ပြန့်သော လွင်ပြင်အရပ်တခုသို့ ရောက်လျှင် ပစ္စည်း ၀န်စည်အပြည့်ပါသော အမိုးပိတ်လှည်းကြီးများအနက် ရှေ့ဆုံးလှည်းမှ လှည်းအုပ်ဖြစ်သော ရှမ်းလူမျိုးတဦး က မတ်တပ်ထ၍ နောက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် နောက်လိုက်လှည်းများမှာလည်း ခရီးညွှန်ကြားသူလှည်းအုပ်၏အမိန့်စကားကြားရလျှင် နံနက်စာအတွက် ချက်ပြုတ်စားသောက်ချိန် ရောက် ပြီဟူသော အထိမ်းအမှတ်ကို သိကြသဖြင့် လှည်းများကို ကိုယ်စီရပ်ခါ လှည်းဝိုင်းချ ရပ်နားလိုက်ကြလေ၏။
မြင့်မတ်သောတောင်ကမ္ဘားတခုပေါ်မှ မြင်းညိုကြီးကို စီးလျက် သပြေညိုရောင် ခြုံထည်ကြီးတခုကို သိုင်းခြုံ ကာ ခေါင်းတွင် ရွှေရောင်တဝင်း၀င်းရှိသော သိန်းစွန်ငှက်သဏ္ဌာန်ထုလုပ်ထားသည့် မောက်တိုကို မေးသိုင်း ကြိုးနှင့်ကျနသေသပ်စွာ ဆောင်းဆင်ထားသော ခွန်အားဗလကောင်းသည့်နုနယ်ပျိုရွယ်သော လုလင်ပျို တဦးသည် အနောက်နိုင်ငံထွက် ရှေးကျသော မှန်ပြောင်းတခုနှင့် တောင်ကြားမြေကွက်လပ်တွင် စတည်းချ နေသော လှည်းဝိုင်းကြီးကို စေ့စပ်သေချာစွာ ကြည့်ရှုလျက် ရှိလေ၏။
မှန်ပြောင်း၀တွင် တွေ့မြင်ရသော လှည်းအုပ်ကြီးပါ လူတစုမှာ တောရော မြို့ပါ ရှမ်းမြန်မာအမြောက်အမြား နှင့်စွန့်စွန့်စားစား စီးပွားရှာလာကြသူ အနည်းငယ်မျှသော တရုပ် ကုလား စသဖြင့် လူပေါင်းစုံပါ၀င်၍ အချို့ လည်း ကိုယ့်လူစုနှင့်ကိုယ် ချက်ပြုတ်စားသောက်လျက် အချို့လည်း အနီးရှိ ချောင်းငယ်မှ ရေများကို အလို ရှိရာ သယ်ယူ၍၄င်း၊ အချို့ရေချိုးလျှော်ဖွပ်၍၄င်း၊ အချို့သောသူတို့လည်း အချင်းချင်းသင့်ရာ ပြောဆိုတိုင်ပင် နှီးနှော၍၊ အချို့လည်း ရောင်းချရန် သယ်ယူလာသော ပစ္စည်းများ ပြသစျေးနှုန်း တွက်ချက်နေကြလေ၏။
လုလင်ပျိုသည် မှန်ပြောင်းကို မျက်လုံးမှ ခွါလိုက်ခါ စိတ်ကျေနပ်သွားသကဲ့သို့ တဦးတည်း ခပ်ပြုံးပြုံး ခေါင်း ညိမ့်လိုက်ပြီး မိမိ၏မြင်းကြီးကို ဖနောင့်နှင့်တချက်မျှ တို့လိုက်ရာ၊ မြင့်ကြီးမှာ တိမ်ယာဉ်ပျံသိေန္ဓာနတ်မြင်း ကြီးအလား၊ လွှားကနဲ ပဒပ်ရပ်ပြီး ကမ္ဘားကြီးထိပ်မှ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။ လှည်းဝိုင်းကြီးမှ လူတစုကား အချိန်ရခိုက် လုလ္လစိုက်ခါ နံနက်စာအဘို့ကို ကိုယ့်ဆိုင်ရာ ဆိုင်ရာ လူစုအတိုင်း ဝိုင်းဖွဲ့ချက် ပြုတ်စားသောက်နေကြမြဲ နေကြလေသေးသည်။ ထိုလူတစုတွင် ရွှေမြို့တော်ကြီးမှ ခင်ဘုန်းမြင့်ဆိုသူ မိန်းမ ပျိုကလေးတဦးမှာလည်း အစေခံမိန်းမဖော်နှစ်ဦးနှင့် မိုးနဲမြို့သို့ ခရီးသည်အဖြစ် လိုက်ပါလာလေရာ၊ အဆိုပါ ခင်ဘုန်းမြင့်မှာ ထီးသွေးနန်းဟန်နှင့် ကြန်အင်လက္ခဏာပြေပြစ်လှချော မြင်သူမောမလောက်ရှိသော သူ၏ နဂိုရ်ရုပ်ကို လျှို့ဝှက်ဖုံးဖိကာ အမျိုးအမည်မထင်ရှားသော သာမန်ခရီးသည်မိန်းမသားတဦးကဲ့သို့ အမှတ် မထင် လိုက်ပါလာလေ၏။
ခင်ဘုန်းမြင့်သည် ခြေညောင်းလက်ဆန့်ပြုရန် လှည်းပေါ်မှ ဆင်းကာ နောက်ပါမိန်းမနှစ်ယောက်နှင့်အတူ မနီးမဝေးရှိ စမ်းချောင်းထိပ်မှ ကျောက်တုံးကြီးတခုဆီသို့ ရောက်လာလေ၏။ ခင်ဘုန်းမြင့်မှာ ကျောက်တုံးထိပ် မှ ရပ်ခါ မိမိတို့လာခဲ့သောလမ်းကြီးကို အစဉ်တစိုက်ပြန်လည်ရှုမျှော်လိုက်ပြီး စိတ်ထဲတွင် သူ၏ဇာတိဌာနဆီ သို့ သတိရလာဘိအလား မျက်နှာများ ညိုသွားသည်ကို တွေ့ရသောအခါ နောက်ပါးမှ ပါလာသော အစေခံ မိန်းမဖော်နှစ်ယောက်သည် တယောက်မျက်နှာတယောက်ကြည့်လျက် လက်တို့ခြေတို့နှင့်-
"ဘယ့်နဲ့လဲအေ့ သူဇာ၊ မဘုရားလေး ဒီနေ့ တယ်ပြီး မျက်နှာ မသာပါလား"
"ဟုတ်တယ် မာလာရေ့ လာခဲ့တဲ့လမ်းကို မျှော်မှန်းပြီး မျက်နှာလေး အတော်ညှိုးနွမ်းသွားတယ်"
မာလာ။ ။"ခရီးကလဲ ပမ်း၊ လမ်းကလဲ ကြမ်း၊ ဒီလိုကြောက်စရာကောင်းတဲ့တောလမ်းခရီးမျိုးကိုလဲ မအေ မွေးတဲ့နေ့ကစပြီး ဒီတခါသာ စွန့်စွန့်စားစားနဲ့၊ ရဲအားကိုးပြီး ထွက်လာခဲ့ရဒါကလားအေ၊ မဘုရားလေး သတ္တိ ကောင်းလို့သာ ဒီအနေလောက်ခံနိုင်ရေရှိသေးဒါ၊ သူများတကာဆိုရင်"
သူဇာ။ ။"ဟေ့...ဟေ့...လာ ဟိုမှာ မဘုရားလေး လက်ယပ်ခေါ်နေပြီ"
ခင်ဘုန်းမြင့်သည် ကျောက်ကမူကလေးသဘွယ် စွန်းထွက်နေသော ကျောက်တုံးတခုပေါ်တွင် တင်ပါးလွှဲ ထိုင်ကာ တောအထပ်ထပ် တောင်အသွယ်သွယ်ကို မျှော်မှန်းနေရာမှ အနီးသို့ရောက်လာသော သူဇာနှင့် မာလာတို့အား...
"သူဇာတို့-မာလာတို့ရေ တို့ဖြင့် ရွှေမြို့တော်ကြီးနဲ့ တဖြည်းဖြည်း ဝေးလာကြပြီနော်"
ဟု ညှိုးငယ်သောမျက်နှာနှင့် ပြောလိုက်လေ၏။
သူဇာ။ ။"လွမ်းတော်မူသလား မဘုရားလေးရဲ့"
မြင့်။ ။"ကိုယ့်ဇာတိ-ကိုယ့်နေရပ်ဆိုတော့ လွမ်းတာပေါ့အေ့"
မာလာ။ ။"ဒီလိုလွမ်းနေမှဖြင့်လဲ တောကြီးတောင်ကြီးထဲကို ဘာပြုလို့ ဒုက္ခခံပြီး ထွက်ပြေးလာရသေးလဲ ဘုရာ့၊ နေသာရင် ခုလိုဒုက္ခခံပြီး ပြေးလာစရာမလိုပါဘူး။"
သူဇာ။ ။"အော်...စပ်မိလို့ရှိမှ ပြေးလာရတဲ့အကြောင်းကလေး တဆိတ်အမိန့်ရှိပါလား မဘုရားလေးရယ်၊ ဖျကျမတို့မှာ မဘုရားလေး အရေးတကြီးခေါ်လို့သာ ပြာရီးပြာရာ ထလိုက်လာရတယ်၊ ဘာအကျိုး ဘာအ ကြောင်းမှ မသိရသေးဘူးဘုရာ့"
မြင့်။ ။"အေး-အေး-ညီးတို့ သိချင်လဲ ပြောရဒါပေါ့၊ ငါ့ပြေးလာရတဲ့အကြောင်းက ဒီလိုအေ့၊ တိုတိုပြောရမှာဖြင့် ဘဘဘုရားက အတွင်း၀န်ရာထူးရအောင် ငါ့ကို ရွှေနန်းရှင်ဘုရား ဆက်မယ်လို့ မေမေဘုရားနဲ့ ကြိတ်ပြီး ကြံ နေကြတယ်၊ သူတို့ကို ကြိုးဆွဲ ကြိုးကိုင်လုပ်နေဒါကလဲ ရွှေနန်းရှင်ဘုရားက အင်မတန် သဒ္ဓါတော်မူနေတဲ့ အတွင်း၀န်ကြီးတပါးအေ့၊ ဆက်တော့မယ့်နေ့ပိုင်းရက်ပိုင်းကလေးလောက်သာ လိုတော့တယ်၊ ဒါကြောင့် ငါ့မှာ မိဖုရားဖြစ်ရမှာ ကြက်သီးမွှေးညှင်းထအောင် ကြောက်လွန်းလို့ ခုလို တိတ်တဆိတ် ကြိတ်ပြီး ထွက်ပြေး လာခဲ့တာကလား"
မာလာ။ ။(ရင်ကို ပုတ်ခါ အံ့ဩသောမျက်နှာနှင့်)"မိဖုရားဖြစ်ရမှာ ကြောက်ရတယ်လို့များ ရှိရသေး မဘုရားလေးရယ်၊ ဖျကျမတို့များ ဖြစ်ချင်လွန်းလို့ ဆုတောင်းနေတာတောင် မိဖုယားထားလို့ လူပျိုတော်သား ရဲ့မယားတောင် မဖြစ်နိုင်လို့ခက်နေသေးတယ်"
သူဇာ။ ။"ဟုတ်တယ်...ညီးလို မဲမဲခြောက်ခြောက် ပိန်ပိန်လိမ်လိမ်ရုပ်မျိုးကို လူပျိုတော်သားတွေက မမြင် ဘူးတော့ ဒို့လိုဖြူဖြူတုတ်တုတ် တပွေ့တပိုက်ကြီးမျိုးဆိုရင်လဲ ဟုတ်သေးရဲ့"
မာလာ။ ။(ရယ်လျှက်)"နို့မသူဇာကို ဖြူဖြူတုတ်တုတ်ကြီးမို့၊ လူပျိုတော်တွေ ဝိုင်းကြိုက်နေလို့ ရီးစားတွေ မှို လိုပေါက်နေမှာဘဲနော်"
သူဇာ။ ။"ဟင့်အင်း...တယောက်မှ မရှိပါဘူး၊ ကျုပ်က ဒါလောက်များ မမှန်းသေးဘူး-ရှင်မာလာရဲ့၊ တကဲ့ အဓိပတိကြီးတွေကို ချိန်နေတာ၊ ကိုယ့်အတွက်ဆိုက်ပဟဲ့လို့နေတုန်း၊ ဗြုံးကနဲ မဘုရားက ခေါ်လာလို့ လိုက် လာရတယ်၊ လွဲချင်တော့ ဒီလိုကြံဖန်ပြီး ဖြစ်ရတာဘဲလေ၊ စိတ်လဲမဆိုးနဲ့ဘုရာ့၊ မဘုရားလေးလဲ မိဖုရားဖြစ်မဲ့ ဆဲဆဲက ခုလိုထွက်ပြေးလာတာ အင်မတန် လွဲတယ်လို့ ထင်တာဘဲဘုရာ့"
ဟု ၀မ်းနည်းသံနှင့်ပြောလေ၏။
မာလာ။ ။"ဟုတ်ပါရဲ့ မဘုရားလေးရယ်၊ မသူဇာ ၀န်ကြီးကတော်မဖြစ်ရတာထက် မမဘုရားလေး မိဖုရား မဖြစ်ရတာ နာတာဘဲဘုရာ့"
သူဇာ။ ။"ဟုတ်သားဘဲ မဘုရားလေးရယ်၊ ခုနှယ် မေဘုရားကြီးလဲ မဘုရားလေးပျောက်လို့ ဒုက္ခရောက် ရှာလှရော့မယ်၊ ပြန်ကြပါစို့ဘုရာ့"
ခင်ဘုန်းမြင့်သည် ရုတ်တရက် မျက်မှောင်ကုတ်ခါ မျက်နှာထားတင်းတင်းနှင်...
"ဟေ့-တော်ကြ တော်ကြ၊ ညီးတို့က ဘာစကားတွေ ပြောနေကြတာလဲ၊ ဘဘဘုရားနဲ့မေမေဘုရားတို့ စကားမှ နားမထောင်ဘဲ ထွက်ပြေးလာခဲ့သေးတာ၊ ခုမှ ညီးတို့စကားကို နားထောင်နေရအုံးမှာလား၊ ညီးတို့ သဘောမကျလို့ ငါ့နောက် မလိုက်ချင်ကြရင် ပြန်သွားကြ"
ဟု ပြောလိုက်သောအခါ သူဇာနှင့်မာလာတို့မှာ ပြုံးကာရယ်ကာနှင့် မိမိတို့သခင်မကို ချော့မော့ပြီး-
"အို...မဘုရားလေး စိတ်ဆိုးတော်မူရင်လဲ မပြောပါဘူး၊ ဖျကျမတို့ မဘုရားလေး ကောင်းစားကြီးကျယ်တာ မြင်ချင်တဲ့အတွက် ပြောနေတာပါ"
မြင့်။ ။"အေးလေ...ညီးတို့ကတော့ အတွင်းရေးကို မသိရှာကြတဲ့အတွက် မိဖုရားမဖြစ်ချင်လို့ ထွက်ပြေးလာ တာကို အံ့ဩမယ်ဆိုလဲ အံ့ဩစရာပေါ့၊ ဒီတော့ ငါဘာကြောင့် မိဖုရား မဖြစ်လိုဘူးဆိုတာ ပြောပြမယ်၊ ဒီနား တိုး နားထောင်ကြ"
သူဇာနှင့်မာလာတို့သည် ခင်ဘုန်းမြင့် တင်ပါးလွှဲ ထိုင်နေသောကျောက်တုံးကြီးအနီးသို့ ကပ်ထိုင်ကာ စိတ် အားထက်သန်စွာ နားထောင်နေကြလေ၏။
မြင့်။ ။"မိန်းမဘ၀မှာ ရှင်ဘုရင်ကတော်ဖြစ်ရတာဟာ အတန်းကုန်ဘဲအေ့၊ ဘယ်သူမဆို ရှင်ဘုရင်ရဲ့မြောက် သားတော်ဖြစ်ချင်ကြတာပေါ့၊ ဒါပေမဲ့ ဒို့လက်ထက်မှာ ဘုရင်ဖြစ်နေရှာတဲ့သီပေါရွှေနန်းရှင်ခမြာမှာတော့ မိဖုရားကြီးရဲ့ဩဇာက တနန်းတော်လုံးကို လွှမ်းဖုံးနေတယ်၊ အဲဒီလို ဘုရင်ထက် မိဖုရားကြီးက ဩဇာကြီးရုံ မက မိဖုရားကြီးရဲ့စိတ်တော်ကလဲ ခက်ထန်တော်မူလွန်းတော့ မိဖုရားငယ်ဖြစ်ရတဲ့သူများ အသက် အန္တရာယ် မကင်းဘူးအေ့"
သူဇာ။ ။"ဟုတ်တယ် မာလာရေ့၊ မဘုရားကလေးပြောတော်မူမှ သတိရတယ်၊ ဒို့ရွှေနန်းရှင်မင်းကလေး ဟာ သူများရှင်ဘုရင်များလို မိဖုရားကြီးမှတပါး ဆောင်ရ နန်းရ မိဖုရားငယ်ဆိုလို့ တဦးမှမရှိဘူး၊ ဒါဟာ သူ့ မိဖုရားကြီးကို ရွံ့တော်မူလို့ အပိုမိဖုရား မထားရတာနဲ့တူတယ်"
မြင့်။ ။"အို...ငါပြောရင် ငြိမ်ငြိမ်နားထောင်စမ်းပါအုံး၊ မိသူဇာကဖြင့် အင်မတန် လျှာအတက်ပေါက်ချင်တယ်"
သူဇာ။ ။"ကဲ...ကဲ...ဆက်ပြီး မိန့်တော်မူပါ၊ ဖျကျမများ ငြိမ်ငြိမ်နားထောင်ပါ့မယ်"
မြင့်။ ။"ဒိုင်းအတွင်း၀န်သ္မီးနဲ့ပင်းအတွင်း၀န်သ္မီးများကောက်တော်မူတုန်းကခမြာများလဲ မိဖုရားကလေးဘ၀မှ ထင်ထင်ပေါ်ပေါ်မရောက်ရရှာသေးခင် ဒုက္ခဘေးကြီး အဆိုက်ခံကြရရှာတယ်၊ သူတို့တွင် မကသေးဘူး၊ ဒီကိစ္စမှာ အားပေးကူညီမိကြတဲ့ ရနောင်မင်းသား၊ ပင်းသာမင်းသား၊ တောင်သမန်လယ်စား၊ အက္ကပါတ် မြင်း ၀န်တို့လဲ တသီတသန်းကြီး ရာဇ၀တ်သင့်ခံသွားကြရတာ ညီးတို့ မကြားလိုက်ဘူးလား"
မာလာ။ ။"ဪ...ကြားတယ်ဘုရာ့၊ ကြားတယ် ကြားတယ် ဘာကြောင့်ရယ်လို့တော့ သေသေချာချာ မသိဘူး၊ ဖျကျမတို့ရဲ့မောင်တ၀မ်းကွဲတော်ကလေးတယောက်ဟာ တိုင်တားမင်းကြီးအိမ်တော်မြင်းဇောင်းမှာ အမှုထမ်းရတာနဲ့ သူမြင်ရတဲ့အတိုင်းပြောပြလို့ ဖျကျမ သနားလိုက်တာလေ၊ ဒိုင်း၀န်သ္မီးခင်ခင်ကြီးဆိုတာ လှလိုက်တာလဲ လွန်လို့တဲ့၊ ဘယ်လိုရာဇ၀တ်မှုမျိုးရယ်လို့တော့ မသိဘူးဘုရာ့၊ တိုင်တားမင်းကြီး မြင်းဇောင်း ထဲမှာ ကြိုးနဲ့တုပ်ပြီး ၄-၅ ရက်ထားသတဲ့၊ ခင်ခင်ကြီးကလဲ နေ့တိုင်း နေ့တိုင်းငိုပြီး လွှတ်ဘို့ရာ မင်းကြီးကို တောင်းပန်နေရှာတယ်၊ တိုင်တားမင်းကြီးကလဲ သနားရှာလွန်းလို့တဲ့၊ ခင်ကြီးရယ် ဘိုးဘိုးလဲ မကယ်နိုင်ဘူး ကွယ့်၊ အမိန့်တော်ကြီးက ပြင်းထန်လွန်းလို့ ဘိုးဘိုး အသက်ရှူကြပ်လှသကွယ်နဲ့ နေ့တိုင်း ပြန်ပြန်ပြောရှာ သတဲ့ဘုရာ့၊ အဲဒီလိုနဲ့ နောက် ၂ ရက်လောက်ရှိတော့ ပါးကွက်နှစ်ယောက် ပေါက်လာပြီး ခင်ခင်ကြီးကို မြင်း ဇောင်းထဲက ထုတ်သွားတာဘဲတဲ့ဘုရာ့၊ ဒီဟာ ခုနင်က မဘုရားလေးမိန့်တော်မူတဲ့အတိုင်း ဘုရင်ကောက် လို့ ရာဇ၀တ်မှု ရောက်ရရှာတာနေမှာဘဲနော်"
မြင့်။ ။"နေမှာဘဲ မဟုတ်ဘူး၊ ဒီအပြစ်ကြောင့် သေရတာ အမှန်ဘဲ၊ အဲဒီတော့ တခြားမိဖုရားခေါင်ကြီးတွေလို ဆောင်ရ နန်းရ မိဖုရားငယ်တွေအပေါ်မှာ ညှာတာတတ်တဲ့မိဖုရားခေါင်ကြီးမျိုး မဟုတ်သူရဲ့လက်အောက် မှာ မိဖုရားငယ်ဖြစ်ရလို့ ဘယ်မှာအရသာရှိနိုင်ပါ့မလဲ၊ နှစ်ရက် တမွန်းတည့်လောက် မိဖုရားကလေးဖြစ်ရမဲ့ အတွက် အသက်နဲ့လဲယူရမှာကြီးတော့ ညီးဖြင့် လုပ်ချင်မလားလို့ စဉ်းစားကြည့်စမ်းပါလား..."
သူဇာနှင့်မာလာတို့သည် ကြောက်ကြောက်ရွံ့ရွံ့နှင့်ကြောတွန့်၍ သွားကြလေ၏။
မာလာ။ ။"အလိုလေး...ဒီလိုဆိုတော့ ကြောက်စရာကြီးပါလား၊ ဒါနဲ့များ မေမေဘုရားကြီးတို့က မဘုရား လေးကို ဘာပြုမဲ့ ဆက်ချင်ကြပါလိမ့်နော်"
မြင့်။ ။"ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့လူစားတွေက ရွှေနန်းရှင်ဘုရားရဲ့ဆုတော်လာဘ်တော်ကို မျှော်ပြီး အဘိုးကြီး အမယ်ကြီးကို ဘေးမရှိလေဟန်နဲ့ ကြံကြံဖန်ဖန် အယုံသွင်းပြီး နားချနေကြတာကိုးအေ့"
သူဇာ။ ။"နန်းမတော်ကြီးကလဲ တယ်စည်းကြပ်တော်မူပါကလား"
မာလာ။ ။"ဒီလိုသာဖြင့် နတ်ရွာစံမင်းတုန်းမင်းတရားကြီးဘုရားမှာ မိဖုရားပေါင်း ၄၅ ပါးတောင် ရှိနေတာ မခက်သေးဘူးလား၊ မိဖုရားတွေဟာ အဆောင်အယောင်အခမ်းအနားနဲ့ ခြွေရံသင်းပင်းနဲ့ ကိုယ့်စည်းစိမ်နဲ့ ကိုယ်ပျော်လို့"
မြင့်။ ။"ဒါကတော့ မင်းတုန်းမင်းတရားကြီးရဲ့ မိဖုရားခေါင်ကြီးက ပညာရှိမိန်းမမြတ် သူတော်ကောင်း သက် သက်ကြီးကိုး"
သူဇာ။ ။"ဒါပေတဲ့ မဘုရားလေးရယ်၊ ဖျကျမသဘောတော့၊ ဘယ်သူက ဘာပြောပြော ကိုယ့်လင်ကိုယ် ဘဲ အားရပါးရကြီး ချစ်ချင်တာဘဲ"
မာလာ။ ။"ညီးကလဲအေ၊ အကောင်အထည်ရှာမရသေးတဲ့လင်ကို ဒါလောက် သ၀င်ကြောင်မနေပါနဲ့အုံး"
သူဇာ။ ။"ကြောင်ရတယ်အေ-ကြောင်ရတယ်"
ထိုအခိုက် စမ်းချောင်းကလေးဘက်မှ အညိုရောင်ခြုံထည်ကို လွှမ်းခြုံထားသော လုလင်ပျိုတဦးသည် ခင် ဘုန်းမြင့်အား စိမ်းစိမ်းစားစား စိုက်ကြည့်နေလေ၏။ ထိုလုလင်ပျိုမှာ ယခင် ကမ္ဘားထိပ်မှ မြင်းစီးကာ မှန်ပြောင်း ဖြင့် ကြည့်နေသော လုင်ပျိုပင်ဖြစ်စေကာမူ ခေါင်းတွင် ဆောင်းထားသော သိန်းစွန်ငှက်သဏ္ဌာန် ရွှေရောင် ခမောက်ကြီးမပါဘဲ သာမန်ရှမ်းလုင်ပျိုတဦးကဲ့သို့ အညိုရောင်ဦးရစ်ခေါင်းပေါင်းကြီးကို ပေါင်းထုပ်ထားလေ သည်။ ထိုသူသည် ထီးမူနန်းဟန်နှင့်အသွင်သဏ္ဌာန်ထူးခြားလှပသော မိန်းမပျို ခင်ဘုန်းမြင့်အား ချစ်ခင်နှစ် သက် စုံမက်မြတ်နိုးလှသော မျက်နှာထားနှင့် အားပါးတရ ငေးစိုက်ကြည့်နေမိလေသည်။
အစေခံမိန်းမငယ်နှစ်ယောက်နှင့်ရောက်တတ်လေးဆယ် ဆက်လက်ခါ ပြောနေသော ခင်ဘုန်းမြင့်သည် လည်း ထိုခဏ၌ပင် စမ်းချောင်းတဘက်သို့ မျက်နှာမူလိုက်မိသည်ဖြစ်ရာ မိမိအား စိမ်းစိမ်းစားစား စိုက်ခါ ကြည့်နေသူ ရှမ်းလူပျိုချောတဦးကို အမှတ်မထင် တွေ့မြင်လိုက်ရသောအခါ ကြည့်ပုံထူးခြားသောကြောင့် စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ဤနေရာတွင် ကြာရှည်ထိုင်နေရန် စိတ်မရဲသည်နှင့်...
"ကဲ-လာကြအေ...တောထဲ တောင်ထဲမှာ အဖော်တွေနဲ့ခွဲပြီး အတင့်ရဲမနေချင်ပါဘူး၊ လှည်းဝိုင်းကို ပြန်ကြပါစို့"
ဟုဆိုကာ ထိုင်ရာမှထလျှက် လှည်းဝိုင်းဘက်သို့ လှည့်ပြန်ခဲ့လျှင် စကားအငြင်းအခုံ မပြတ်ကြသေးသော သူဇာနှင့်မာလာတို့လည်း ခင်ဘုန်းမြင့်နောက်မှ ပါလာကြလေ၏။
လှည်းဝိုင်းအတွင်းသို့ ရောက်သောအခါလည်း မိမိတို့လှည်းနှင့်မနီးမဝေးတွင် လဘက်ရည်ကြမ်းအိုးတခုနှင့် စကားဝိုင်းဖွဲ့နေကြသော ရှမ်းကုန်သည် မြန်မာကုန်သည် အဘိုးကြီး ၄-၅ ဦးမှာ ကျယ်လောင် ကျယ်လောင် နှင့်စကားပြောဆိုနေကြသည်ကို တွေ့ရသဖြင့် ခင်ဘုန်းမြင့်တို့မှာ မိမိတို့လှည်းပေါ်မှထိုင်ကာ နားစိုက်ထောင် နေမိကြလေ၏။
မြန်မာကုန်သည်အဘိုးကြီး။ ။"ဘုရားတကာရေ...ကျုပ်တော့ အရောင်းအ၀ယ်ကိစ္စကြောင့်သာ ထုံးစံ မပျက် လာလာနေရတယ်၊ ခုတလော...ခင်ဗျားတို့ရှမ်းပြည်ကို တယ် မလာချင်လှဘူးဗျာ"
ရှမ်းကုန်သည်။ ။"ဘာကြောင့်တုန်းဗျ၊ အရောင်းအ၀ယ် ညံ့ဖျင်းလို့လား"
မြန်မာ။ ။"ဟာ...အရောင်းအ၀ယ်ကိစ္စကတော့ မညံ့လှပါဘူး၊ ရှေးကလိုပါဘဲ၊ ဒါပေတဲ့...ခုတလောခင်ဗျား တို့ဆီမှာ ခရီးလမ်းပန်း တယ်မသာယာလှဘူးဗျာ၊ တောပုန်းဓါးပြတွေ ထနေလို့ ခရီးသွားကုန်သည်များမှာ ကျီးလန့်စာစား အသက်စွန့်ပြီး သွားနေရတယ်လို့ သတင်းကြားတယ်၊ အဲဒီတောပုန်းဓါးပြတွေထဲမှာ ရွှေစွန် ညိုဆိုတဲ့ဓါးပြဗိုလ်ကြီး အုပ်ချုပ်တဲ့ဓါးပြလူဆိုးတသိုက်ဟာ အတိုက်အခိုက် အလုအယက် တယ်ရက်စက်ဆို ဘဲ၊ ကျုပ်တို့လို လက်နက်မပါဘဲ ရိုးရိုးသားသား သွားလာနေကြတဲ့လူတွေ မဆိုထားနဲ့၊ လက်နက်အားနဲ့ တပ်သားအပြည့်အစုံပါတဲ့မင်းဘဏ္ဍာပစ္စည်းများကိုတောင် ရအောင်တိုက်ခိုက်လုယက်ယူနေဆို မဟုတ် လား၊ ရွှေစွန်ညိုဆိုးသွမ်းသောင်းကြမ်းနေတဲ့သတင်းဟာ ခင်ဗျားတို့ ရှမ်းပြည်တွင်မက...ကျွန်တော်တို့ မြန်မာ မင်းနေပြည်ကြီးမှာတောင် အင်မတန်...သတင်းကြီးနေတယ်ဗျ"
ရှမ်း။ ။"အင်း...ရွှေစွန်ညိုတို့လူစု သောင်းကြမ်းနေတာကတော့ အမှန်ပေါ့ဗျာ၊ ရွှေစွန်ညိုသောင်းကြမ်းတာလဲ တမျိုးပါဘဲ၊ တခါတခါလဲ ခင်ဗျားတို့ ဗမာရှင်ဘုရင်ကို ပုန်ကန်ခြားနားတဲ့သူပုန်စော်ဘွားကြီးတွေရဲ့လူစုထဲက ထွက်ထွက်သောင်းကြမ်းတာက ရှိသေးတယ်"
မြန်မာ။ ။"အဲဒါကြောင့် ကျုပ်တို့မှာ လာသာလာရတယ်၊ ရှေးကလို ခြေခင်း လက်ခင်း မသာယာတော့ ကြောက်ကြောက်လန့်လန့်ဘဲဗျ"
ရှမ်း။ ။"အင်း...ကြောက်မယ်ဆိုလဲ ကြောက်စရာပေါ့ဗျာ၊ အော်...ဒါပေတဲ့ တခုတော့ရှိတယ်ဗျ၊ ကျုပ်သိရသ လောက်ဖြင့် ရွှေစွန်ညိုဆိုတဲ့ဓါးပြကြီးဟာ လူ့အသက်ကို ဖက်ရွက်ခြောက်ကလေးလောက်မှ ပမာဏမထား အောင် ရက်ရက်စက်စက် သောင်းကြမ်းနေပေတဲ့၊ ကျုပ်တို့လို ဆင်းရဲသားကုန်သည် အရပ်သူအရပ်သား များအပေါ်မှာ ဘယ်အခါမှ ဒုက္ခမပေးဘူးဗျ၊ သူဒုက္ခပေးတာ အခံရဆုံးလူများဟာ မင်းမှုထမ်းသားတွေသာ များတယ်၊ အခွန်ဘဏ္ဍာပစ္စည်းများကို မြန်မာဘုရင်ဆက်ဘို့ရာ စစ်အမှုထမ်းတွေ ခြံရံပြီး ဆောင်ကျဉ်း သည် ပိုးသွားတိုင်း လမ်းကဖြတ်ပြီး တိုက်ခိုက်ယူလိုက်တာဘဲ၊ ဘယ်လောက်များဆိုးသလဲဆိုရင် မြန်မာဘုရင်ကို ဆက်သဘို့ အခွန်ဘဏ္ဍာနဲ့လက်ဆောင် ပစ္စည်းများဟာ ဘုရင့်လက်ကို မရောက်တာ တနှစ်ကျော် နှစ်နှစ် နီးပါးရှိလာပြီတဲ့ဗျ၊ ဒါကြောင့် ရွှေစွန်ညိုကို ဘမ်းဆီးနှိမ်နင်းဘို့ ဘုရင့်အထူးတပ်တော်ကြီးတွေတောင် ကျုပ်တို့ ရှမ်းပြည် ပို့ပို့နေရတယ်"
မြန်မာ။ ။"အော်...တပ်တော်နဲ့တောင် ဖမ်းဆီးရသလား၊ ဒါဖြင့် မကြာခင် ဖမ်းမိတော့မှာပေါ့"
ရှမ်း။ ။"ခဲယဉ်းပါတယ်ဗျာ၊ ရွှေစွန်ညိုရဲ့အစွမ်းသတ္တိဟာ အတော်ချီးမွမ်းဘို့ကောင်းတယ်၊ သူ့လူစုအင်အား ကလဲ အင်မတန်များပြားခိုင်လုံတယ်၊ ဆိုးသွမ်းရက်တဲ့နေရာမှာလဲ အတော်ကြောက်စရာကောင်းတယ်၊ အချို့ဘုရင့်တပ်တော်သားတွေဟာ ရွှေစွန်ညိုရဲ့နာမည်ကြားရရုံနဲ့တောင် လက်ကဓါး အလိုလို လွတ်ကျ သွားသတဲ့၊ သူ့အရှိန်က အတော့ကို ကြီးနေဒါကလား"
မြန်မာ။ ။"အို ဒါဖြင့် တော်တော်ဘုန်းကြီးနေတဲ့ဓါးပြကြီးပေါ့နော်၊ ခင်ဗျားပြောသလို ဘုရင့်တပ်တော်အမှု ထမ်းတွေကိုမှ လိုက်ပြီး ဒုက္ခပေးတယ်ဆိုတော့ သူပုန်စော်ဘွားတွေရဲ့ဘက်သားလား၊ ဒါမှမဟုတ် သူ့ဘာသာ တသီးတခြား ဗမာဘုရင်ရဲ့ထီးနန်းကိုလုပ်ကြံမဲ့လူလား တခုခုဘဲဗျ"
ရှမ်း။ ။"သူ့ ရည်ရွယ်ချက်တော့ ဘယ်သိမလဲဗျာ၊ ကျွန်တော်တို့ရှမ်းပြည်အတွင်းရေးတွေကလဲ အတော် ရှုပ် ထွေးနေတော့ အတွေးရ အကြပ်သားကလား"
မြန်မာ။ ။"ကဲလေ...စကားစပ်မိမှ ခင်ဗျားတို့ရှမ်းပြည်ရဲ့အတွင်းရှုပ်ပုံကလေး တဆိတ်လင်းကျင်းစမ်းပါအုံး။ ဘုရားတကာရဲ့"
ရှမ်း။ ။ဒီလိုဗျ ဒီလို၊ ကျုပ်တို့ရှမ်းကိုးဆယ့်ကိုးစော်ဘွားများဟာ အစဉ်အလာအတိုင်း ခင်ဗျားတို့ ဗမာနေထွက် ဘုရင်ရဲ့လက်အောက်ခံ နေ၀င်ဘုရင်တွေ ဖြစ်ကြတယ်၊ တနှစ်တခါ သ္မီးကညာရတနာကောင်းများနဲ့ အခွန် ဘဏ္ဍာကောင်းများကို ပေးဆက်နေကြရတယ်ဆိုဒါ အထူးပြောစရာ မလိုပါဘူးလေ၊ ဒါပေတဲ့ သီပေါမင်း ကလေးလက်ထက်မှာ တောင်ပိုင်းရှမ်းပြည်ဘက်က အချို့စော်ဘွားကြီးများဖြစ်ကြတဲ့ ကျုပ်တို့မိုးနဲစော်ဘွား ရယ်၊ သူ့ယောက်ဖ မိုင်းနောင်မြို့စားရယ်၊ ရပ်စောက်စော်ဘွားကြီးနဲ့ မိုင်းပျဉ်မြို့စားတို့ဟာ မင်းကလေးကို ကြည်ညိုလေးစားခြင်းမရှိကြဘဲ ပုန်ကန်ခြားနားကြဒါနှင့် ရွှေမြို့တော်ကြီးက ဘုရင့်တပ်တော်များ ချီတက် နှိမ်နင်းလို့ သူပုန်စော်ဘွားတွေ အရေးမလှရှုံးနိမ့်သွားကြဒါနဲ့ သူတို့မြို့ကိုပစ်ပြီး အသက်ဘေးကင်းဝေးရာ ထွက်ပြေးကြရတယ်၊ ဒါကြောင့် အခုမိုးနဲနယ်ကို ဗမာဘုရင့်ကိုယ်စားလည်တော်ဖြစ်တဲ့ အဝေး၀န်ဦးရွှေမောင် ဆိုတဲ့လူက တပ်တော်နဲ့တကွ လာပြီး အုပ်ချုပ်နေရဒါ အတော်ကြာပါကောဗျ
မြန်မာ။ ။ခင်ဗျားတို့ နယ်သူနယ်သားတွေက သူတို့အစဉ်အလာအတိုင်း ရှမ်းလူမျိုးတဦးကို မအုပ်ချုပ်စေ ဘဲ ဗမာတဦး လာအုပ်စိုးနေဒါ ကျေနပ်ကြရဲ့လား ဘုရားတကာရဲ့
ရှမ်း။ ။ဟာ...မကျေနပ်တာ ကျေနပ်တာ ထားပါအုံးဗျာ၊ ကျုပ်တို့ရှမ်းလူမျိုးတွေက ခပ်အေးအေးနေတတ်ကြ တဲ့လူမျိုးမှာ၊ အဝေး၀န်လာပြီး အုပ်စိုးတာကလဲ ထာ၀ရအမြဲအုပ်စိုးမှာမှ မဟုတ်ဘဲ၊ နယ်မငြိမ်၀ပ်ခင် ယာယီ သဘောနဲ့လာပြီး အုပ်ချုပ်နေရဒါဘဲ၊ နောင်ခါ မြို့နယ်ငြိမ်၀ပ်အေးချမ်းရှိတဲ့အခါ ဘုရင်နဲ့လွှတ်တော်ကြီးက သူတို့ယုံကြည်ရမဲ့ ရှမ်းမင်းသားတဦးဦးကို ရွေးချယ်ခခန့်ထားမယ်ဆိုဒါ အသိကြသားကိုး
မြန်မာ။ ။ဟို စော်ဘွားတွေကလဲ အစဉ်အလာအတိုင်း ပိုနေမြဲ ကျားနေမြဲ အေးအေး မနေချင်ဘဲကိုးဗျ
ရှမ်း။ ။ဒါတော့ မပြောပါနဲ့ဗျာ၊ လူတမျိုးဟာ လူတမျိုးရဲ့လက်အောက်မှာ ထာ၀ရအမြဲခေါင်းငုံ့ပြီး တပည့်ခံ မနေချင်တတ်ဘူးဗျ၊ ခင်ဗျားတို့ ဗမာတွေလဲ တခါတုန်းက တလိုင်းလက်အောက် ရောက်ခဲ့ဘူးတယ် မဟုတ် လား၊ သိုဟန်ဘွားတို့လက်မှာ ကျုပ်တို့ ရှမ်းတွေကတောင် ဗမာပြည်ကိုသွား ဆရာလုပ်ခဲ့ဘူးသေးဒါလဲ ကြည့် အုံးဗျ
မြန်မာ။ ။ဒါကတော့ တခါတရံ ဖြစ်ကြရဒါဘဲ၊ အမြဲမှ မဟုတ်တာ၊ ကျုပ်တို့ဗမာကလဲ အမြဲဆရာ လုပ်လာ တဲ့လူဆိုတော့ ဆရာနေရာမှာ အမြဲနေချင်ဒါပေါ့ဗျာ၊ ဒါကြောင့် မကြာခင်ဘဲ မင်းကြီးရန်နောင်တို့ အလောင်း ဘုရားတို့ ပေါ်ထွက်လာတယ် မဟုတ်လား၊ ကဲဗျာ ဒါတွေပြောပြီး ခင်ဗျားတို့ရှမ်းနဲ့ကျုပ်တို့ဗမာ ငယ်ကျိုးငယ် နာ ဖော်နေစရာ မဟုတ်ပါဘူး၊ ကျုပ်က ဟော်နန်းလက်လွှတ်ပြီး ဆင်းပြေးရရှာတဲ့စော်ဘွားတွေနဲ့ သူတို့သား မယားအခြွေအရံတွေအတွက် ကရုဏာသက်လို့ ပြောဒါပါ
ရှမ်း။ ။အင်း...ခင်ဗျားတို့က သနားတတ်လို့ တွေးပြီး သနားဒါကို သို့ပေတဲ့ သူတို့တတွေကလဲ နေသေးသပ ချုံထဲက၊ ဂျိုသွေးသပ တမြမြဆိုတဲ့လူစားတွေကလားဗျ၊ တောထဲမှာ သူပုန်စခန်းကြီးဖွင့်ပြီး နီးစပ်ရာ လူသူ စုဆောင်းလို့ အချက်ကောင်းရတိုင်း အနှောင့်အယှက်ပေးပြီး တဖြည်းဖြည်း သူတို့နယ်သူတို့ပြန်တိုက်ခိုက် ယူကြဘို့ ကြိုးစားနေကြတယ်၊ ဒါကြောင့် သူတို့သူပုန်များရဲ့စားနပ်ရိက္ခာအတွက် အလစ်ထွက်ထွက် တိုက် ခိုက်လုယက်ကြဒါပေါ့
မြန်မာ။ ။ဒီလိုမငြိမ်မသက်တော့ ကုန်သည်ဆင်းရဲသားတွေမှာ ထိခိုက်နစ်နာကုန်ကြရဒါပေါ့ဗျာ၊ ကျွဲနှစ် ကောင်ခပ်ရာ မြေစာပင် မခံနိုင်ဆိုဒါလိုဘဲ၊ ဒီအထဲ ရွှေစွန်ညိုဆိုတဲ့ဓါးပြကြီးက တဘက်တလမ်း သောင်းကျန်း နေပြန်သေးတယ်ဆိုတော့ ခင်ဗျားတို့ရှမ်းနယ်တဝိုက်မှာ ကပ်ဆိုးကြီးဆိုက်နေကြဒါပေါ့၊ အဲလေ...တိုင်းပြည် ကြီးကို ဘာဖြစ်ချင်တယ်မဆိုနိုင်ပါဘူးဗျာ၊ ကျုပ်တို့ဗမာပြည်မှာလဲ တယ်ပြီး အခြေမလှချင်ဘူးဗျ၊ အင်္ဂလိပ်တို့ ပြင်သစ်တို့က ကျားများ ကြောင်များ အစာချောင်းသလို အကွက်ကောင်းချိန်နေကြဒါ တကဲကဲနှင့်ဘဲ၊ ထီးထဲ နန်းထဲ လွှတ်တော်ကြီးထဲမှာလဲ တဦးနဲ့တဦး တဘက်နဲ့တဘက် အတွင်းကြိတ် သဘောကွဲလွဲနေပုံရတယ်၊ ဒီအထဲ မိဖုရားကြီးကလဲ အရွယ်ငယ်သလောက် နေရာတကာ စိတ်ထက်နေတော့ ခက်သဗျာ
ရှမ်း။ ။ကဲဗျာ...ကျုပ်တို့နဲ့ မဆိုင်ရာတွေကို တွေးတော ပူပင်ပြီး စိတ်ရှုပ်မခံချင်ပါနဲ့တော့၊ ဒါထက် စကားမစပ် ဒီတခေါက် ခင်ဗျားတင်လာတဲ့ကြေးကုန်တွေဟာ အတော်ကြေးသားကောင်းဆို ထိုအခိုက် လှည်းအုပ် လူကြီး၏လှည်းထွက်ရန် အချက်ပေးသံကို ကြားရပြီး လှည်းအုပ်၏တပည့်တဦးကလည်း လှည်းစေ့ဆိုသလို ရောက်လာပြီး ခရီးဆက်လက်ကြရန်၊ လမ်းတွင် ရွှေစွန်ညိုတို့လူစုနှင့်သော်၄င်း၊ သူပုန်စော်ဘွားကြီးများလူစု နှင့်သော်၄င်း၊ တွေ့ရှိလျှင် အတိုက်အခိုက်ခံမည်စိုးရိမ်ရကြောင်း နေမ၀င်မီ မိုးနဲမြို့အရောက် မောင်းကြရန် လိုက်လံ သတိပေးဆော်ဩခြင်းအားဖြင့် များမကြာမီ လှည်းတန်းကြီးမှာ သက်၀င်လှုပ်ရှား တရွေ့ရွေ့သွားစ ပြုကြပြန်လေ၏။
အခဏ်း ၂။ ခင်အုန်းမြင့်တို့လှည်းမှာ မိန်းမသားခရီးသည်များ ဖြစ်သည့်အားလျော်စွာ လှည်းအုပ်လူကြီးက လှည်းတန်း၏အလယ်လောက်တွင် နေရာချပေးထားသည်အားလျော်စွာ လုံခြုံအေးချမ်းစွာ လိုက်ပါလာရ သည်တိုင်အောင် ခင်ဘုန်းမြင့်မှာ ရှမ်းပြည်နယ်စပ်ရောက်စကပင် နယ်ပယ်မငြိမ်သက်ကြောင်း ကြားသိခဲ့ရပြီး ဖြစ်၍ မလွှဲသာ၍ စွန့်စားထွက်လာခဲ့ရရာတွင် လမ်းခရီး၌ ဘေးအန္တရာယ်တခုခု တွေ့များတွေ့လေမည်လား ဟု စိတ်မအေးနိုင်ရှာဘဲ လှည်းပေါ်တွင် ငြိမ်သက်စွာ ထိုင်လိုက်ပါရသော်လည်း သောကအခိုးကလေး တလူ လူထွက်လျက် ရှိရှာလေ၏။ သို့ရာတွင် လူပုံပျော့ပျောင်းနွဲ့နှောင်းသလောက် သတ္တိကောင်း ဇွဲကောင်းသူ ကလေးတဦးဖြစ်သဖြင့် စိုးရိမ်စိတ်ကို ချေကြိတ်နှိမ်နင်းကာ မိုးနဲမြို့သို့ရောက်လျှင် သူ၏ဦးလေးဖြစ်သူ အဝေး ၀န်ဦးရွှေမောင်ထံတွင် စိတ်အေးချမ်း ပျော်ရွှင်စွာ နေထိုင်ရတော့မည်ဟူ၍လည်း အတွေးနှင့်ကျေနပ်ခါ တပြုံး ပြုံး ဖြစ်လာပြန်လေ၏။
တဂျီဂျီ တအီအီ မြည်ကြသော လှည်းဘီးသံများသည် ခရီးသည်တို့၏ပျင်းရိခြင်းကို ပိုမိုအားပေးလျှက် ရှိလေ ၏၊ ရှေ့ဆုံးမှနေသော လှည်းခေါင်းလူကြီးစီးသည့်လှည်းနှင့်နောက်ဆုံးမှ ဘေးဆီးရန်ကာ ဓါးလှံလက်နက် အနည်းငယ်ပါသော လှည်းခေါင်း လှည်းအုပ်၏ဆော်ဩသူ တပည့်ငယ်များ စီးနင်းလိုက်ပါသော လှည်းမှ တပါး သုံးဆယ်ကျော်မျှရှိသည့်လှည်းများမှာ မိုးနဲမြို့သို့ စျေးနေ့အမှီလိုက်လာကြသော ခရီးသွားကုန်သည် တို့၏လှည်းများသာ ဖြစ်လေရာ အချို့လှည်းများမှ ရှမ်းတို့ဘာ၀ သီချင်းညီးသံကလေးများလည်း ခပ်သဲ့သဲ့ ကြားရလျှက် အချို့လှည်းများမှာလည်း သားငယ် မြေးငယ်ဘုစုနှင့်ဖြစ်သည့်အလျောက် ခလေးငိုသံ တေးဆို သံများ တခါတခါ ပေါ်ထွက်လာပြီးလျှင် မောင်း လင်ကွင်း စသော ကြေးကုန်သည်တို့၏လှည်းများမှ မောင်း လင်ကွင်း စသော ကြေးထည်ချင်း ထိခတ်သံများ ကြိုးကြား ကြိုးကြား ပေါ်လာတတ်သည့်အလျှောက် အပျင်းစွက်၍ ငိုက်မြည်းနေကြသောသူများကို မျက်လုံးကျယ်စေလေတော့သည်။
ခင်ဘုန်းမြ့်လည်း ရှေ့ရေးနောက်ရေးတို့ကို တွေးတောဆင်ခြင်နေရာမှ တလှည့်စီ ငိုက်မြည်းနေကြသော သူဇာနှင့်မာလာတို့ကို ကြည့်၍ပြုံးရင်း အပျင်းပြေလာခဲ့လေသည်၊ အချိန်သည်လည်း တဖြည်းဖြည်း နေ စောင်းစပြုလာလေရာ လှည်းများသည် တောတန်းမှ အမြန်ကျော်လွန်လျှက် မိုးနဲနယ်ဘက်သို့ ခပ်သွက် သွက် အရောက်လှမ်းနေကြောင်း သိရလေ၏။ သို့နှင့် တခုသော တောင်ကြားသို့လှည်းတန်းကြီး ဖြတ်သန်း သွားနေစဉ် တောသံ တောင်သံနှင့်အတူ ပဲ့တင်ထပ်မျှသော မြင်းခွာသံများ(ရွှေစွန်ညိုလာပြီ) (ရွှေစွန်ညို လာ ပြီ)ဟူသော ကျေညာသံများကို ရုတ်တရက် ကြားလိုက်ရပြီး မိမိစီးသော လှည်းရပ်သွားကာ အော်သံ ဟစ်သံ ရိုက်သံ နှက်သံ ငိုသံ ရှိုက်သံတွေ အဝီစိပွက်သလို ထွက်ပေါ်လာသောကြောင့် ခင်ဘုန်းမြင့်မှာ သူဇာနှင့် မာလာတို့ကို ကပြာကရာ လှုပ်ခါ...
"ဟဲ့ ဟဲ့ မာလာတို့ ထကြ ထကြ၊ ဓါးပြတွေ တိုက်ကုန်ပြီ"
ဟုနှိုးပြောလျှင် သူဇာ မာလာတို့လည်း ပြာရီးပြာရာနှင့်တောင်ပြေးရတော့မလို မြောက်ပြေးရတော့မလိုလို အရူးမီးဝိုင်း ဖြစ်နေကြလေ၏။
ထိုအခိုက်မှာပင် ဆေးမှင်ကြောင်တွေအပြည့်နှင့် ရှမ်းဓါးပြ ၃-၄ ယောက် ခင်ဘုန်းမြင့်တို့လှည်းတွင်းသို့ ၀င် လာကာ ဓါးမိုး၍ လုကြပြန်သည်၊ မာလာနှင့်သူဇာတို့မှာ ကြောက်ကြောက်လန့်လန့်နှင့် ပုတီး နားဋောင်း ကလေး ချွတ်ခါ ပေးနေသည်တိုင်အောင် ဓါးပြများမှာ မကျေနပ်သေးဘဲ မိန်းမများကို လှည်းပေါ်မှ ဆွဲချကြ ပြန်သည်၊ ခင်ဘုန်းမြင့်လည်း ဓါးပြများ ကိုင်တွယ်ခြင်းကို မခံဘဲ တင်းမာခက်ထန်သော မျက်နှာနှင့် လှည်းပေါ် မှ ခုန်ကာ ဆင်းပေးလိုက်လေသည်။ လှည်းတန်းကြီး တလျှောက်လုံးမှာလည်း ပရွက်ဆိတ်အုံ ဒုတ်နှင့်ဆွ ထားသလို ရှမ်းဓါးပြများ ဝိုင်းစီးပြီး ရိုက်နှက်လုယက်ပြေးလွှားခေါ်အော်နေကြသည်ကို မျက်စေ့အောက်တွင် တွေ့မြင်ရလေရာ သူတထူး၏ပစ္စည်းဥစ္စာကို မတရားသဖြင့် လုယူနေသော ဓါးပြများအား စက်ဆုပ်ရွံရှာ ရှူံချ သောမျက်နှာနှင့်ကြည့်လျှက် မိမိလက်၀တ်လက်စား အနည်းငယ်ကို ချွတ်ခါ ဓါးပြများကို ကြောက်ရွံ့၍ လက် ထိလက်ရောက်ပေးပုံမျိုးမဟုတ်ဘဲ မထီမဲ့မြင် မျက်နှာထားနှင့်မြေပေါ်သို့ လွှင့်ချပေးလိုက်လေ၏။ ဓါးပြများကို လည်း ခင်ဘုန်းမြင့်၏ခေါင်းမာစော်ကားပုံကို မကျေနပ်သလို အံကိုက်ခါ ကြည့်ပြီး တယောက်က...
"ဒီကောင်မ တယ်ခေါင်းမာတယ်၊ အကြောင်းပြလိုက်ရအောင်ဟေ့"
ဟုဆိုကာ ဆွဲလွဲမည်အပြုတွင် အဝေးမှ ပြေးစိုင်းလာသော မြင်းတစီးကို တွေ့ရသောကြောင့် ဓါးပြများမှာ ရုတ်တရက် အံ့အားသင့်နေကြလေ၏။ မြင်းစီးယောက်ျားလည်း ရှေးဦးစွာ ခင်ဘုန်းမြင့်တို့ရှိရာသို့ ရောက်လာ ပြီး နိုင့်တက်ကလူပြုမူနေကြသော ဓါးပြသုံးယောက်အား လက်မှပါလာသော သားရေကြာပွတ်ကြီးနှင့် ရိုက် နှက်ကူညီလိုက်လျှင် စောစောက ဓါးတပြင်ပြင် ဒုတ်တပြင်ပြင်နှင့်ရှိကြသော ဓါးပြများမှာ လုယူထားသော ပစ္စည်းကလေးများကို ပစ်ချပြီး တောထဲသို့ သေပြေးရှင်ပြေး ၀င်ပြေးကြလေ၏။ ခင်ဘုန်းမြင့်နှင့်တကွ သူဇာ မာလာတို့မှာ အရေးထည်းတွင် ၀င်ရောက်ကူညီသော အဆိုပါ မြင်းစီးယောက်ျားကို ကျေးဇူးတင်စွာ မော် ကြည့်လိုက်မိစဉ် မြင်းစီးယောက်ျားမှာ အခြားလှည်းများရှိရာသို့ သွားပြီး ဓါးပြများကို မြင်းနှင့်တိုက်၊ ကြာပွတ် နှင့်ရိုက်၍ ကူညီခုခံပေးရကား တောပုန်းဓါးပြများလည်း မြင်းစီးယောက်ျားတယောက်အားကို မခုခံနိုင်ဘဲ လူစုကွဲကာ ပြေးမိပြေးရာ ပြေးကုန်ကြသဖြင့် ခရီးသွားများမှာ ဓါးပြများရန်ဘေးမှ ချမ်းသာရာ ရသွားကြလေ ၏ ဓါးပြများ ရှင်းလင်းသွားပြီးနောက် တယောက်တခွန်းဆိုသလို ကူညီခုခံတိုက်ခိုက်ပေးသော မြင်းစီးရှမ်း လုလင်ပျိုကို ကျေးဇူးတင်စွာ လိုက်လံရှာဖွေကြရာ ထိုမြင်းစီးလုလင်ပျိုမှာလည်း တောပုန်းဓါးပြများနည်းတူ ကြက်ပျောက်ငှက်ပျောက် စုံးစုံးမြုပ်ပျောက်ကွယ်သွားသဖြင့် ခရီးသွားများမှာ ကျေးဇူးတင်စကားကလေးမျှ မပြောလိုက်ရသောကြောင့် မကျေမချမ်းဖြစ်ခါနှင့်ပင် လှည်းများကို ဆက်လက်မောင်းနှင်ကာ ထွက်လာခဲ့ကြ ရလေ၏။ ယင်းသို့ခရီးသည်များသည် မိမိတို့အား ကူညီသူ၏လူပုံကိုမျှ ကောင်းစွာ မမြင်လိုက်ရသော်လည်း ခင်ဘုန်းမြင့်မှာ ရှေးဦးစွာ မိမိကို ကူညီသွားသူအား ကောင်းစွာ မှတ်သားမိလေသည်။ ထိုသူသည် အခြား မဟုတ် နံနက်စာ စားရန် လှည်းဝိုင်းချစဉ်က စမ်းချောင်းကလေးအနီးတွင် မိမိကို အမှတ်မထင် စိုက်ကြည့်နေ သော ရှမ်းလုင်ပျိုပင်ဖြစ်ကြောင်း ကောင်းစွာ မှတ်မိလိုက်လေသည်၊ လှည်းအုပ်ကြီးကား ကြောက်လန့် တကြားနှင့် နေမ၀င်မီ မိုးနဲမြို့သို့အရောက် ခပ်သုပ်သုပ် ဆက်လက်မောင်းသွားကြပြန်ရာ၊ ခင်ဘုန်းမြင့်မှာ သူဇာ မာလာတို့နှင့်အတူ ဓါးပြရွှေစွန်ညိုတို့လူစုအား အခဲမကျေသလို မြည်တမ်းကြိမ်ဆိုသွားကြလေ၏။
ထိုအချိန်မှာပင် တခုသော တောင်ခြေ၌ ယခင် မြင်းစီးရှမ်းလုင်ပျိုသည်...
"ခွေးမသားတွေ ငါ့စကား နားမထောင်ရင် ဒီလိုဆုံးမတတ်တယ်ဆိုဒါ သိတယ် မဟုတ်လား။ နင်တို့ကို အစိုးရ ဘဏ္ဍာငွေတွေကိုသာ တိုက်ခိုက်ယူရမယ်၊ ဆင်းရဲသား ကုန်သည်များကို မနှောင့်ယှက်ရဘူး၊ အမိန့်ပေးထား ရက်နဲ့ ငါ့အမိန့်ကို မလေးစားဘူး"
ဟုကြောက်ရွံ့ငြိမ်သက်စွာ နားထောင်နေကြသော လူတစုအား ကြာပွတ်နှင့်တအား သိမ်းရိုက်ခါ ဆူပူကြိမ်း ဝါးနေလေသည်၊ လူတစုမှာလည်း ဆရာဆုံးမသည်ကို ငြိမ်သက်စွာ နားထောင်နေကြသော ကျောင်းသား ငယ်များပမာ ကိုယ်စီကိုယ်ငှ ခေါင်းအောက်ချ၍ နေကြလေ၏။
လုင်ပျိုလည်း ကြာပွတ်ကြီးကို ဝှေ့ရမ်းရင်း ဆေးမှင်ကြောင်တွေ ထိုးထားသော လူသုံးယောက်ဆီသို့ တိုးလာ ကာ လူတယောက်ကို ဆွဲထုတ်လိုက်လျက် ကြာပွတ်နှင့်လေးငါးချက် ဆင့်ရိုက်ရင်း...
"ဟောဒီ ခမ်းမွန်ဆိုတဲ့အကောင်က သာပြီး လူစွမ်းကောင်းသေးတယ်၊ အင်မတန် အားငယ်တဲ့မိန်းမကလေး ကို သွားပြီး အနိုင်ကျင့်နေလိုက်တာ၊ မင်းဟာ ငါ့နာမည်ကို အဖျက်ဆုံးအကောင်ဘဲ၊ ကိုင်းကွာ မှတ်ထား"
ဟုဆိုကာ တရွှမ်းရွှမ်း ကြာပွတ်စာ ကျွေးလေတော့သည်။ ခမ်းမွန်မှာ မချိတင်ကဲ အံကြိတ်ခဲ၍ ခံနေရလေ၏။ အခြားသော တပည့်ငယ်သားများလည်း ဆရာလုပ်သူ စိတ်ဆိုးနေသောအခိုက်အတန့်မှာ တုပ်တုပ်မျှ မလှုပ်ဝံ့အောင် ငြိမ်သက်နေကြလေသတည်း။
ခင်ဘုန်းမြင့်တို့လည်း မိုးနဲမြို့ ၄င်း၏ဦးလေးအဝေး၀န်ဦးရွှေမောင်အိမ်သို့ ရောက်ကြလေ၏။ ဦးရွှေမောင်မှာ သားသ္မီးမရှိ၍ တူမကလေးကို များစွာ ချစ်ခင်သူဖြစ်သဖြင့် အမွေစား အမွေခံ မွေးစားရန်ပင် တောင်းဆိုဘူး လေသည်၊ သို့ရာတွင် ခင်ဘုန်းမြင့် မိဘများမှာလည်း တယောက်တည်းသော သ္မီးဖြစ်၍ မပေးနိုင်ရှိခဲ့လေ သည်။ ယခုသော် မမျှော်လင့်ဘဲ ခင်ဘုန်းမြင့် ရောက်လာခြင်းအတွက် ဦးရွှေမောင်မှာ အတိုင်းထက်အလွန် ၀မ်းသာမိရှာသည်။ အကျိုးအကြောင်း မေးမြန်းစုံစမ်းရာတွင်လည်း ခင်ဘုန်းမြင့် ပေးလာရခြင်းကို သိရှိကာ ခင်ဘုန်းမြင့်မိဘများဖြစ်သော မိမိအစ်ကိုနှင့်မရီးတို့အား အကြောင်းကြားလျှင် လိုက်လံခေါ်ယူကြမည်စိုး သောကြောင့် ခင်ဘုန်းမြင့်အလိုဆန္ဒအတိုင်း တသက်လုံး ပျော်ရွှင်စွာ နေစေမည်ဟူသော စေတနာနှင့်ချစ်ခင် ယုယစွာ ထားလေရာ ခင်ဘုန်းမြင့်မှာ သာယာသော ရှမ်းပြည်၏တောတောင်ရေမြေတို့ကိုနှစ်သက်ကျေနပ်ခါ အပျော်ကြီး ပျော်၍ နေရရှာလေ၏။
တညနေခင်း၌ ခင်ဘုန်းမြင့်သည် ပန်းခြံတွင်းမှ မွှေးကြိုင်ပျံ့သင်းသော လေညှင်းလေသာများကို ရှူရှိုက်ခါ ၀ယန္တာတွင် ထွက်ထိုင်နေစဉ် တူမကို အရိပ်တကြည့်ကြည့်နှင့် နေရှာသော အဝေး၀န်ဦးရွှေမောင် အနီးသို့ ရောက်လာပြီး...
"ဘယ့်နှယ် ငါ့တူမလေး၊ ပျင်းများနေသလား"
ဘုန်း။ ။"မပျင်းပါဘူး ဦးလေးဖျ၊ ခင်ဖြင့် ရှမ်းပြည်ရောက်လာကတည်းက သာယာတဲ့တောတွေ တောင်တွေ မြင်ရတိုင်း အပျော်ကြီးပျော်နေတာဘဲ၊ ဘယ်တော့မှ ဒီအရပ်က မခွါချင်တော့ဘူးဘုရာ့"
မောင်။ ။"အေး အေး ငါ့တူမလေး ပျော်တယ်ဆိုလေ ဦးလေးက ၀မ်းသာလေပေါ့ကွယ်"
ဘုန်း။ ။"ဒါထက်ဦးလေးဖျားရယ် ဟောဟိုဘက်မှာ မြင်ရတဲ့တောတန်းကလေးဆီကို မနက်ဖြန် ခင်တို့ သွား လည်ပါရစေ"
မောင်။ ။"အမယ်လေး မသွားချင်နဲ့တူမရေ၊ အဲဟိုဘက်မှာ ပလောင်ရိုင်းတွေ ရှိတယ်၊ တိုင်းပြည်ကလဲ လှုပ်ရှားချင်ချင်နေရာမှာ ရွှေစွန်ညိုတို့လူစုကလဲ လုယက်သောင်းကျန်းနေတော့၊ အသွားအလာ တယ်ကြီး စိတ်မချရဘူး၊ ကိုယ့်အိမ်ထဲမှာ ကုတ်ကုတ်ကလေးနေနိုင်မှ တော်ရုံရှိတယ်"
ဘုန်း။ ။(အနည်းငယ် သဘောမကျဟန်နှင့်)"အဲဒီရွှေစွန်ညိုအဖွဲ့က ဓါးပြလူဆိုးတွေဟာ နာမည်ကြီးသ လောက် သတ္တိမရှိပါဘူးဦးလေးဖျားရဲ့၊ ခင်တို့လာတုန်းက လမ်းမှာ တွေ့ခဲ့ရပါပြီ။"
မောင်။ ။(မျက်လုံးများပြူးလျက်)"အလိုလေး မြတ်စွာဘုရား၊ ငါ့တူမများ ကံကောင်းလို့ ခေါင်းမပြုတ်ခဲ့တာ ကလား၊ ကဲ ပြောစမ်းပါအုံး"
ဟု လက်ဖျားခါကာ အံဩစွာနှင့် မေးပြန်လေ၏။
ဘုန်း။ ။(ရယ်လျှက်)"အို...ဦးလေးဖျားကလဲ၊ ရွှေစွန်ညိုကို တယ်လဲ အထင်ကြီးနေတော်မူတာကိုး၊ ဒီလို ဒီလို ဦးလေးဖျားရဲ့၊ ခင်တို့လာကြတုန်းက လမ်းမှာ ခင်တို့စီးလာတဲ့လှည်းတန်းကြီးကို ရွှေစွန်ညိုတို့လူစုက ရုတ် တရက်ဝိုင်းပြီး ဓါးတွေ လှံတွေနဲ့ တိုက်ခိုက်ကြတုန်း ဗြုံးခနဲ ခရီးသွားလူတယောက် ပေါက်လာပြီး ဓါးပြတွေကို သူ့လက်က ကြာပွတ်ကလေးနဲ့ ရိုက်ရုံရှိသေး ထွက်ပြေးလိုက်ကြတာ ပြာလို့၊ ဟဲ ဟဲ ဟဲ ဟဲ ဒါလောက် တောင် သတ္တိကောင်းတာဘဲ ဦးလေးရဲ့"
ဟု ခပ်ပေါ့ပေါ့ ပြောင်လှောင် ရယ်မောကာ ပြောလျှင် ၀န်မင်းဦးရွှေမောင်လည်း မျက်လုံးကြီးပြူးကာ...
"အေး...အဲဒါ သူ့တပည့်တွေချည်းမို့ ဖြစ်လိမ့်မယ်၊ ရွှေစွန်ညိုကိုယ်တိုင်များ ပါရင်တော့၊ သိမ်းစွန်ရဲများလို နာမည်နဲ့လိုက်အောင် အင်မတန် ရက်ရက်စက်စက် လုပ်ပစ်မှာ တူမရဲ့"
ဟု မဲ့မဲ့ရွဲ့ရွဲ့ ပြောပြီး၊ တဖန်ဆက်လက်ခါ...
"ဟို လွန်ခဲ့တဲ့ခြောက်လလောက်က ဘုရင့်ဘဏ္ဍာတော်တွေ ပျောက်ဆုံးလွန်းလို့ ဦးလေးကိုယ်တိုင် စစ်တပ်နဲ့ ကြပ်မတ်ပြီး လိုက်ပို့ရတယ်၊ သဿမေဓငွေခွန်တော်တွေကလဲ အတော်များတာနဲ့ ဘဏ္ဍာတော်များကို ကျွန်း သားသေတ္တာကြီးနှစ်လုံးနဲ့ထည့်ပြီး ဆင်ကြီးကျောပေါ်မှာ သံကြိုးများနဲ့ခိုင်ခိုင်မာမာ စီးနှောင်၊ ရှေ့ကဆင်ဦးစီး က ဆင်ကြီးကို ချွန်းချိပ်ပြီး မောင်းလို့၊ ဦးလေးဘုရားနဲ့ စစ်ကြပ်တပ်မှူးအချို့က မြင်းကိုယ်စီနဲ့ လက်နက်ကိုင် ခြေလျင်တပ်သားများကလဲ ငါးဆယ်ကျော်ကျော်လောက်ပါတယ်၊ ဒီလိုနဲ့သွား လိုက်ကြတာ တောနက်ထဲ လဲ ရောက်ပါရော၊ ရွှေစွန်ညိုရဲ့မြင်းတပ်နဲ့အဝိုင်းခံကြရပါရောဗျား၊ ဟာ....မပြောနဲ့တော့ သူ့လူစုဟာ ဘီလူး သရဲစီးနေတဲ့လူတွေလိုဘဲ၊ လှံတွေ ဓါးတွေနဲ့ ဝိုင်းပြီးထိုးကြခုတ်ကြတာ ဘယ်လောက်များ လျင်မြန်ဖြတ်လတ် သလဲ၊
အင်္ဂလိပ်နာရီနဲ့တွက်ကြည့်မယ်ဆိုရင် ဆယ်စက္ကန့်လောက်မှာ ဦးလေးဘုရားတို့နဲ့ တပ်သားငါးဆယ်ကျော် လောက်ဟာ တယောက်မကျန် ဒါဏ်ရာအနာတရတွေနဲ့ လဲကျန်ရစ်ပြီး လူ သုံးပုံနှစ်ပုံလောက်လဲ အတုံး အရုံးနဲ့ သေဆုံးကြရတယ်၊ သူတို့ကတော့ ဘဏ္ဍာသေတ္တာတင်တဲ့ဆင်ကြီးကို ဓါးပြတယောက်က ဦးစီးပြီး တပျော်တပါးကြီး မောင်းသွားပါလေရော၊ အဲဒီတုန်းကများ ဦးလေးဘုရားမှာလဲ ကံကြီးလို့ ဓါးပြတယောက်က ကြိုးနဲ့တုတ်ပြီး ချုံပုတ်ထဲထိုးထားတာ ခံရရုံကလေး ခံရတယ်၊ ဦးလေးဘုရားဖြင့် ရွှေစွန်ညိုတို့လူစုများတော့ ရွံကြောက်ကြီးပါဘဲ"
ဟု အဟောင်းကို လောလောလပ်လပ် အဖြစ်အပျက်တခုပမာ ခြေဟန်လက်ဟန်နှင့် ဒေါပါပါ ပြောလေ၏။ ဦးရွှေမောင်မှာ အဝေး၀န်တဦးအဖြစ်နှင့်ဘုရင့်ကိုယ်စား နယ်ပယ်အုပ်ချုပ်နေရသူ ဖြစ်၍ ရာဇအိန္ဒြကြီးသော သူပင် ဖြစ်လင့်ကစား အလိုလိုက်ထားသော တူမကလေးအတွက် အပြင်သို့ ထွက်မလည်ပတ်စေရန် အာ ဏာနှင့်လည်း မတားချင်သောကြောင့် မိမိစိတ်မှ တော်ရုံတန်ရုံ ကြောက်မိသည်ကိုပင် အလွန်အမင်း ကြောက်နေလေဟန်ဖြင့် လှည့်ပတ်တားမြစ်ခြင်းဖြစ်လေ၏။ သို့ရာတွင် ခင်ဘုန်းမြင့်မှာ စိတ်လိုက်မာန်ပါ ပြော ဆိုနေသော ဦးရွှေမောင်၏စကားဆုံးလျှင် ခပ်ပြုံးပြုံးနှင့်...
"အဲဒီတုန်းက ဦးလေးဘုရား သိပ်ကြောက်သွားသလား၊ ခင်တော့ တေ့တေ့ဆိုင်ဆိုင် မတွေ့ရသေးလို့ဆိုရင် ခံရမယ်၊ ဒီလိုသူခိုးဓါးပြတောပုန်း အသေးအမွှားကလေးလောက်ကို ဂရုစိုက်ပြီး မကြောက်ချင်ပါဘူး၊ ဦးလေး ဘုရားရဲ့"
ဟုပြောလိုက်သောအခါ ၀န်မင်းဦးရွှေမောင်မှာ မိမိ ပင်ပန်းစွာပြောရကျိုးမနပ်ဟု သက်ပြင်းကြီးတချက်ချလိုက် ပြီး ရှက်ပြုံးကြီးပြုံးလိုက်ခါ...
"ဪ...ဆင်ခြင်နိုင်ရင် ကောင်းတာပေါ့ တူမရယ်၊ ပြီးတော့ ဒီနယ်မှာ မိုးနဲစော်ဘွားဟောင်းဘက်က ရှမ်း သူပုန်တွေကလဲ တောတောင်ပုန်းလျှိုးပြီး အလစ်အလစ်မှာ တမျိုးထကြွနေပြန်လို့ တယ်စိတ်မချရသေးဘူး၊ ရွှေမြို့တော်ကြီးက တပ်တော်များတောင် နောက်ထပ် ရောက်မလိုလို သတင်းကြားရတယ်"
ဟုပြောပြန်ရာ ခင်ဘုန်းမြင့်မှာ သူပုန်အရေးကို မိမိနှင့်မဆိုင်သကဲ့သို့ ဘာမျှမတွေးဘဲနေရာမှ ရုတ်တရက် တစုံတခုလို သတိရလာသဖြင့် ၀မ်းသာအားရနှင့်...
"ဪ...ဟုတ်လား ဦးလေးဘုရား ရွှေမြို့တော်ကြီးက တပ်တော်ရောက်မယ်ဆို၊ ဘယ်သူ့တပ်တော်များ လာမလဲမသိရဘူး၊ ခင့်သူငယ်ချင်း ကွပ်ရွာမြို့စား ဗိုလ်မှူးကလေး မင်းကျော်ခေါင်များ ပါလာရင် အင်မတန် ကောင်းမှာဘဲ ဦးလေးရာ"
မောင်။ ။"ဘယ်က မင်းကျော်ခေါင်လဲ တူမရဲ့"
ဘုန်း။ ။"မြေလပ်၀န်ကြီးရဲ့တူ မောင်မောင်ထွန်းလေ၊ ခင်နဲ့ငယ်ငယ်တုန်းက ကျောင်းအတူ နေခဲ့ဘူးတဲ့သူငယ် ချင်းပါ ဦးလေးဘုရားရဲ့"
ထိုအခိုက် မြင်းစေကျော်တယောက် ၀င်လာပြီး ၀န်မင်းဦးရွှေမောင်အနီးတွင် ဒူးထောက်လျှက် ကျည်ထောက် တွင်းမှ စာတစောင်ကို ထုတ်ခါ ရိုသေစွာ ပေးလေ၏။ ဦးရွှေမောင်လည်း အလွှာစာကို သေချာစွာ ဘတ်လေ၏။
ရတနာပုံ ဒုတိယနန်းစံ၊ ဘ၀ရှင်မင်းတရားကြီး
အမိန့်တော်။
၁၂၄၄-ခု၊ တပေါင်းလပြည့်ကျော် ၅ ရက်နေ့တွင် ရွှေဘဝါးတော်အောက်မှ ကွပ်ရွာမြို့စား မင်းကျော်ခေါင်ကို ဗိုလ်ချုပ်ခန့်၍ နတ်ရှင်ရွေးသေနတ်ဗိုလ်နှင့်အမှုထမ်း လူငါးရာတတပ်၊ ကသည်းအက္ကပါတ်၊ မြင်းတပ်ဗိုလ်တို့ နှင့်မြင်းအမှုထမ်းလူသုံးရာ၊ သင်းအမှုထမ်းလူငါးရာတတပ်၊ ကိုယ်ရံသူကောင်းထမ်း လူတရာ့ငါးဆယ်၊ မြင်းစီး ရေနှစ်ရာ၊ ဆင်စီးရေး တဆယ်၊ အမှုထမ်းလူတထောင့်ငါးရာကျော်ပေးအပ်၍ သူပုန်မိုးနဲစော်ဘွားဟောင်း ငကျည်ငယ် ယောက်ဖမိုင်းနောင်မြို့စားဟောင်း ငထွန်း၊ ရပ်စောက်စော်ဘွားဟောင်းငဝိုင်း၊ မိုင်းပျည်းမြို့စား ဟောင်းငဘက်တို့နှင့်အပေါင်းပါ ရိုင်းပြခြားနားသောသူပုန်ရန်သူတို့ကို နှိမ်နင်းဖြိုဖျက်ရန် စေလွှတ်တော်မူ လိုက်သည်၊ တပ်တော်များကို မိုးနဲမြို့တွင် စီရင်အုပ်ချုပ်သူ အဝေး၀န်ငရွှေမောင်က မျိုးရိက္ခာပေးသွင်းစေ။ ။
အမိန့်တော်။
ဟူ၍ လွှတ်တော်တံဆိပ် ခပ်နှိပ်လျှက် ရှိသော အမိန့်တော်စာကို တွေ့မြင်ရလေ၏၊ အဝေး၀န်မင်းလည်း အမိန့်တော်ကို ဘတ်ပြီးနောက် မြင်းစေကျော်အား ချီတက်လာသော တပ်တော်များ၊ မည်သည့်နေရာသို့ ရောက်ရှိနေပြီလဲဟု စုံစမ်းရာ မြင်းစေကျော်က ချီတက်လာသောတပ်တော်များမှာ ညောင်ရွှေမြို့နှင့် ခရီး ရှစ်တိုင်ကွာ ဟဲဟိုးအရပ်တွင် တပ်မတော်ရောက်ရှိလာပြီဖြစ်၍ ၄-၅ ရက်အတွင်း မိုးနဲမြို့သို့ ရောက်တော့ မည်ဖြစ်ကြောင်း သိရလေ၏။
(ခင်ဘုန်းမြင့်လည်း ၀မ်းမြောက်၀မ်းသာနှင့်)"အို...မင်းကျော်ခေါင်တို့တပ် ဆိုပါလား၊ အခန့်သင့်တတ်လေ တယ် ဦးလေးဘုရား"
ဟုပြောလျှင် ဦးရွှေမောင်လည်း ပြုံးပြုံးကြီး ခေါင်းငြိမ့်ကာ
"အေး...ငါ့တူမကလေး အခုဘဲ တမ်းတနေသေး၊ ချက်ချင်းဘဲ အလိုပြည့်သွားသကွယ်၊ ကဲ ကဲ... အမိန့်တော် ကြီးအတိုင်း တပ်တော်ကြီးရောက်လာရင် အဆင်သင့်ရိက္ခာတော်များ ပေးသွင်းနိုင်အောင် ဆင့်ဆိုစီမံချေအုံး မယ်၊ ငါ့တူမဘဲ ဒီမှာ အေးအေးလူလူ နေရစ်ပေအုံး"
ဟုဆိုကာ အဝေး၀န်မင်းဦးရွှေမောင် အဆောင်တွင်းသို့ ၀င်သွားလေ၏။
အပြင်တွင် ခင်ဘုန်းမြင့်တယောက်တည်း ကျန်ရစ်သောအခါ သူဇာနှင့်မာလာတို့အနီးသို့ ရောက်လာကြ လေ၏။ ခင်ဘုန်းမြင့်လည်း အားရ၀မ်းသာနှင့်။
"ဟေ့...သူဇာတို့ မာလာတို့ရေ...ရွှေမြို့တော်က နောက်ထပ်ရောက်လာမဲ့ တပ်တော်မှာ မင်းကျော်ခေါင် ဗိုလ် မှူးလုပ်ပြီး ပါလာမတဲ့ဟေ့"
ဟုဆိုလျှင် သူဇာ မာလာတို့လည်း ၀မ်းမြောက်စွာနှင့်။
"အို...ဟန်ကျဒါဘဲ၊ မဘုရားလေးရဲ့"
ဟုသခင်မအလိုကျ ထောက်ခံပြောကြရာမှ...
သူဇာ။ ။"ဒါထက် တခုမေးပါရစေ မဘုရားလေးရယ်၊ အဲဒီမင်းကျော်ခေါင်ဆိုတဲ့ဗိုလ်မှူးကလေးဟာ မဘုရားလေးရဲ့ရီးစား မဟုတ်လား"
ဟုပြောင်သလိုလိုနှင့် ပြောလိုက်လေ၏။
ဘုန်း။ ။"အို...မဟုတ်သေးပါဘူး၊ ရိုးရိုးခင်တာပါအေ၊ ညီးတို့ကလဲ ရှာရှာဖွေဖွေ ရှိလိုက်တာ"
မာလာ။ ။"အခုမဟုတ်သေးပေတဲ့ တော်တော်ကြာတော့ ရိုးရာက ဆန်းပြီး ကမ်းမမြင် လမ်းမမြင် ချစ်ခင် တော်မူသွားမှာပေါ့ဘုရာ့"
(ခင်ဘုန်း-ရှက်ကိုးရှက်ကန်းနှင့်ပြုံးကာ)
"မာလာနော် ညီးဟာ မဟုတ်တာပြောရမယ်ဆိုရင် နှစ်ယောက်မရှိဘူး၊ ကဲ ပြောချင်လှဒါ၊ ပြောအုံး"
ဟုဆိုပြီး မာလာ၏ဗိုက်ခေါက်ကြီးကို ဆွဲလိမ်လေရာ မာလာလည်း ရယ်မောကာဖြင့်...
"ကြောက်ပါပြီ မဘုရားလေးရဲ့၊ နောက်တခါ မပြောတော့ပါဘူး"
ဟုဆိုပြီး အခန်းထဲသို့ ၀င်ပြေးလေရာ ခင်ဘုန်းမြင့်နှင့်သူဇာတို့လည်း အခန်းထဲသို့ လိုက်သွားကြပြန်လေ၏။
အခဏ်း ၃။
ထိုနေ့ညအချိန်တွင် ရွှေမြို့တော်ကြီးမှ ချီတက်လာသောတပ်တော်ကြီးသည် မိုးနဲမြို့သို့မရောက်မီ ညောင်ရွှေ မြို့အနီး ဟဲဟိုးအရပ်တွင် တပ်စခန်းနားနေခိုက်ဖြစ်လေ၏။ တပ်သားများမှာ တပ်စခန်းအတွင်း၌ အိပ်သူအိပ်၊ ကင်းစောင့်သူစောင့်၊ မီးလှုံသူလှုံရင်း အချင်းချင်းစကားဝိုင်းဖွဲ့ပြောဆိုနေကြလျက် အချို့ကလည်း အမြောက် စိန်ပြောင်းများ၊ ဓါးလှံလက်နက်များ တိုက်ချွတ်၍ အချို့ကလည်း ဆင်မြင်းများ အစာကျွေးသူကျွေးလျက် ရှိ နေကြစဉ် ဗိုလ်မှူးကလေး မင်းကျော်ခေါင်ကား တဲထဲတွင် လက်သပ်မွေးထားသော တပည့်ငယ်နှစ်ယောက် နှင့် စကားပြောလျက်ရှိလေ၏။
ခေါင်။ ။"ဟေ့...တချက်ခုတ် နှစ်ချက်ပြတ် ဆိုဒါလို ဒီနယ်ကို ရောက်လာကြတဲ့အခါ မင်းတို့မျက်လုံးများကို အလကားမထားကြနဲ့နော်၊ ရွှေမြို့တော်က ပျောက်ခြင်းမလှ ပျောက်သွားတဲ့ငါ့အချစ်တော်လေး၊ ခင်ဘုန်းမြင့် ကို တွေ့လိုတွေ့ငြား သတိထားပြီး ကြည့်ကြစမ်းပါကွာ"
တပည့်။ ။"မှန်ပါ...ကြည့်ပါ့မယ်ဘုရား"
ထိုအခိုက်တွင် မင်းကျော်ခေါင်လည်း ရှေးဖြစ်ဟောင်းများကို တွေးမိကာ ငြိမ်သက်စွာ စဉ်းစားနေပြန်လေ၏။ ခင်ဘုန်းမြင့်သည် မြတ်လေးရုံကလေးအောက်တွင် တယောက်ချင်း ပန်းသီ၍နေလေ၏။ မင်းကျော်ခေါင်သည် ငွေဖလားကြီးတွင် ရေအပြည့်ထည့်ကာ ခင်ဘုန်းနောက်မှ တိတ်တဆိတ်ချောင်းလာပြီး အနီးသို့ ရောက် သောအခါ ပါလာသော ရေများနှင့်တအားကုန် လောင်းချလိုက်ရာ ခင်ဘုန်းတကိုယ်လုံး ရွှဲရွှဲစိုသွားလေ၏။ ခင်ဘုန်းမှာ အလန့်တကြားလုပ်ရပါ့မည်လားဟု စူဆောင့်ကာ စိတ်ဆိုးသွားသဖြင့် မင်းကျော်ခေါင်လည်း ခေါင်းက ပုဝါကို ချွတ်၍ ခြုံပေးပြီး ယုယုယယ ချော့မော့သည်တွင်မှ စိတ်ဆိုးပြေသွားကာ နှစ်ယောက်သား တဖြည်းဖြည်းလျှောက်လာရင်း ခင်ဘုန်းသည် စင်မြင့်ကလေးတခုပေါ်တွင် ရေအပြည့်နှင့်တင်ထားသော ငွေ ဖလားကြီးတခုကို တွေ့မြင်သည်နှင့်တပြိုင်နက် အပြေးကလေးသွားယူကာ မင်းကျော်ခေါင်ကို ခေါင်းက ဖြို၍ တအားလောင်းလိုက်ပြီးနောက် ခေါင်းကိုပါ ငွေဖလားကြီးနှင့်မှောက်၍ စွပ်ထားသောကြောင့် မင်းကျော်ခေါင် မှာ မမြင်မကန်းနှင့်အရမ်းလျှောက်ပြေးနေရာမှ ခလုပ်တိုက်ခါ မှောက်ရားထိုး လဲကျသွားသည်ကို ခင်ဘုန်း နှင့်တကွ လမ်းဘက်ဆီမှ ပြွတ်တိုကိုယ်စီနှင့် သင်္ကြန်ရေပက်ရန် လျှောက်လာကြသော ကလေးငယ် တသိုက်ပါ အားရပါးရ လက်ခုပ်လက်ဝါးတီး၍ ရယ်နေကြလေ၏။
မင်းကျော်ခေါင်လည်း အထက်ပါအဖြစ်အပျက်ကလေးကို ငြိမ်သက်စွာ တွေးမိရင်းက တယောက်တည်း ရယ် ချင်လာသောအကြောင့် ရုတ်တရက် အသံထွက်အောင် ဟက်ဟက်ပက်ပက်ကြီး ရယ်ပစ်လိုက်ရာ အနီး တွင် ထိုင်နေကြသော တပည့်နှစ်ယောက်မှာ အကြောင်သား ဆရာကိုကြည့်ပြီး တယောက်ကိုတယောက် "ဘာရယ်တာလဲဟင်" ဟု အချင်းချင်း မျက်စနှင့်မေးရာ တယောက်ကလည်း မပြောတတ်ဖြစ်နေ၍ နှစ် ယောက်သား ပုဆိုးများ လုံအောင် ပြင်ထိုင်ကြရလေ၏။
နောက်တနေ့တွင် အဝေး၀န်မင်းမှာ နောက်ထပ် ရောက်လာမည့်တပ်တော်များ နေရာသစ်ချထားရန် စား ရေးရိက္ခာလုံလောက်စွာ ရှိစေရန်မှစ၍ တပည့်လက်သားများနှင့်အရေးတကြီး စီမံနေရာတူမကလေးခင်ဘုန်း ကိုပင် ခါတိုင်းလို အရိပ်မကြည့်နိုင်ရှာအောင် ဖြစ်နေလေ၏။
သယံဇာတ၊ ကမ္ဘာ့ဓမ္မတာ သာယာသော တောတောင်သစ်ပင်တို့ကို မြင်ရသည့်အချိန်ကစ၍ ထာ၀ရ အူမြူး လျှက် အပျော်ကြူးနေရှာသော ခင်ဘုန်းမှာလည်း တောလယ်တွင် ကျက်စားနေထိုင်သော သမင်ပျိုမကလေး အလား ဦးလေးအလစ်တွင် မိန်းမဖေါ်နှစ်ဦးကို တံချူ ခြင်းတောင်းများ ယူစေလျှက် မလှမ်းမကမ်းတွင်ရှိသော တောတန်းအစကလေးတွင် မြင်မြင်သမျှ သစ်ခွပန်းများကို ခူးဆွတ်ခါ တဖြည်းဖြည်း နယ်ကျွံမှန်းမသိ နယ် ကျွံလာကြလေ၏။
ခင်ဘုန်းမြင့်သည် ရလာသမျှပန်းများကို နမ်းခါ ရှုံ့ခါ လွန်စွာ၀မ်းသာရွှင်မြူးနေရာမှ စမ်းချောင်းကလေး တဖက် ရှိ သစ်ပင်မြင်ကြီးများပေါ်မှ သဇင်ပန်းများကို လှမ်း၍ မြင်ပြန်သဖြင့် လိုချင်ရမက်ကြီး၍လာကာ...
"မာလာရေ ဟိုဘက်မှာ သဇင်ပန်းတွေ ရှိတယ်ဟေ့၊ လာ-လာ-ချောင်းကလေးကို ဖြတ်ကူးကြရအောင်"
မာလာ။ ။"ဟာ-မကူးပါနဲ့ မဘုရားလေးရယ်၊ ဟိုဘက်မှာ အရိုင်းတွေ ရှိတယ်တဲ့ဘုရာ့"
ဘုန်း။ ။(စိတ်ဆိုးကာ)"အို...ညီးတို့မလိုက်ချင်နေ၊ ငါ့ဟာ ငါသွားမယ်"
ဟုဆိုလျက် တံချူကိုဆွဲကာ ရေတသွင်သွင် စီးဆင်းနေသော စမ်းချောင်းတဘက်သို့ ကျောက်တုံး ကျောက်ခဲ ကြီးများကို ခုန်လွှားကျော်နင်းလျက် သွက်လက်လျင်မြန်စွာ ကူးသွားလေ၏။ သူဇာနှင့်မာလာလည်း စိုးရိမ်စွာ လိုက်သွားပြီး ရေထဲမှ ကျောက်တုံးကြီးများကို မရဲတရဲ ကျော်ကူးနေကြရာမှ များစွာခရီးမရောက်ဘဲ ရီးတီး ရားတားဖြစ်နေကြစဉ် ခင်ဘုန်းမြင့်မှာမူကား သစ်ပင်ကြို သစ်ပင်ကြားသို့ ၀င်သွားသောကြောင့် အရိပ်အစမျှ မမြင်ရအောင် ရှိလေတော၏။
စမ်းချောင်းတဘက်သို့ ရောက်လာသော ခင်ဘုန်းမြင့်မှာလည်း နောက်က အဖော်များ လိုက်လာသည်၊ မလိုက်လာသည်ကိုမျှ သတိမထားနိုင်၊ လက်မှပါသော တံချူကြီးတကိုင်ကိုင်နှင့် တွေ့သမျှ လှမ်းမှီသမျှသော သဇင်ပန်း ဂမုန်းပန်းများကို တမော့မော့ကြည့်ခူးလျှက် တောနက်ထဲသို့ ရောက်မှန်းမသိ ရောက်လာလေ သည်၊ သို့နှင့်မကြာမီအတွင်းတွင် သဇင်ပန်းများကို လောဘဇောငင်နေသော ခင်ဘုန်းသည် မိမိပခုံးနှစ်ဖက် သို့ လေးလံသောလက်ကြီးနှစ်ဘက်ဖြင့် တစုံတယောက်က ဖိကိုင်လိုက်ခြင်းခံရ၍ ရုတ်တရက် လှည့်ကြည့် လိုက်ရာ ပြုံးဖြီးဖြီးကြီး ကြည့်နေသော ပလောင်ရိုင်းကြီးတဦးကို တွေ့လျှင် ဤတွင်မှလည်း ဦးလေးဘုရားပြောတာ ဟုတ်ပါကလားဟု ထိတ်လန့်အံ့ဩသွားမိလေ၏။ ထိုခဏမှာပင် မည်သည့်အချိန်က ရောက်နေကြ သည်မသိ၊ သစ်ပင်ခြုံနွယ်အကြိုအကြားမှ ပလောင်ရိုင်းများ အလျှိုလျှို ပေါ်ထွက်လာကြကာ ခင်ဘုန်းမြင့် အား တိရစ္ဆာန်လှလှကလေးကို ကိုင်တွယ်ကြည့်ရှုသကဲ့သို့ တောင်ကိုင် မြောက်ကိုင် ကိုင်တွယ်ကြည့်ရှုရုံ မက အချို့ပလောင်များကလည်း ပုတီးလက်ကောက်များ ဆွဲချွတ်ပြီး သူတို့၏ကိုယ်တွင် ၀တ်ဆင်ကြည့်ကာ လွန်စွာကျေနပ်နေကြပြီးလျှင် အချို့ကလည်း ခင်ဘုန်းမြင့်၏အင်္ကျီထမီစသည်တို့ကို ကိုင်တွယ်လှန်လှော ကြည့်ကြပြန်ရာ ခင်ဘုန်းမြင့်မှာ လွန်စွာအခံရခက်ပြီး အရိုင်းအစိုင်းတွေ ဖြစ်နေ၍လည်း ကြောက်ရွံ့စွာ ငြိမ်ခံ နေရကာ မိမိအရဲစွန့် လာမိသည်မှာ မှားလေစွဟု နောင်တရ၍ နေလေ၏။ ထိုနောက် ပလောင်ရိုင်းများသည် ခင်ဘုန်းမြင့်အား ၄င်းတို့နေထိုင်ရာ ရွာကလေးထဲသို့ ဆွဲခေါ်သွားပြီး အချင်းချင်း ဟစ်အော်ကြော်ငြာလိုက် သောအခါ တရွာလုံးရှိ မိန်းမ ယောက်ျား သားငယ်မြေးဘုတို့လို့တွဲလောင်းနှင့်ရောက်လာကြကာ အထူး အဆန်းတခုပမာ ဝိုင်းအုံကြည့်ရှုကြပြီး အချို့ကလည်း အရိုင်းတို့ဘာ၀ ကခုန် သီဆိုပျော်မြူးကြလျှက် ခင် ဘုန်းကို ချာလပတ် လှည့်နေကြလေရာ တခါတခါ ဇွတ်သမားအရမ်းအကြမ်းသမားဖြစ်သော ပလောင် လူပျိုသိုး ခေါင်ရေအိုးများနှင့်တွေ့လျှင် ခင်ဘုန်းမှာ ရုန်းကန် တွန်းဖယ်ပစ်တန်လျှင် ပစ်ရလေ၏။ ထိုအခိုက် ကြောက်ရွံ့စွာ စူးစူးရွားရွား အော်လိုက်သောအသံများ၊ တရွှမ်းရွှမ်းရိုက်လိုက်သော ကြာပွတ်သံများ ကြားရပြီး မိမိအနီးအပါးမှ ပလောင်ရိုင်းများလည်း ပြူးတူးပြာတာ ကြောက်ရွံ့စွာနှင့် ခလေးမြေးငယ်တို့ကို ဆွဲချီကာ ဦး တည့်ရာသို့ ပြေးသွားကြလေရာ၊ ခင်ဘုန်းလည်း အကြောင်းမည်သို့နည်းဟု တောင်မြောက်လေးပါး လှည့် ကြည့်လိုက်ရာတွင် အညိုရောင်ဦးရစ်ခေါင်းပေါင်းနှင့်ရှမ်းလုလင်ပျိုသည် ကြီးမားသန်မာသော မြင်းညိုကြီးကို စီးကာ ပလောင်ရိုင်းများကို ဒလကြမ်း ကြာပွတ်စာ ကျွေးလျှက် မိမိဘက်သို့ ဦးတည်ပြေးလာနေသည်ကို တွေ့ရလေ၏။
ခင်ဘုန်းလည်း ထိုရှမ်းလုလင်ပျိုမှာ မိုးနဲမြို့အလာ လမ်းခရီးမှာ ဒုက္ခတွေ့စဉ် မိမိအားတကြိမ်ကူညီသွား ဘူးသူ ဖြစ်ကြောင်း သိရလျက် များစွာ အားတက်မိလေ၏။ လုလင်ပျိုလည်း ပလောင်ရိုင်းအချို့ထံမှ ခင်ဘုန်း မြင့်၏ပုတီး လက်ကောက်စသည့်လက်၀တ်လက်စားများကို ပုတ်ခတ်ဆွချွတ်ယူကာ မိမိ၏ခါးစီးပုဝါတွင် ထုပ် လျှက် ခင်ဘုန်းမြင့်ကို လက်တဘက်မှ အသာတွဲခေါ်ကာ ပလောင်ရွာအတွင်းမှ ထွက်လာကြလေ၏။
ခင်ဘုန်းမြင့်မှာ ရှမ်းလုလင်ပျိုခေါ်ဆောင်ရာသို့ လိုက်ပင် လိုက်လာရစေကာမူ စိတ်ထဲတွင် သင်္ကာယန မကင်းလှပေ၊ ပလောင်ရိုင်းများလက်မှ ကယ်ဆယ်လာသော်လည်း သူ ငါ့ကို ဘယ်ခေါ်သွားမှာပါလိမ့်မလဲ-ဟု စိတ်ထဲမှ တဒိတ်ဒိတ်ပူ၍ နေလေသည်။
သို့ရာတွင် ယခင်တကြိမ်ကလည်း အရေးထဲမှ လာရောက်ကယ်ဆယ်ဘူးပြီဖြစ်၍ အနည်းငယ်သက်သာရာ ရနေသလို ရှိနေသည်တကြောင်း၊ ခင်ဘုန်းမြင့်ကိုယ်တိုင်ကလည်း ကြောက်ရွံ့အားငယ်သော အမူအရာပေါ် သွားမည်ကို ရှက်စနိုးလှသောမိန်းခလေးတဦးဖြစ်သည်တကြောင်းတို့ကြောင့် ရဲရင့်တည်ကြည်စွာပင် လိုက်ပါ လာလာ၏၊ လမ်းတဝက်လောက်သို့ ရောက်သောအခါ ရှမ်းလုလင်ပျိုသည် တစုံတရာ သတိရသလိုနှင့် ခေတ္တရပ်တန့်နေလိုက်သဖြင့် ခင်ဘုန်းမြင့်လည်း ခြေလှမ်းကို အနားပေးလိုက်ရကာ သူ ဘာလုပ်မှာလဲ..ဟု အကဲခတ်သလို ကြည့်လိုက်မိလေသည်၊၊ ထိုခဏ၌ ရှမ်းလုလင်ပျိုသည် မိမိခါးကြားတွင် ပုဝါနှင့်ထုပ်လာ သော ခင်ဘုန်းမြင့်၏လက်ဝတ်လက်စားများကို ဖြေပြီး ခပ်ပြုံးပြုံးကြည့်၍ ပေးအပ်လေရာ ခင်ဘုန်းမြင့်က လည်း ကျေးဇူးတင်သောမျက်လုံးများဖြင့် မော်ကာကြည့်လိုက်လျှင် မိမိ၏လက်၀တ်လက်စားများကို ယူ၍ ဝတ်ဆင်ရင်း...
"ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ ကျမကို ကူညီတာ နှစ်ကြိမ်ရှိပါပြီ၊ နာမည်ကို မသိရဘူးလား"
ရှမ်းလုလင်ပျိုသည် ခံ့ညားစွာ ပြုံးလျက်...
"ခွန်မောင်ညိုလို့ခေါ်ကြတာဘဲ"
ဟုပြောကာ အထုပ်တွင်းမှ လက်စွပ်တခုကို နှိုက်ယူထားပြီး ခင်ဘုန်းမြင့်ပုတီး လက်ကောက်များ အားလုံး ဝတ်ဆင်ပြီးအောင် စောင့်နေလေ၏၊ အားလုံး ဝတ်ဆင်ပြီးသွားသောအခါ ရှမ်းလုလင်ပျိုသည် ခင်ဘုန်းမြင့်၏ လက်ကို ဆွဲကိုင်ကာ လေးနက်၍ အဓိပ္ပါယ်ပါသောမျက်လုံးနှင့်စိုက်ကြည့်ပြီး လက်စွပ်ကို ကိုယ်တိုင်ဝတ်ပေး လေ၏၊ ခင်ဘုန်းမြင့်လည်း အစအဆုံး တွေတွေကြီးကြည့်ပြီး အံ့အားသင့်စွာ ခံနေရလေသည်။ ထိုနောက် ရှမ်းလုလင်ပျိုသည် ခင်ဘုန်းမြင့်ကိုတွဲကာ ဆက်လက်ခေါ်လာလေ၏၊ လမ်းတွင် လိုချင်စဘွယ်ကောင်းသော သစ်ခွပန်းများကို တွေ့မြင်ရပြန်ရာ ခင်ဘုန်းမြင့်မှာ ပန်းများကို လိုချင်စိတ် မကုန်သေးသလို မော့ကာ မော့ ကာကြည့်ရင်း ပါလာလျှင် ရှမ်းလုလင်ပျိုလည်း ခင်ဘုန်းမြင့်၏အလိုကို သိနေဘိအလား၊ သစ်ပင်ခွကြားမှ သစ်ခွပန်းများကို လက်က ကြာပွတ်နှင့်လှမ်းရိုက်ခါ ကျလာသော သစ်ခွပန်းအုံကြီးကို ခင်ဘုန်းမြင့်အား လေး နက်သော အမူအရာနှင့်ကိုယ်ကို ညွှတ်ခါလှမ်းပေးပြီး စမ်းချောင်းကလေးတဘက်သို့ လက်ညှိးညွှန်ပြကာ
"ဟောဒီ စမ်းချောင်းကလေးတဘက်က လမ်းအတိုင်း လိုက်သွားရင် နှမအတွက် အန္တရာယ်မရှိနိုင်ပါဘူး"
ဟု ပြောရာ ခင်ဘုန်းမြင့်လည်း ပန်းများကို ယူလျှက်...
"ဟုတ်ကဲ့ ကျေးဇူးအထူးတင်ပါတယ်"
ဟုဆိုကာ ပြန်လာခဲ့လေ၏၊
ခင်ဘုန်းမြင့် စမ်းချောင်းကလေးတဖက်သို့ ကျောက်တုံးများအပေါ်မှ ဖြတ်ကျော်ကူးလျှောက်လာ၍ တဘက် သို့ ရောက်လာသောအခါ သူဇာနှင့်မာလာတို့လည်း ချောင်းတဘက်သို့ ကူးရန် ကြိုးစားနေကြဆဲ ဖြစ်လေ သည်။ သူဇာမှာ ကျောက်တုံးတခုပေါ်မှ မကြာခဏ ခြေချော်ကျနေလျှက် မာလာက နောက်မှ အားပေးတွဲမ နေဆဲပင် ရှိနေသေးသည်၊ သို့ရာတွင် သူဇာမှာ နောက်ဆုံးတကြိမ် ရေညှိတွေကပ်နေသော ကျောက်တုံး ပေါ်မှ ခြေချော်ကာ ရေထဲသို့ ကျသွားသဖြင့် တကိုယ်လုံး ရွှဲရွှဲစိုနေပြန်ရာ မာလာမှာလည်း သူဇာအား လက် ကမ်း၍ လှမ်းဆွဲတင်နေရသောကြောင့် အားလွန်ကာ ရေထဲသို့ ကျသွားပြန်လေ၏၊ ထိုအခိုက်တွင် ခင်ဘုန်း မြင့် ပြန်ရောက်လာသောကြောင့် တပည့်မနှစ်ယောက်၏အစွမ်းကို ရယ်မောလှောင်ပြောင်ကာ နေအိမ်သို့ ပြန်လာကြလေ၏။
******
ကျိုင်းတုံနယ်စပ်အနီး စိမ့်စမ်းဂနိုင်ကြီးအတွင်း၌ မြန်မာဘုရင်ဧကရာဇ်ကို တော်လှန်ပုန်ကန်ခဲ့သော စော် ဘွားကြီးများမှာ ကြီးစွာသော ကျောက်လှိုဏ်ဂူနန်းကြီးအတွင်း သားမယားကျေးကျွန်၊ ခြွေရံအများနှင့်အခိုင် အလုံ နေထိုင်လျှက်ရှိကြသည့်အပြင် နေ့စဉ် နေ့တိုင်းဆိုသလို လုပ်ကြံစီမံဘွယ် အရေးအရာများကို ခေါင်း ချင်းဆိုင် တိုင်ပင်ကာနေကြမြဲဖြစ်လေရာ ထိုနေ့အဘို့မှာလည်း စော်ဘွားကြီးများမှာ အရေးကြီးသော အကြံ အစည်များကို ဆွေးနွေးလျက် ရှိကြလေ၏။
အကြီးအကဲဖြစ်သော မိုးနဲစော်ဘွားကြီးခွန်ကျည်ငယ်နှင့်ရပ်စောက်စော်ဘွားကြီးစောခွန်ဝိုင်းသည်၄င်း၊ ဒုတိယအကြီးအကဲဖြစ်ကြသူ မိုင်းနောင်မြို့စား ခွန်မောင်ထွန်း၊ မိုင်းပျည်းမြို့စားခွန်ဘက်တို့သည် မိမိတို့ တပ်မှူး တပ်အုပ်အချို့နှင့်အပေါင်းပါ စားနပ်ရိက္ခာပို့နေကြသော ထမုံသူကြီးသုံးလေးဦးနှင့် ကျောက်ဂူကြီး အတွင်း တခုသောနေရာတွင် တီးတိုးတိုင်ပင်နေလေသည်။
စောခွန်ဝိုင်း။ ။"အဆွေတော်ကြီးရဲ့ ကျုပ်တို့မှာ ဘုရင်ကို အကြည်ညိုကင်းမဲ့လို့ ခုခံတော်လှန်ခဲ့ပြီးမှတော့ အကြံကို နောက်မဆုတ်သင့်ပေဘူး၊ မဆုတ်မနစ်သော လုလ္လနှင့်ကြိုးစားကြဘို့သာ ရှိတော့တယ် မဟုတ် လား"
ခွန်ကျည်ငယ်။ ။"မှန်ပါတယ်အဆွေတော်၊ ကျုပ်တို့မှာလဲ တနေ့တခြား အကူအညီတွေ များလာပြီ မဟုတ်လား၊ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုသလို ကိုယ်လုပ်တဲ့အလုပ်ကို ဘယ်တော့မှ နောက် မဆုတ်ပါဘူး။ အဆွေတော် ဒါထက် အဆွေတော်တို့ ကျုပ်တို့ရဲ့အကြည်တော်တဦးဖြစ်တဲ့ သီပေါအုံးပေါင် စော်ဘွားကြီးလဲ ဘုရင်ကို အကြည်ညိုကင်းမဲ့လာတဲ့အတွက် သူ၏လက်အောက်မှာ မနေလိုတော့ဘဲ မကြာ မီကပင် အခြွေအရံ တပည့်ကျေးကျွန်များနှင့် အင်္ဂလိပ်နယ်ထဲသို့ ဆင်းသက်ခို၀င်သွားပြီး ရန်ကုန်မြို့မှာ နေ ထိုင်တယ်လို့ သတင်းကြားရတယ်"
မိုင်းနောင်မြို့စား။ ။"အော်...ဒီဘုရင်နဲ့မိဖုရားကို စိတ်ပျက်သူများဟာ တနေ့တခြား များပြားလာပါကလား"
မိုင်းပျည်းမြို့စား။ ။"အဲဒီလို ဘုရင်ကို အကြည်ညိုကင်းမဲ့သူတွေ ပေါများလေလေ၊ ကျွန်တော်တို့ လုပ်ရေး ကိုင်ရေးအတွက် အားတက်ဘွယ် ကောင်းလေပါဘဲ"
မိုးနဲစော်ဘွားကြီးခွန်ကျည်ငယ်။ ။"ဒါအပြင်လဲ ကျွန်တော်တို့ မိုးနဲဟော်မှ ဒီတော ဒီတောင်အရပ်အထိ ဆုတ်ခွာလာရအောင် ဘုရင့်အကျိုးဆောင်ပြီး တိုက်ခိုက်နှိမ်နင်းလွှတ်လိုက်တဲ့ ရွှေလှံဗိုလ်ကောလင်းမြို့စား လဲ ဟိုပုံးမြို့မှာ စစ်စခန်းချ စောင့်ကြပ်နေရာမှ မကျန်းမမာတဲ့အတွက် ရွှေမြို့တော်သို့ ပြန်တော့မည်တဲ့ဗျာ၊ နောက်လာမဲ့ စစ်တပ်ကိုတော့ ကြောက်ရွံ့စရာမရှိပါဘူး၊ အခွင့်သာတဲ့အချိန်ကို ကြည့်ပြီး မိမိတို့ဟော်နန်းကို ဒလကြမ်းအရစီးရုံသာ ရှိပါတယ်"
ရပ်စောက်စော်ဘွား။ ။"ဒါထက် နေပြည်တော်မှာ အင်္ဂလိပ်သံအမတ် ရုတ်တရက်ပြန်သွားကတည်းက စိုး ရိမ်ထိတ်လန့်နေကြပြီတဲ့၊ တိုင်းပြည်မှာလဲ လှုပ်လှုပ်ရှားရှားနှင့်အမျိုးမျိုးသော တီးတိုးစကားများ ပြောနေကြ သတဲ့ အဆွေတော်ရဲ့
မိုးနဲစော်ဘွား။ ။အဲဒီသတင်းဟာလဲ ကျုပ်တို့အတွက် အင်မတန် အဘိုးထိုက်တန်တဲ့သတင်းတရပ်ဘဲ အဆွေတော်ရဲ့၊ နေပြည်တော်မှာ ရုတ်တရက် အရေးတော်ပေါ်လာရင် ကျုပ်တို့ရဲ့ဟော်နန်းများကို တိုက် ခိုက်ယူဘို့ရာပင် လိုတော့မယ်မထင်ဘူး။ အလိုလိုဘဲ ကိုယ့်လက်ထဲ ပြန်ရောက်စရာအကြောင်း ရှိနေပြန်ဒါ ပေါ့"
ရပ်စောက်။ ။"ဒီလိုလဲ ပုံသေကားချတွေးပြီး ဘာမှလုံ့လဝီရိယမထုတ်ဘဲ အေးနေလို့ မဖြစ်သေးဘူး အဆွေတော်ရဲ့၊ လူသူအင်အား စီးကြပ်ပြင်ဆင်မြဲ ပြင်ဆင်ထားပြီး အခါအခွင့်သင့်တဲ့အချိန် ရောက်တာနှင့် တပြိုင်တည်း ထပြီးတိုက်ခိုက်နိုင်အောင်ဟာ လုလ္လဝီရိယနှင့်အသင့်စောင့်စားရင်း နေပြည်တော်က သတင်း များကိုလဲ စုံစမ်းထောက်လှမ်းရန် အမြန်ဆုံးသတင်းပေးပို့ဆောင်ရွက်နိုင်မည့်သူ ကျွန်ုပ်တို့က အားထားယုံ ကြည်ရမည့်အရည်အချင်းနှင့်ပြည့်စုံတဲ့လူတဦးကို အထူးလိုပေတယ်၊ အဆွေတော်ရဲ့"
မိုးနဲ့စောဘွား။ ။"သင့်လျော်ပါပေတယ်။ အဆွေတော် ရွှေမြို့တော်ကို ယခုကကြိုတင်ပြီး သူလျှိုစေလွှတ် ထားသင့်ပါတယ်၊ သို့ ဘယ်သူ့ကို စေလွှတ်ဘို့အဆွေတော် ရည်ရွယ်ပါသလဲ"
ရပ်စောက်။ ။"ဒီအရေးကလဲ လွယ်ကူလှဒါ မဟုတ်ဘူးအဆွေတော်ရဲ့၊ အားလုံးနှင့်တိုင်ပင်ပြီး သင့် လျော်တယ်ထင်တဲ့လူကို ရွေးချယ်ရပေလိမ့်မယ်"
မိုးနဲ။ ။"ကိုင်းလေ မိုင်းပျည်းမြို့စားနဲ့ မိုင်းနောင်မြို့စားတို့ကလဲ သူလျှိုစေလွှတ်ဖို့ အရေးမှာ ဘယ်သူနှင့် သင့် လျော်တယ်ဆိုဒါ စဉ်းစားကြည့်စမ်းပါအုံး"
မိုင်းနောင်မြို့စား။ ။"ကျွန်တော်များ စဉ်းစားမိသူကို ပြောရမယ်ဆိုရင် ဓါးပြဗိုလ်ကြီးရွှေစွန်ညိုရဲ့အကူအညီကို ယူရလျှင် ဒီကိစ္စအတွက် အားအကိုးဆုံး ဖြစ်ပါလိမ့်မယ်"
မိုးနဲစော်ဘွား။ ။"အို...ဟုတ်လိုက်ပလေ အဆွေတော်ရယ်၊ သိမ်း စွန် ငှက်များလို ရက်စက်ဆိုးသွမ်းပြီး ကာယဗလ ဉာဏဗလနှင့်အထူးပြည့်စုံတဲ့ ရွှေစွန်ညိုရဲသတင်းဟာ ကျွန်တော်တို့ရှမ်းပြည်နယ်တရိုးမှာဖြင့် ဟိုးဟိုးကျော်နေတဲ့သူပါဘဲ၊ သူလဲဘဲ သီပေါဘုရင်ကို အကြည်ညိုကင်းမဲ့ခဲ့တဲ့လူတယောက် ဖြစ်တဲ့အတွက် ရွှေမြို့တော်ကြီးနှင့်ရှမ်းပြည်နယ်တလွှားမှာ တပည့်ငယ်သားများစွာနဲ့ ဘုရင့်ဘဏ္ဍာပစ္စည်းများကို အစဉ် ထာ၀ရလုယက်တိုက်ခိုက်နေဒါဘဲ၊ ဘုရင်ကို မုန်းတီးသူချင်းဖြစ်တဲ့အတွက် ရည်ရွယ်ချက်ခြင်းတူလေတော့ အပေါင်းအသင်းလုပ်ဘို့လဲ ခဲယဉ်းလှမယ် မထင်ဘူး"
ရပ်စောက်စော်ဘွား။ ။"ဟုတ်ပါပေတယ် အဆွေတော်၊ ကျုပ်တို့ဘက်ကို ထက်ထက်မြက်မြက် ကူညီနိုင်မဲ့ ပုဂ္ဂိုလ်တဦးပါဘဲ"
မိုးနဲစော်ဘွား။ ။"ရွှေမြို့တော်ကို သူလျှိုလွှတ်ဘို့ကိစ္စမှာလဲ သူ့ထက် အားထားရမဲ့သူ မမြင်ဘူး၊ သူ့မှာ အရပ်ရပ်တွင် လက်ညှိုးထိုးလို့ မလွဲရအောင် တပြည့် ငယ်သားတွေလဲ များတယ်အဆွေတော်ရဲ့"
ရပ်စောက်စော်ဘွား။ ။"ကိုင်းဒါဖြင့် မိုင်းနောင်မြို့စားရဲ့ဓါးပြဗိုလ်ကြီးရွှေစွန်ညိုကို ဘယ်လိုတွေ့အောင် ကြံ မလဲ"
မိုင်းနောင်မြို့စား။ ။"သူ့နေရာကို သိဘို့က နဲနဲခဲယဉ်းတယ်၊ သို့သော်လဲ မတွေ့ တွေ့အောင် စုံစမ်းထောက် လှမ်းယူရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူးခင်ဗျား"
ထိုနောက် မိုင်းနောင်မြို့စားနှင့်မိုင်းပျည်းမြို့စားတို့သည် အနီးတွင် ခစားနေသော ထမုံသူကြီးတဦးကိုခေါ်၍ ရွှေစွန်ညို၏နေရာစခန်းကို စုံစမ်းရာ ထမုံသူကြီးလည်း ရွှေစွန်ညို၏နေရာစခန်းကို ရုတ်တရက် သိနိုင်ရန် ခဲယဉ်းကြောင်း၊ သို့ရာတွင် မကြာမီ သိရှိစေရန် ကြိုးစားစုံစမ်းပေးမည်ဖြစ်ကြောင်း အာမခံလေ၏။
စော်ဘွားကြီးနှစ်ဦးနှင့်မြို့စားကြီးနှစ်ဦးတို့လည်း ထမုံသူကြီးအား ရွှေစွန်ညို၏စခန်းကို အမြန်သိရလျှင် ဆုငွေ တော်များ ထုတ်ပေးမည်ဖြစ်ကြောင်း အားပေးစကား ပြောကာ လက်နက်မျိုး ရိက္ခာများ ပြည့်စုံရေးကို ဆက် လက်ဆွေနွေးတိုင်ပင်နေကြလေသတည်း။
*****
အခဏ်း ၄။
တနေ့သောအခါ ခင်ဘုန်းမြင့်သည် လသာကွက်သို့ထွက်၍ ၀ယန္တာကို မှီနွှဲကာ လက်ကလေးနှစ်ဘက်ကို ယှက်ပြီး လမင်းကြီးကို ကြည့်မျှော်နေမိလေသည်။ တခါတခါလည်း အမှတ်မထင် လက်ချင်း ပွတ်သပ်ကိုင် တွယ်မိရာမှ သူ၏လက်တွင် ဝတ်ဆင်ထားသော လက်စွပ်ကလေးကို အတန်ကြာကလေး စိုက်ခါ ငေးကြည့် နေမိလေသည်။ ထိုနောက် လက်စွပ်ကလေးကို လှည့်ကာ လှည့်ကာ ကြည့်ရင်းပင် ပလောင် ရိုင်းတို့လက်မှ ကယ်ဆယ်လာသူ ရှမ်းလူပျိုချောကလေး၏မျက်နှာကို ကွက်ခနဲ မြင်လာပြီး ထိုလက်စွပ်ကလေးကို ယုယ ကြင်နာစွာ ၀တ်ဆင်ပေးလိုက်သညတို့ကိုပါ ထပ်မံထင်မြင်ပေါ်ပေါက်လာသောအခါ ခင်ဘုန်းမြင့်မှာ ရုတ်တ ရက် ထိတ်လန့်တုန်လှုပ်သွားဘိအလား ကြက်သီးကလေးများ ဖျန်းကနဲ ထသွားမိလေသည်။ တဖန်လည်း လက်ချောင်းကလေးများကို ဆုပ်ကိုင်ကာ ရင်ဘတ်ပေါ်သို့ တင်ထားလိုက်မိလေ၏။ မျက်နှာမှာလည်း တကိုယ်တည်း အလိုလိုပြုံးရွှင်ချိုသာနေသကဲ့သို့ ရှိနေလေ၏။ ခင်ဘုန်းမြင့်၏စိတ်များသည် ထိုအချိန် ထို အခါတွင် အကြောင်းမဲ့ ပျော်ရွှင်သာယာနေသကဲ့သို့ ရှိလေ၏။ ထိုနောက်မှ မိမိတယောက်ထည်းထည်း ဤ သို့ဖြစ်နေမိသည်ကို ရှက်အားပိုသွားပြန်သည့်အလား၊ ၀ယန္တာပေါ်တွင် ပန်းဆိုင်းဆွဲသကဲ့သို့ တွဲရရွဲကျနေ သော ဂေါ်သဇင်ပန်းနွယ်ကလေးတခုကို မခို့တရို့ကိုင်တွယ်ကြည့်ရှုနေလေသည်။ မြူတိမ်ကင်းသဖြင့် ရွှေ လမင်းကြီးမှာလည်း ဝင်းထိန်ကြည်လင်လျှက် ရှိလေ၏။ထိုအခိုက်မှာပင် သာယာသော ဗူးသရောသံကလေး တသံသည် မနီးမဝေး ဝဲပျံကွန်မြူးကာ ခင်ဘုန်းမြင့်၏နားတွင်းသို့ ရောက်လာလေသည်။ သရောသံနှင့်အတူ ရှမ်းတို့ဘာသာနှင့်သာယာကြည်နူးဘွယ်ကောင်းသော သီချင်းသံတသံမှာလည်း အတူပါလာလေရာ မိမိ တသက်တွင် ဤမျှသာယာသော သောတအာရုံကို တကြိမ်တခါမျှ မခံစားဘူးသလို အသက်ရှူကိုပင် ရပ်နား ကာ နားစည်းစိမ်ခံစားနေမိလေသည်။ သီချင်းသံနှင့်ဗူးသရောသံသည် ခင်ဘုန်းမြင့်တို့ ပန်းခြံတဘက်စွန်းဆီမှ ပေါ်ထွက်လာသည်၊ နိမ့်ပြတ်သောတောင် ထန်းပင်ပျိုကလေးကို ကွယ်ကာ အဆိုရော အတီးပါ တယောက် တည်း အသုံးတော်ခံနေသူကား ကာယဗလ ထွားကြိုင်းသန်မာလှသော သပြေညိုရောင် ရှမ်းခေါင်းပေါင်းကြီး ကို ပေါင်းထားသည့်ရှမ်းလူပျိုချောကလေးပင် ဖြစ်လေသည်။ သို့နှင့် အဆိုပါ ရှမ်းလူပျိုသည် ဆိုရင်း တီးရင်းမှ ချစ်ရာကောင်းလှသော ခင်ဘုန်းမြင့်အား စိမ်းစိမ်းစားစားနှင့် ချစ်အားကုန် ကြည့်နေလေတော့သည်။ မိမိ၏ သီဆိုကြူးရင့်သံကို နှစ်ချိုက်စွာ နားဆင်နေမှန်းကိုသိလေ၊ ရှမ်းလုလင်ပျိုတွင် ခင်ဘုန်းမြင့်အပေါ်၌ ချစ် မေတ္တာရေစင် တသွင်သွင်စီး၍ မသိမ်းဆီးမချုပ်တီးနိုင်အောင်ပင် ဖြစ်နေရရှာလေတော့သည်။ သီဆိုနေသော သီချင်းများမှာလည်း အမျှင်မပြတ်နိုင်၊ သူ၏ကိုယ်တိုင်ကား ဘယ်သီချင်းကို သီဆို၍ ဘာကိုလုပ်နေမိသည်ဟု သတိမရတော့ပေ၊ ခင်ဘုန်းမြင့်၏ရူပါရုံသည် သံလိုက်ပမာ ရှမ်းလုလင်ပျိုအား တစတစနီးကပ်လာစေရန် ဆွဲ ငင်နေသကဲ့သို့ ရှိလေ၏၊ ခင်ဘုန်းမြင့်သည် တေးသံ၏သာယာကြည်နူးဘွယ်ကောင်းသောအာရုံတွင် ခုံမင် နစ်မျော မေ့မောငေးမျှော်နေမိလေရာ၊ အချိန်မည်မျှကြာလာသည်မသိ၊ ၀ယန္တာတဘက်မှ လွှားကနဲ ကျော် တက်လာသော ရှမ်းလုလင်ပျိုကို တွေ့မြင်ရသည်တွင်မှ ရုတ်တရက် သတိရကာ ရှေးဦးစွာ အံ့အားသင့်နေ မိပြီး တဖန်လည်း မျက်နှာထားနှင့်ကြည့်လိုက်ခါ...
"အချိန်မတော်ကြီးမှာ ဘာကိစ္စနဲ့ အိမ်ပေါ်ကို ကျော်လွှားပြီး တက်လာရသလဲ၊ ခုတင်တုန်းက မယ်ဘွဲ့မောင် ဘွဲ့တွေနဲ့ စောင်းချိပ်ပြီး သီချင်းဆိုနေတာလဲ ရှင်ဘဲထင်တယ်"
ဟု ခပ်တည်တည် ပြောလိုက်သည်။
ရှမ်းလုလင်ပျိုက ပြုံးကာ...
"နှမလို ချောတဲ့လှတဲ့မိန်းကလေးတယောက်ကို သီချင်းဘွဲ့ဆိုခြင်းမှာ လောကကြီးရဲ့ထုံးစံပါဘဲ၊ အဲဒီလို သီချင်းဘွဲ့ဆိုရုံမက နှမကဲ့သို့ မိန်းမချော မိန်းမလှကလေးကို အောက်ကြို့အသနားခံပြီး ချစ်ခွင့်ပန်ဘို့ ဟော ဒီလို အပင်ပန်းခံ ရောက်လာရဒါလဲ ဟောဒီ လောကကြီးရဲ့ဓမ္မတာပါဘဲ"
ဟု မပြုံးတပြုံး မျက်နှာထားနှင့်ပြောလေရာ ခင်ဘုန်းမြင့်မှာ....
"အို"
ဟုဆိုကာ နောက်သို့တလှမ်းလောက် ဆုတ်သွားမိလေသည်၊ ထိုနောက် စိတ်ထဲတွင် ပူထူရှိန်းဖိန်းသွား၍ ဘာကိုပြောရမည်မသိဘဲ နှုတ်မှထွက်မိထွက်ရာ....
"ရှင်ဆိုတဲ့သီချင်းကတော့ ကောင်းပါရဲ့"
ဟု ယောင်ယောင်မှားမှား ပြောမိပြီးမှ သတိရကာ ရုတ်တရက် ရပ်တန့်ထားလိုက်ရလေ၏။
သို့ရာတွင် ရှမ်းလုလင်ပျိုက အကျကောက်ခါ....
"သီချင်းကောင်းဒါ ဘာမျှမဟုတ်သေးပါဘူး။ ဟောဟို ကောင်းကင်က လမင်းကြီးလို ကြည်လင်သာယာတဲ့ ဟောဒီ ခင်တပါးရဲ့မျက်နှာက သီချင်းထက် အဆတရာလောက် သာပါသေးတယ်"
ဟုဆိုကာ အနီးသို့ တဖြည်းဖြည်း တိုးလာသောကြောင့် ခင်ဘုန်းမြင့်မှာ မသင်္ကာကြည့် ကြည့်ရင်း နောက်သို့ အနည်းငယ်ဆုတ်သွားပြန်သည်။ သူ၏စိတ်ထဲမှာလည်း ရဲတင်းလှသော ယောက်ျားပျိုအား အံ့ဩသော မျက်နှာနှင့်စူးစိုက်စွာ ကြည့်နေမိလေသည်။ လုလင်ပျိုကား ခင်ဘုန်းမြင့်ကို နီးနီးကပ်ကပ် တွေ့မြင်ရလေ အချစ်၏တိုက်တွန်းနှိုးဆွမှုကို မခံမရပ်နိုင်လေရှိလာကာ နောက်ဆုံးတွင် တစုံတရာ ဆင်ခြင်စဉ်းစားခြင်း မပြုနိုင်တော့ဘဲ ခင်ဘုန်းမြင့်၏သေးသွယ်ပြေပါ့ပျောင်းသော ကိုယ်ကလေးကို ဗျုံးကနဲ တအား သိမ်းကြုံး ဘက်လိုက်ခါ နုညက်နီထွေးသောပါးမို့မို့ကလေးကို ကျူးလွန်၍ တအားမွှေးလိုက်မိလေတော့သည်။ ခင်ဘုန်း မြင့်သည် အတင့်ရဲလှသော ရှမ်းလုလင်ပျိုအား ရုန်းကန်တွန်းဖယ်ပြစ်လိုက်ခါ မိမိပါးကိုလက်ဝါးနှင့်ပွတ်လျှက် အလွန်တရာ ဒေါသထွက်နေသောကြောင့် မျက်နှာကလေးများ ရဲရဲနီကာ....
"ရှင် ဘယ်လိုလူစားလဲ၊ တယ်ရမ်းကားပါလား"
ဟုပြောကာ ဆတ်ဆတ်တုံအောင် မခံမရပ်နိုင်ဖြစ်နေလေ၏။ ဤတွင်မှလည်း ရှမ်းလုလင်ပျိုမှာ မိမိ၏ကျူး လွန်မိသောအပြစ်ကို သတိရသွားဘိအလား ၀မ်းနည်းသောမျက်နှာထားနှင့်....
"ကျုပ် နှမ အချောအလှကလေးရယ်၊ လွန်မိတဲ့အတွက် တောင်းပန်ပါတယ်။ သက်သက်မဲ့ စော်ကားတဲ့ သဘောနဲ့ ပြုလုပ်တာ မဟုတ်ပါဘူး၊ နှမကို ချစ်လွန်းလို့ အချစ်မွှန်းပြီးပြုမိပါတယ်၊ ဒါထက် သွားလိုက်ပါအုံး မယ်နော်"
ဟုဆိုကာ ချာကနဲလှည့်ပြီး ၀ယန္တာမှ ခုန်ဆင်းသွားလေ၏။
ခင်ဘုန်းမြင့်မှာ ဒေါသမပြေသေးဘဲ မစူးမရဲကြီးနှင့်ကျန်ရစ်ခါ တွေ့လျှင် တွေ့ချင်း ဆောက်နှင့်ထွင်းဆိုသလို ကျူးလွန်စော်ကားပြီး ပြောင်သလိုလို ပျက်သလိုလိုပင် လုပ်သွားသော ရှမ်းလုလင်ပျိုအား အခဲမကျေနိုင်ဘဲ တယောက်တည်း ဒေါသူပုန်ထ၍နေလေ၏။ ထိုခဏ၌ပင် သူဇာထွက်လာရာ ၀ယန္တာမှ ခုန်ဆင်းသွားသော ရှမ်းလုလင်ပျိုကို ရိပ်ခနဲ မြင်လိုက်ရသဖြင့် ခင်ဘုန်းမြင့်အနီးသို့ ရောက်လာပြီး
"မဘုရားလေး မအိပ်သေးဘဲ လသာထဲ ထွက်နေသကိုးဘုရာ့"
ဟု မသင်္ကာသောမျက်နှာထားနှင့်ပြောလျှင် ခင်ဘုန်းမြင့်မှာလည်း မျက်နှာမထားတတ်အောင် ဖြစ်သွား၍ အတော်ဣနြေဆောင်လိုက်ရကာ-
"ဟုတ်တယ်အေ၊ ငါ မအိပ်ချင်သေးဒါနဲ့ လသာသာ ရှိလို့ ထွက်ထိုင်နေတယ်၊ ခြံထဲက ပန်းရနံ့ကလေးတွေ ကလဲ မွှေးလိုက်တာ သူဇာရဲ့"
ဟုဆိုလျှင် သူဇာက ခပ်ငေါ့ငေါ့ ပြုံးကာ...
"ပြီးတော့လဲ သာယာတဲ့အသံရှင်ကလေးနဲ့ အချစ်သွေးစမ်းတော်မူသေး ထင်ပါရဲ့ဘုရာ့"
ဟုပြောလိုက်ရာ ခင်ဘုန်းမြင့်မှာ မခံချိမခံသာနှင့်အတော်ပင် အနေရကြပ်သွားရှာတော့သည်။ ထိုသို့နှင့် မပြီး သေးဘဲ သူဇာက ထပ်ကဲကာ....
"မဘုရားလေးတို့လို အချောအလှကလေးကို ဟိုလူက သဘောကျသွားမှာပေါ့နော်၊ ဒါပေတဲ့ ရှမ်းလူမျိုးဆိုဒါ အရိုင်းအစိုင်း စိတ်ကြမ်းကိုယ်ကြမ်းတွေပါ၊ နို့ပြီးတော့ သူ့အကြောင်းလဲ သိရဒါ မဟုတ်သေးတော့ တကယ် တမ်း ဆက်ဆံလို့ဖြစ်နိုင်သေးမယ်မထင်ပါ ဘူးမဘုရားလေးရဲ့"
ဟုပြောလိုက်သောအခါမူကား ခင်ဘုန်းမြင့်မှာ စိတ်တိုလာပြီး....
"ညီးက ဘာများသိလို့ အတတ်စွဲနေရဒါလဲ ဒီလိုတောထဲ တောင်ထဲက အနုံညာတ အကောင်မျိုးမဆိုထားနဲ့ မိဖုရားမြှောက်နိုင်တဲ့ရှင်ဘုရင်ကိုတောင် ရှောင်တိမ်းလာခဲ့တဲ့အစားမှန်း မသိဘူးလား"
ဟုကြိမ်းဝါးသံ မာန်မဲလိုက်သည်တွင်မှ သူဇာလည်း မျက်နှာအောက်ချလျှက် ငြိမ်သက်တိတ်ဆိတ်သွားလေ သည်၊ ခင်ဘုန်းမြင့်ကား မိမိကို စော်ကားကျူးလွန်သွားသောရှမ်းလုလင်ပျိုကို အခဲမကျေနိုင်ဘိအလား၊ ဒေါသစိတ်များ မပြေပျောက်နိုင်အောင်ဖြစ် လျက် ထိုညအတွက် အိပ်စက်၍ပင် မပျော်နိုင်ရှိလေတော့၏။
******
နောက်တစ်နေ့ကား အဝေး၀န်ဦးရွှေမောင် အုပ်ချုပ်လျက်ရှိသော မိုးနဲဟော်နန်းဦးတွင် မြန်မာဘုရင်၏ဒေါင်း လံကြီးတလူလူလွှင့်လျက် တွေ့မြင်ရလေ၏။ ၀န်မင်းဦးရွှေမောင်နှင့်လက်အောက်ခံအရာရှိများလည်း မြို့ တွင်း သို့၀င်လာနေသော တပ်တော်ကြီးကို ဟော်ဦးမှနေကာ ကြိုဆိုကြည့်ရှုလျက် ရှိကြလေ၏။ တပ်တော် ကြီးကား ဆင်တပ် မြင်းတပ် ခြေလျင်တပ် အမြောက်တပ်မှစ၍ အစီအစဉ်အတိုင်း ၀င်လာလေသည်။ အဝေး ၀န်မင်းနှင့်တကွ လက်အောက်အရာရှိများမှာ အောင်စည်တီးကာ အားအင်ပြည့်တင်းစွာနှင့်အသစ်စက်စက် ရောက်လာသောတပ်တော် ကြီးကို ကြည့်လျှက် အားတက်နေမိကြလေ၏။ ထိုတပ်တော်ကို ဦးစီးအုပ်ချုပ်ချီ တက်လာသော ဗိုလ်မှူးကလေးမင်းကျော်ခေါင်ကား စစ်ဗိုလ်မှူးတို့အ၀တ်အဆင်ဖြစ်သည့်ဖဲကတ္တီပါ အစိမ်း ပုပ်ရောင်နှင့်ကြက်သွေးရောင်တွင် ရွှေဇာအနားသတ်၍ ချုပ်လုပ်ထား သောမြင်းတိုမြင်းရှည်ကို ပြိုးပြိုးပြက် ပြက် စစ်ရောင်ထွက်နေသော ဘာလီကွေးခါးစီးပုဝါတို့နှင့် ကျနသေသပ်စွာ ၀တ်ဆင်လျှက် တဖိတ်ဖိတ် ရွှေ ရောင်ထွက်နေသော မောက်တိုကို ဆောင်း၍ ကကြိုးတန်ဆာ စုံလင်စွာသောမြင်းကို စီးနင်းကာ နောက်ပါ မြင်းစီး သုံးလေးယောက်နှင့် တပ်စဉ်မှ ခွဲထွက်ခါ အဝေး၀န်မင်းတို့ထံသို့ ရောက်လာလေ၏။ အဝေး၀န်မင်း လည်း ဗိုလ်မှူးကလေးမင်းကျော်ခေါင်အား ကြိုဆိုနှုတ်ခွန်းဆက်ပြီး မိမိနေထိုင်ရာ ဧည့်ခန်းအဆောင်ကြီး အတွင်းသို့ ခေါ်ဆောင်သွားလေသည်။ ဧည့်ခန်းကြီးအတွင်းသို့ ရောက်သောအခါ ဗိုလ်မှူးကလေးနှင့်အဝေး ၀န်မင်းတို့သည် သူပုန်စော်ဘွားများအကြောင်းနှင့်တောပုန်းဓါးပြကြီးရွှေစွန်ညို၏အကြောင်းများကို အနည်း ငယ်ပြောဆိုမေးမြန်း၍ အလုပ်၀တ္တရားရှိသလောက် တိုင်ပင်ဆွေးနွေးကြပြီးသော အခါ ဗိုလ်မှူးကလေးသည် ပြန်တော့မည်ဟု ထိုင်ရာမှ အထလိုက်တွင် အပေါ်ထပ်လှေခါးမှ ခင်ဘုန်းမြင့်ဆင်းလာသောအခါ မင်းကျော် ခေါင်မှာ ခင်ဘုန်းမြင့်ကို မြင်လျှင်မြင်ချင်း....
"အလို ခင် ဘဲ့နဲ့ ဒီရောက်နေသလား"
ဟု အံ့ဩခြင်း၊ ၀မ်းမြောက်ခြင်းများနှင့် တပြိုင်တည်း မေးလိုက်မိလေရာ ခင်ဘုန်းမြင့်က ပြုံးပြုံးကလေး ခေါင်း ငြိမ့်လိုက်ခါ....
"ဟုတ်တယ် ဘဘဘုရားတို့ မေမေဘုရားတို့ အကြံကို မလိုက်နာနိုင်ဒါကြောင့် လွတ်ရာလွတ်ကြောင်းရှာပြီး ဦးလေးဘုရားဆီကို ပြေးလာခဲ့ဒါဘဲ"
ဟုပြောလိုက်လျှင် မင်းကျော်ခေါင်မှာ ဘုရင်ကို မမြင်ဘဲ ယခုကဲ့သို့ ထွက်ပြေးလာခြင်းမှာ မိမိအဘို့ မျှော်လင့် အားတက်ဘွယ် တခုကဲ့သို့ ဖြစ်သည်ဟု တွေးမိကာ များစွာအထင်ကြီးသွားလေတော့သည်။ ထိုနောက် ဆက်လက်ခါ....
"အင်း ခင်ကသာ မသိတယ်၊ ဟိုမှာဖြင့် ဒေါင်းတောက်အောင် ရှာနေကြလေရဲ့၊ ခင့်မေမေဘုရားကို သနားဒါ တကြောင်း၊ ခင့်အတွက် စိတ်ပူဒါတကြောင်းကြောင့် ကျော်ကျော်တောင်မှ အိပ်ကောင်းခြင်း မအိပ်ရ၊ စား ကောင်းခြင်း မစားရနဲ့ ရှာလိုက်ရဒါ မောနေ ဒါဘဲ၊ ခင်ကလဲ တကယ်ဆိုရင် သူများကို အသိမပေးချင်ရှိရော ပေါ့၊ ကျော်ကျော်ကိုတော့ ပြောသွားဘို့တော့ ကောင်းပါသေးတယ်၊ ဒီလိုများ ခင်သွားချင်တယ်ဆိုရင် ကျော် ကျော်ကိုယ်တိုင် ခင်သွားလိုတဲ့အရပ်ကို လိုက်ပို့မှာပေါ့"
ဟု လောကွတ်တွေ ဗလပွေနှင့် ရေပက်မ၀င်နိုင်လောက်အောင် ပြောလေသည်။
ခင်ဘုန်းမြင့်က မင်းကျော်ခေါင် အားပါးတရ ပြောနေသည်ကို စကားဆုံးအောင် နားထောင်ပြီးမှ မခို့တရို့ပြုံး ကလေး ပြုံးလိုက်ခါ....
"အရေးတကြီး ပြေးလာချင်တာကြောင့် မပြောခဲ့ရတာပါ၊ ဟိုတုန်းက မပြောခဲ့ပေတဲ့ အခုခင့်ကို တွေ့ရလို့ ကျေနပ်တော်မူပြီမဟုတ်လား ကျော်ကျော်ရဲ့"
ဟု ပြောလိုက်သောအခါ မင်းကျော်ခေါင်မှာ မစားရ၀ခမန်း ၀မ်းပန်းတသာဖြစ်သွားရှာသည်။ ထိုနောက် အလုပ်၀တ္တရားအလျောက် တပ်တော်သားများကို နေရာချထားရန် တာ၀န်ရှိနေသေးသဖြင့် လက်မှကိုင် ထားသော မောက်တိုကို ခေါင်းတွင်ဆောင်းလိုက်ခါ....
"ကဲ တွေ့ရတာ ၀မ်းသာတာနဲ့ မေ့နေတယ်၊ တပ်တော်သားတွေ နေရာချထားဘို့ ခဏသွားလိုက်ပါအုံးမယ် နော် ခင်၊ တော်တော်ကြာမှ တခေါက်လာခဲ့အုံးမယ်"
ဟုဆိုကာ အနီးမှ ကျေနပ်စွာ ပြုံးပြုံးကြီးကြည့်နေသော အဝေး၀န်မင်းကိုပါ နှုတ်ဆက်၍ထွက်သွားလေသည်။
အပြင်သို့ မထွက်ဝံ့သဖြင့် အိမ်ခန်းထဲမှ ပြူစိထိုးနေသောမာလာနှင့်သူဇာတို့သည် ဧည့်သည်ပြန်သွား၍ အခန်းထဲသို့ ပြန်၀င်လာသော ခင်ဘုန်းမြင့်ကို ဆီးကြိုကြပြီး....
"မဘုရားလေးတော့ နေရာကျတာဘဲဘုရာ့၊ ဖျကျမတို့အတွက်သာ လိုတော့တယ်၊ ယုတ်စွအဆုံး တပ် စာရေးကလေးတယောက်ဖြစ်မချည်းဆက်သွယ်မိရင် ဟန်မှာဘဲနော်ဘုရာ့"
ဟု ပြောင်သလိုလို ပျက်သလိုလိုနှင့် ပြောလိုက်စဉ် နောက်မှ ၀န်မင်းဦးရွှေမောင် ၀င်လာသောကြောင့် မျက်နှာရူးတိုက်နေကြသော သူဇာနှင့်မာလာတို့မှာ ကပြာကရာ မျက်နှာပိုးသတ်၍ နေလိုက်ကြရလေသည်။ ခင်ဘုန်းမြင့်မှာလည်း မိမိ၏တပည့်မနှစ်ဦးဖြစ် ပုံကို ကြိတ်ခါရယ်ရင်း အခန်းတွင်းသို့ ၀င်သွားလေ၏။ ပန်းပွင့် ရှိရာ ပိတုန်းလာ၏။ ရေရှိရာ မြက်ပေါက်၍ အညှောက်ထိုးလျှင် အပင်ဖြစ်သကဲ့သို့ပင် ခင်ဘုန်းမြင့်ရှိရာသို့ မင်းကျော်ခေါင် နေ့တိုင်းလာလျက် စကားစမြည်ပြော၍သော်၄င်း၊ ကြွေအံပုဆစ်ပစ်၍သော်၄င်း၊ အချိန်ဖြုန်း တတ်လေရာ ၀န်မင်းဦးရွှေမောင်က လည်း မကင်းရာ မကင်းကြောင်း ဖြစ်နေသည့်အပြင် မင်းကျော်ခေါင်ကဲ့ သို့သော ဗိုလ်မှူးအရာရှိကလေးတယောက်အား မိမိတူမချောကလေးနှင့်မတူမတန်ဟု သဘောမထားနိုင် တော့ဘဲ နှစ်ယောက်ချင်း လွတ်လပ်စွာ ပြောဆိုနေထိုင်ရန် အလိုက်အထိုက် အခွင့်အရေး ပေးထားလေ သည်။
တနေ့သောညနေခင်းတွင် ခင်ဘုန်းမြင့်သည် ဟော်ဦးလေသာဆောင်မှရပ်ခါ အောက်သို့ ငုံ့ကြည့်လိုက်သည် တွင် အဝေး၀န်မင်းသည် မိမိ၏လက်အောက်အမှုထမ်းများအား မြည်တွန် ကြိမ်းမောင်းနေသည်ကို တွေ့ရသ ဖြင့် အမှတ်မဲ့ နားစိုက်ထောင်လိုက်မိလေ၏။
ဦးရွှေမောင်ကား အတော်ပင် ဒေါသကြီးနေလျက်...
"ဟေ့...မင်းတို့တတွေဟာ ဘုရင့်လခ ရိက္ခာတော်တွေကို စားပြီး ဘာတခုမှ ကြေပြွန်အောင် အမှုမထမ်းကြ ဘူး၊ မင်းတို့ အသုံးမကျလို့ ရွှေစွန်ညိုဆိုတဲ့အကောင် ခုလောက် ကြာအောင် သောင်းကျန်းနေဝံ့တာ၊ စစ်သား တွေ အသုံးမကျမှန်းသိလို့ တနေ့တခြား အတင့်ရဲပြီး မနေ့ကလဲ စစ်တပ်တော်ကို ပေးသွင်းစရာ သယ်ပိုးလာ တဲ့ရိက္ခာတော်တွေကို လမ်းကနေပြီး တိုက်ခိုက်ဖြတ်ယူလိုက်ပြီတဲ့၊ ရိက္ခာပို့တဲ့တပ်သား ဆယ့်ငါးယောက် ထဲက ဆယ့်သုံးယောက်ပွဲချင်းပီး သေပြီး လူနှစ်ယောက်သာ ဒဏ်ရာအနာတရနဲ့ ပြန်ရောက်လာတယ်။ ဘယ်လောက်ရှက်စရာ ကောင်းသလဲ၊ ကဲ ကဲ ထွေထွေထူးထူးတော့ ပြောမနေဘူး၊ မင်းတို့ ဒါလောက်တောင် အစွမ်းမရှိလှတာ နောက်ရောက်လာတဲ့တပ်တော်ကြီးနဲ့ နက်ဖြန်ကစပြီး ရွှေစွန်ညိုဆိုတဲ့အကောင်ကို အရှင် လိုက်မိအောင် တောနင်းပြီး ဖမ်းစေမယ်"
ဟုပြောလေရာ ကြားရသူ ခင်ဘုန်းမြင့်မှာပင် ရွှေစွန်ညိုခေါ်သော ဓါးပြဗိုလ်ကြီးအား နာမည်ကြားနှင့် များစွာ မုန်းတီးရွံရှာနေမိလေသည်။
ထိုခဏမှာပင် ရှမ်းလူပျိုအမှုထမ်းလုင်တယောက်သည် ၀န်မင်းဦးရွှေမောင်အနီးရှိ လူစုထဲမှ အမှတ်တမဲ့ ထွက်ခွါလာကာ ဟော်ကြီး၏တဘက်ရှိ ဥယျာဉ်ကလေးထဲသို့ ခပ်သုတ်သုတ် ပြေးထွက်သွားသည်ကို တွေ့မြင်လိုက်ရသောကြောင့် ခင်ဘုန်းမြင့်မှာ သင်္ကာမကင်းဖြစ်လာပြီး အမှတ်တမဲ့ ပန်းဥယျာဉ်ထဲ့သို့ ဆင်း လိုက်သွားမိလေသည်။
ခင်ဘုန်းမြင့်သည် ခြံထဲသို့ ရောက်သောအခါ မိမိကိုယ်ကို ပန်းပင်များဖြင့် ကွယ်ကာ ယခင်လူ သွားရာဆီသို့ နောက်ယောင်ခံ၍လိုက်လေ၏။ ဥယျာဉ်ကြီးမှာလည်း သရက် ဩဇာ မာလကာစသော သစ်ပင်ကြီးများနှင့် ပန်းရုံ ပန်းအုံတို့ဖြင့် ညို့ညို့ဆိုင်းဆိုင်းပင် သိုင်းလွှမ်းခြုံထားသည်ဖြစ်ရာ တနေရာမှ တနေရာသို့ ရုတ်တရက် မြင်စွမ်းနိုင်ရန် အတန်ပင် ခဲယဉ်းလှလေတော့သည်။
သို့နှင့် ရှေ့က သွားသောလူသည် အုဌ်တံတိုင်းကြီးမှ ကျော်တက်ခါ တဘက်သို့ဆင်းသွားသည်ကို မြင်ရလေ ၏။ ခင်ဘုန်းမြင့်လည်း သိလိုသောစိတ်က တိုးတက်များပြားလာသဖြင့် ကြီးမားသောအုဌ်တံတိုင်းကြီးပေါ်မှ တဘက်သို့ ကျော်၍မြင်စေရန် အဖန်ဖန် ကြိုးစားသည်တွင် နောက်ဆုံးအုဌ်တံတိုင်း၏တနေရာ၌ အတော် မြင့်သော ကျောက်ခဲပုံတပုံကို တွေ့ရသဖြင့် ထိုအပေါ်သို့ ကပြာကရာတက်ခါ သစ်ကိုင်းသစ်ခက်တို့နှင့်ဖုံး ကွယ်လျက် တံတိုင်းတဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်တွင် ခင်ဘုန်းမြင့်မှာ မမျှော်လင့်သောလူ တယောက်ကိုပါ လာ၍တွေ့နေသဖြင့် များစွာ အံ့အားသင့်မိလေသည်၊ ထိုသူကား ယခင်က မိမိအား နှစ် ကြိမ်တိုင်တိုင် အကြပ်အတည်းထဲမှ ကူညီကယ်ဆယ်ခဲ့ဘူးပြီး နောက်ဆုံးတကြိမ်တွင် မိမိသဘောမတူဘဲ ရဲတင်းစွာ စော်ကားကျူး လွန်သွားသော ရှမ်းလူပျိုချောကလေး ဖြစ်နေလျက် တယောက်မှာ မိမိနောက် ယောင်ခံလိုက်နေသော ရှမ်းအမှုထမ်းယောက်ျားဖြစ်ကြောင်း သိရလေသည်။ တဖန် သူတို့ပြောဆိုနေကြ သော စကားများကို နားစိုက်ထောင်ပြန်ရာ...
ရှမ်းအမှုထမ်း။ ။"ဆရာရေ့...ဒီတခါတော့ ဆရာ့ကို ဖမ်းဘို့ အကြိတ်အနယ် ကြိုးစားနေကြပြီ၊ နောက် ရောက်လာတဲ့တပ်တော်ကြီးနဲ့ မနက်ဖြန်ကစပြီး ဒလကြမ်း တောနင်းပြီး ဘမ်းတော့မယ်တဲ့ သတိထားပါ ဆရာ၊ နို့ပြီးတော့လဲ ဒီနေရာကို ဆရာ ခဏ ခဏ လာလို့မတော်တော့ဘူး။ ကျွန်တော့်ကိုလဲ သူတို့ နဲနဲ မသင်္ကာဘူးထင်တယ်။ ဒါကြောင့် အခု ဆရာ့ကို သတိပေးပြီး ကျွန်တော်တို့ စခန်းကို ပြေးနှင့်တော့မယ်"
လုလင်ပျို။ ။"မင်းကလဲကွာ မကြောက်သင့်တာ ကြောက်နေပြန်ပါပြီ၊ ဒီအဝေး၀န်လောက်များ စကား ထဲ ထည့်ပြောလောက်တာ မဟုတ်ပါဘူးတပည့်ရဲ့"
အမှုထမ်း။ ။"ဆရာအရေးမလုပ်ပေတဲ့ ကျွန်တော်တော့ ဒီမှာနေလို့ မဖြစ်ဘူး။ စခန်းကို တခါတည်း တန်းပြန်တော့မယ်ဆရာရဲ့"
လုလင်ပျို။ ။"အေးလေ မင်းနေလို့ မဖြစ်ရင်လဲ ပြန်တာပေါ့၊ ငါ့အတွက်တော့ မစိုးရိမ်ပါနဲ့၊ ကဲ...ကဲ...မင်း သွားချင် သွားတော့ ငါဒီမှာ ကိစ္စကလေးတခု ရှိနေသေးတယ်"
ဟုဆိုကာ တံတိုင်းပေါ်သို့ ကျော်တက်တော့မည်ကဲ့သို့ လုပ်နေသဖြင့် ခင်ဘုန်းမြင့်လည်း အုဌ်ပုံပေါ်မှ ကပြာ ကရာ ဆင်းပြီး မနီးမဝေးရှိ ပန်းပင်များမှ ပန်းများကို ခူးဆွတ်နေလေသည်။ ထိုခဏမှာပင်...
"အလို...ခင်တယောက်ထဲလား။ တွေ့ချင်နေတုန်း အခုလို အဆင်သင့်တွေ့ရတာ ၀မ်းသာလိုက်တာခင်ရယ်"
ဟု ရယ်ရွှမ်းပါရွှမ်းနှင့်ပြောသော်လည်း ခင်ဘုန်းမြင့်က မျက်နှာထားကြီးကြီးနှင့် စက်ဆုတ်ရွံရှာသလို ကြည့်ပြီး။
"ဟင်...စစ်တပ်နဲ့ လိုက်ဖမ်းနေရတဲ့ဓါးပြလူဆိုး သူခိုးကြီးတယောက်က ဘာကြောင့် တွေ့ချင်ရတာလဲ မိုက် အားနဲ့ ရဲဂုဏ်ကိုးပြီး လူဆိုးလူညစ်ကြီးတဦးပီပီ တဘက်သားကို မကြာခဏလာပြီးစော်ကား နှောက်ယှက် နေတာပေါ့လေ၊ ရှင့်အသက် မသေချင်ရင် အခု ထွက်သွားပါ"
ဟု ဒေါသံခပ်ပါပါနှင့် ပြောလိုက်ရာ ရှမ်းလုလင်ပျိုက ပြုံးချိုသောမျက်နှာနှင့်ကြည့်ကာ...
"မှန်တယ် စစ်တပ်နဲ့ လိုက်ဘမ်းနေတဲ့ဓါးပြဗိုလ်ကြီးရွှေစွန်ညိုဆိုတာ ဒီကမောင်ပါဘဲ သို့သော်လဲ ကျုပ်ကို လိုက်လံဘမ်းဆီးနေတဲ့လူများထက် စိတ်ထားမြင့်မြတ်တဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုကော ချစ်ခင်တဲ့ စိတ်ထားနဲ့မစဉ်းစားမိဘူးလားခင်ရဲ့"
ဘုန်း။ ။"အို...သူများပစ္စည်းကို မတရားသဖြင့် လိုက်လံတိုက်ခိုက်လုယက်နေတဲ့ရာဇ၀တ်သားကို မြင့် မြတ်လိမ့်မယ်လို့ ဘယ်သူမှ မစဉ်းစားဘူး၊ ချစ်ခင်တဲ့စိတ်လဲ တရွေးသားမှ မထားဘူး၊ မတူမတန် မြွေပွေးမြွေ ဟောက်လို ရွံစရာကြောက်စရာ ကောင်းတဲ့လူတယောက်နဲ့ ခုလောက်ကြာကြာ စကားလက်ခံပြော နေတာ တောင် နှစ်ကြိမ်တိုင်တိုင် ကူညီကယ်ဆယ်ခဲ့တဲ့ကျေးဇူးကလေးကြောင့်လို့ မှတ်လိုက်ပါ"
ရွှေစွန်ညို အပြုံးမပျက်ဘဲ...
"နှမဟာ ဘယ်အမျိုး ဘယ်အနွယ်ဘဲဖြစ်ဖြစ် မောင်ကတော့ ချစ်မှာဘဲ၊ နှမအကြောင်းကိုလဲ မောင်အကုန် သိပါပြီ၊ ဘုရင်ကို သွေရှောင်ပြီး ဒီတော ဒီတောင်ကို ရောက်အောင် လာခဲ့ခြင်းဟာ နှမနဲ့မောင် မေတ္တာမျှကြ ဘို့ ဖူးစာရေးနတ်က ဖန်တီးပေးလိုက်တာပါ"
ဟုဆိုကာ ခင်ဘုန်းမြင့် အနားသို့ ကပ်လာပြန်ရာ ခင်ဘုန်းမြင့်မှာ ခံပြင်းလှသဖြင့် နောက်သို့ တလှမ်းဆုတ်၍ လက်ညှိုးငေါက်ငေါက်ထိုးကာ...
"သွားနော်...စစ်သားတွေကို အော်ခေါ်လိုက်မယ်"
ဟုဆိုရာ ရွှေစွန်ညိုက မခိုးမခန့်နှင့် ရယ်လိုက်ပြီး
"အော်လိုက်ပါလား၊ ဘယ်သူအသရေပျက်မှာတဲ့လဲ"
ဟုပြောလိုက်လျှင် ခင်ဘုန်းမြင့်မှာ ဟုတ်ပါကလားဟု စဉ်းစားမိသည့်အလား ခေတ္တအကြံအိုက်နေမိစဉ် ရွှေစွန်ညို တိုးကပ်လာသည်ထက် ကပ်လာပြီး ချစ်မျက်လုံးကြီးနှင့် ပြုံးပြုံးကြီး စိုက်ကြည့်နေသောအခါ ခင်ဘုန်းမြင့်မှာ ကြောက်ကြောက်နှင့် မျက်နှာ ကလေးကို တအားပိတ်ခါ ရိုက်လိုက်လေသည်။ ရွှေစွန်ညို လည်း မျက်နှာကို လက်နှင့်ပွတ်ခါ တခဏ၌ ခင်ဘုန်းမြင့်အား ငြိမ်သက်စွာ ခက်ထန်သော မျက်နှာကြီးနှင့် စူးစိုက်ကြည့်နေလေသည်။ ခင်ဘုန်းမြင့်မှာမူကား ဤမျှထွားကြိုင်းသန်မာ၍ ကာယဗလကြီး နှင့်ပြည့်စုံနေ သော ဆိုးသွမ်းကြမ်းတမ်းသည့်ယောက်ျားကြီးတယောက်အား စော်ကားလိုက်မိသည်မှာ ကျားသနားမှ နွား ချမ်းသာရတော့မည့်အလား ကြောက်သွေးများ မွှန်လျက်ရှိလေတော့၏။
ထိုနောက် တွေကြည့်နေသော ရွှေစွန်ညိုသည် ခင်ဘုန်းမြင့်ကို တအားကိုင်၍ ဖက်လိုက်ရာ ခင်ဘုန်းမြင့်မှာ ရင်ကလေးကော့၍ လည်တိုင်ကလေးမော့ပြီးနောက်သို့ယိုင်အသွားတွင် မို့မောက်သောပါးကလေးကို နှာ ခေါင်းဖျားနှင့်ကပ်မြှုပ်ပြီး အသည်းနှလုံးထိ ခိုက်မတတ် အတန်ကြာတအားညှစ်၍ နမ်းရှုပ်နေရာမှ ဗျုံးကနဲ လက်မှဖြေချလိုက်ရာ ခင်ဘုန်းမြင့်မှာ ရုတ်တရက် ပြော့ခွေပြီး မြေပေါ်သို့ ပုံရက်သားကျသွားလေသည်။
ထိုနောက် ရွှေစွန်ညိုသည် ခင်ဘုန်းမြင့်အား ခက်ထန်သော မျက်နှာထားနှင့်ကြည့်ကာ...
"မင့်အရှင်သခင် အိမ်ဦးနတ်ဖြစ်ထိုက်တဲ့ယောက်ျားတဦးကို အဘက်မတန်ဘူးထင်ပြီး ခုလိုပြုမူပြောဆိုလိုက် ပေတဲ့ တနေ့ကျရင် ငါ့ကိုချစ်ပါပြီ ခင်ပါပြီ မေတ္တာရှိပါပြီဆိုပြီး ၀န်ချတောင်းပန်ရလိမ့်မယ်လို့ မှတ်ထားလိုက်ပါ"
ဟုပြောလိုက်သောအခါမူကား ခင်ဘုန်းမြင့်မှာ မိန်းမတို့မာန်မာနကလေး ပေါ်ပေါက်လာလျက် ကက်ကက် လန်အောင် ရန်တွေ့လိုက်တော့မည့်မျက်နှာထားကလေးနှင့် လဲနေရာမှ အားယူ၍ ထရင်း...
"အို...ဒီလို သူခိုးဓါးပြကို ဘယ်တော့မှ ၀န်မချဘူး၊ သေအောင် မှတ်ထား"
ဟုခါးခါးသီးသီး ပြောလိုက်လေသည်။ ရွှေစွန်ညိုလည်း မခန့်ပြုံးကြီး ပြုံးလိုက်ခါ...
"အေးပါကွာ...ပြောသေးတာပေါ့၊ ငါကလဲ မင့်မေတ္တာကို အဓမ္မမယူချင်ဘူး၊ မင့်အလိုလို ကြည်ကြည်ညိုညို ဖြစ်ပေါ်လာတဲ့ မေတ္တာစစ် အချစ်စစ်ကိုသာ အလိုရှိတဲ့အတွက် နိုင်လိုမင်းထက် မပြု၊ ဒါဘဲ ကဲ...သွားလိုက် အုံးမယ်နော်"
ဟုအေးဆေးစွာပြောပြီး ခင်ဘုန်းမြင့်ကို ကျောပေးခါ အုဌ်တံတိုင်းကြီးကို ကျော်လွှားထွက်သွားလေရာ ခင်ဘုန်းမြင်မှာ မခံမရပ်နိုင်အောင် ဒေါသထွက်သွားသဖြင့် ထိုနေရာမှာပင် ခြေကို ဆောင့်ကာ ကြူကြူပါ အောင် ငိုလိုက်မိလေတော့သတည်း။
********
အခဏ်း ၅
ခင်ဘုန်းမြင့်သည် မိမိ၏အဖြစ်အပျက်များကို ရှက်စနိုးသည်နှင့် မည်သူအားမျှ ထုတ်ဟပြောဆိုခြင်း မပြုဝံ့ ဖြစ်နေလေသည်။
တနေ့သောအခါ ဗိုလ်မှူးကလေးမင်းကျော်ခေါင်နှင့်ခင်ဘုန်းမြင့်တို့သည် ဧည့်ခန်းကြီးအတွင်း၌ အပျင်းပြေ ပုဆစ်ပစ်လျက်ရှိနေကြစဉ် ၀န်မင်းဦးရွှေမောင်သည် တစုံတရာကို သဘောမကျ မကျေမနပ်လှသော မျက် နှာနှင့်အခန်းတွင်းသို့ ၀င်လာပြီး မင်းကျော် ခေါင်တို့အနီးတွင် ၀င်ထိုင်လိုက်ခါ...
"ကျုပ်တော့ စိတ်ရှုပ်လှပါပြီ ဗိုလ်မင်းရယ်၊ ရွှေစွန်ညိုနှိပ်စက်တာက တမျိုး၊ ပုန်းလျှိုးနေတဲ့သူပုန်တွေက အလစ် အလစ်မှာ ၀င်၀င်ထဒါကတမျိုး။ ဘယ်အချိန်ကလေးမှ အေးအေးနေရတယ်မရှိပါဘူး။"
ဟု စိတ်ပျက်ပျက်နှင့် သက်ပြင်းချပြီးပြောလိုက်လေသည်။ မင်းကျော်ခေါင်သည် ကြွားကြွားရွားရွားနှင့် မိမိ ကိုယ်ကို တောင့်တောင့်ကြီးထားကာ...
"အို...သူပုန်အတွက်တော့ စိတ်ချလက်ချပြီး အေးအေးသာ နေတော်မူပါ၊ ဒီက တူတော်မောင်ရှိသမျှ မိုးနဲမြို့ ကို ရေကြည်တပေါက် မစင်စေရပါဘူး၊ ဟို...ရွှေစွန်ညိုဆိုတဲ့အကောင်ကိုလဲ အသေးအဖွဲကလေးမို့ ဂရု မစိုက်သေးဒါပါ၊ တခါလောက် တောနင်းလိုက် ရင် သင်းတို့တပြုံလုံး ထောင်သွင်းထားနိုင်ပါစေမယ်" ၀န်မင်း လည်း မင်းကျော်ခေါင် ပြောစကားကို အားရကျေနပ် အတော်ကလေးအားတက်သွားမိပြန်သည်။
"အင်း...ကျုပ်တော့ ဗိုလ်မင်းကလေးကို အားထားရတော့မှာဘဲလေ၊ နေပြည်တော်က အမှုထမ်း ပေါ့လျော့ တယ်လို့ အပြစ်တင်ခံမှာလဲ စိုးရိမ်ရသေးတယ်"
ခေါင်။ ။"ဒီက တူတော်မောင်တယောက်လုံး ရှိပါပြီ၀န်မင်းရယ်၊ ကဲ...ကဲ...အပေါ်ထပ်ကိုကြွ၊ ဘုရားခန်းထဲမှာ ထိုင်ပြီး စိတ်ပုတီးကလေး အေးအေးကိုင်နေတော်မူပါတော့"
မြင့်။ ။"ဟုတ်သားဘဲ ဦးလေးဘုရားရဲ့၊ ကျော်ကျော်တယောက်လုံးရှိနေမှ အေးအေးမျက်နှာလွှဲထားရောပေါ့"
ဦးရွှေမောင်မှာ တူမလေး၏ထောက်ခံစကားကို ချစ်စနိုးသောမျက်နှာထားနှင့်ခပ်ပြုံးပြုံးနားထောင်ကာ...
"အေးဗျား...အေးဗျား...ငါ့တူမလေးစကားအတိုင်း ဦးလေးဘုရား ဗိုလ်မင်းကလေးကိုဘဲ အစစအရာရာ မျက် နှာလွှဲထားပြီး အေးအေးပုတီးစိတ်နေရတော့မှာပေါ့"
ဟုဆိုကာ အပေါ်ထပ်သို့ တက်သွားလျှင် ခင်ဘုန်းမြင့်နှင့်မင်းကျော်ခေါင်တို့မှာ တယောက်မျက်နှာ တယောက် ပြုံးရွှင်စွာ မော်ကြည့်မိကြလျက် ပုဆစ်ကို ဆက်လက်ကစားရန် ဟန်ပြင်ကြပြန်လေ၏။
မြင့်။ ။"ဦးလေးဘုရားကဖြင့် ကျော်ကျော့်ကို အတော်အားထားနေရှာတာဘဲ"
ခေါင်။ ။"ဟုတ်တယ်ခင်ရဲ့၊ အဲဒီလို ခင့်ဦးလေးက အားထားလေလေ ကျော်ကျော့်မှာလဲ အားထားတဲ့သူ အား ထားရကျိုးနပ်အောင် အကျိုးဆောင်ရလေပေါ့ ခင်ရဲ့"
ဟုဆိုကာ လက်ထဲမှ ကြွေများကို သတိရသဖြင့်...
"အော်...ဘယ်သူ့အလှဲ့လဲ မေ့နေလိုက်တာ၊ ရော့ရော့ ခင့်အလှဲ့ ထင်တယ်"
ဟုဆို၍ ကိုင်ထားသော ကြွေများကို ပေးလေသည်။
မြင့်။ ။"အို...ခင်လဲ ဘယ်သူ့အလှဲ့မှန်း သတိမရတော့ဘူး။ ဦးလေးဘုရားနဲ့ စကားပြောတာနဲ့ မေ့သွားပြီ"
ခေါင်။ ။"ကဲ-ဒါဖြင့် ပြန်ကစားရအောင်၊ ခုနင်ကဟာတွေကို သရေလိုက်တော့"
မြင့်။ ။"ဟုတ်တယ်၊ ဒီတခါ ကောင်းကောင်းကစားမယ် ကျော်ကျော်ရဲ့"
ခေါင်။ ။"ကောင်းကောင်းကစားရုံမကဘူး၊ ဒီတခါတော့ လောင်းကြေးစားကြေးကစားမယ် ခင်ရဲ့"
မြင့်။ ။"ဘာကြေးလောင်းမှာလဲ ငွေလား ရွှေလား"
ခေါင်။ ။"အို...ရွှေတွေ ငွေတွေ လောင်းနေလို့ ဘာလုပ်စရာလဲခင်ရယ်၊ ခင်နဲ့ကျော်ကျော်တို့မှာ ရွှေမရှား ငွေ မရှားတဲ့လူစားတွေဘဲ ဒါတွေ မလိုပါဘူး"
မြင့်။ ။"နို့-ဘာလောင်းမှာလဲ"
ခေါင်။ ။"လူတဦးဦးမှာ အလိုဆန္ဒတခုခုတော့ ရှိကြတယ်၊ အဲဒီတော့ နိုင်သူက ရှုံးသူအပေါ်မှာ လိုတာ တောင်း ကြေးပေါ့ခင်ရဲ့"
မြင့်။ ။"ဟင်...မရှိတာနဲ့ မပေးနိုင်တာကိုတောင်းရင် ဘဲ့နှယ်လုပ်မလဲ"
ခေါင်။ ။"ဟာ....မပေးနိုင်တာတော့ ဘယ်တောင်းမလဲ ခင်ရယ်၊ ပေးနိုင်တာမှ တောင်းကြေးပေါ့"
မြင့်။ ။"ကဲ...ဒါဖြင့် စိန်လိုက်တော့"
ထိုနောက် ခင်ဘုန်းမြင့်နှင့်မင်းကျော်ခေါင်တို့သည် ကြွေကစားကြရာ ခင်ဘုန်းမြင့်မှာ နှစ်ပွဲတိတိ ဆက်၍ရှုံး လေသည်၊ မင်းကျော်ခေါင်လည်း ခင်ဘုန်းမြင့်ကို ပြုံးပြုံးကြီးကြည့်ကာ...
"ကဲ...ခင်ရှုံးပြီ ပေးပေတော့"
မြင့်။ ။"ဘာပေးရမှာလဲ ကျော်ကျော်ရဲ့"
ကျော်။ ။(အနည်းငယ် စဉ်းစား၍ မျက်နှာပိုးသတ်ခါ)"ကျော်ကျော်အလိုရှိပြီး အင်မတန် တောင့်တနေ တာကတော့ ခင်ရဲ့ရွှေမေတ္တာရတနာပန်းခိုင်ကလေးကို လှမ်းကိုင်ချွေယူဘို့ပါဘဲ ခင်နဲ့ကျော်ကျော်ဟာ တယောက်အကြောင်း တယောက်သိကြတဲ့ငယ် ပေါင်းချင်းမို့ ငြင်းပယ်တော်မူစရာတော့ မရှိဘူးထင်ပါရဲ့ နော်"
မြင့်။ ။(အံ့အားသင့်သကဲ့သို့ဖြစ်သွားကာ)"အို...ကျော်ကျော်ကလဲ၊ မဟုတ်တာတွေ မပြောပါနဲ့ ခင်နဲ့ကျော် ကျော်တို့ဟာ ငယ်စဉ်ကတည်းက မောင်ရင်းနှမလို နေလာကြတာဖြစ်လို့ ဒီစကားမျိုးကို ဘယ်တော့မှ ပြော လိမ့်မယ် မထင်မိခဲ့ဘူး"
ကျော်။ ။"ခုလို ပြောလိုက်မိတာကော လွန်သလား ခင်ရယ်၊ ငယ်ငယ်က ခင်မင်ခဲ့တဲ့အရှိန်နဲ့ အချိန် အရွယ် ရောက်လာတော့လဲ အမြင်ကျယ်ပြီး ခင်တွယ်ချင်တဲ့စိတ်ကလေးတွေ ပေါ်လာတာပေါ့"
ခင်ဘုန်းမြင့်သည် တစုံတရာ ပြန်မပြောဘဲ တွေတွေကလေး နားထောင်နေလေသည်။
ကျော်။ ။"ပြီးတော့လဲတစိမ်းတရံဆံလူတယောက်နဲ့စာရင်ကျော်ကျော်ကိုသာ ခင်ကပိုချစ်ပေမယ်လို့လဲ တွေးမိတယ်၊ လောကီစည်းစိမ်ကို ပေးနိုင်တဲ့ရွှေနန်းရှင်ဘုရားကိုပင် ကွင်းရှောင်လာပြီး ဒီအရပ်ဒေသမှာ လာ ရောက်ပုန်းလျှိုးနေဒါလဲ စင်စစ်ကျော်ကျော် ကိုငဲ့ညာလို့ဘဲ မဟုတ်ပါလားခင်"
ခင်ဘုန်းမြင့်သည် မိမိအပေါ်တွင် မင်းကျော်ခေါင် အထင်ကြီးနေသည်ကို မခံချင်သလို ဖြစ်လာကာ ခေါင်းခါခါ လက်ကာကာနှင့်...
"အို-အို-မဟုတ်ဘူး၊ မဟုတ်ဘူး...ဒီလိုထင်ဒါ မှားတယ်၊ ကျော်ကျော့်ကို သူငယ်ချင်း မိတ်ဆွေလို မောင်လိုနှမ လို ရိုးရိုးချစ်တာတခုဘဲ၊ သည့်ပြင် ဘာမှထွေထွေထူးထူး မရှိခဲ့ပါဘူး"
ဟုပြောလိုက်သောအခါ မင်းကျော်ခေါင်မှာ အတော်အားလျှော့သွားမိလေသည်။ သို့ရာတွင် အားမလျှော့ သေးဘဲ ဆက်လက်ခါ...
"ဒီလိုစိတ်မထားပေတဲ့ လောကဓမ္မတာ အိမ်ထောင်ရေးအတွက် ချစ်သူရှာမယ်ဆိုရင် ကိုယ့်ကိုစွဲစွဲမြဲမြဲချစ်ခဲ့ တဲ့သူဖြစ်လို့ ဖိတ်ခြင်းဖိတ်ရင် အိပ်ထဲဖိတ်သင့်တယ်မဟုတ်လားခင်ရဲ့"
မြင့်။ ။"ခင်ကလဲ ဒီသဘောအတိုင်းပါပဲ၊ သူချစ်ကို ရှာတော့ ကျော်ကျော့်ကို ရှေးဦးစွာ သတိရဒါပါဘဲ"
ဤစကားလေးသည် မင်းကျော်ခေါင်အား အထူးသဘောတွေ့သွားစေသဖြင့် ခင်ဘုန်းအား ရွှမ်းရွှမ်းစားစား ကြီး ကြည့်နေလေ၏။ ခင်ဘုန်းမြင့်က ခပ်တည်တည်နှင့်ပင် ဆက်လက်၍-
"ဒါပေတဲ့ သူချစ်-ကိုယ်ချစ် နှစ်မျိုးညီညွတ်မှ ကောင်းပါတယ်၊ ကျော်ကျော်က အချစ်ဆန်းလာပေတဲ့ ခင်ကတော့ ဒီနေ့ဒီရက်အထိ ရိုးရိုးတန်းတန်း ချစ်နေသေးလို့ ဒီစကား သီးခံစေချင်ပါတယ်"
ဟုပြောရာ မင်းကျော်ခေါင်လည်း အားလျှော့စိတ်ငယ်သွားသောမျက်နှာနှင့်....
"ဒါဖြင့် ကျော်ကျော်အထင်ကြီးနေမိဒါတွေ မှားဒါပေါ့နော်၊ မြှော်လင့်စရာ မရှိတော့ဘူးလားခင်ရယ်"
ဟုအသနားခံသော လေသံနှင့်နောက်တဖန် ပြောသည်တွင် ခင်ဘုန်းမြင့်က အနည်းငယ်မျှ ပြုံးလိုက်ခါ-
"လုံးလုံး မျှော်လင့်စရာမရှိတော့ဘူးလို့လဲ မဆိုလိုပါ၊ လူ့စိတ်ဟာ မျောက်စိတ်နဲ့တူပါတယ်၊ ဘယ်အခါမှ အတည်တကျ မစွဲမြဲလှပါဘူး၊ ဒီတော့ တနေ့တရက်မှာ ပြောင်းလဲချင်လဲ ပြောင်းလဲလာပါလိမ့်မယ်"
ကျော်။ ။(အားတက်လာလျှက်)"အို.....ဒီလိုဆိုတော့ ကျော်ကျော်က မိုးခိုပြီး စောင့်မှာပေါ့ခင်၊ ခင်တနေ့ ချစ်လိမ့်မယ်ဆိုတဲ့အစွဲကြီးသာရှိရင် စောင့်ရကျိုးလဲ နပ်မှာပါဘဲ၊ ဟဲ....ဟဲ....အစကတည်းက ဒီလိုက ဒီလို ဘဲ ဆိုဒါ ပြောလိုက်ရောပေါ့ဗျာ၊ တကတဲ လူကို ဘာဖြစ်သွားမှန်း မသိအောင် စိတ်ညစ်သွားဒါဘဲ၊ တော် တော်လဲ ဆိုးတဲ့ခင်ကွဲ့နော်"
ဟုပြောကာ ရယ်လား-မောလားနှင့် ကြွေများကို ဆက်လက်ကစားနေကြလေ၏။
*********
သူပုန်စော်ဘွားကြီးများနှင့်တပည့်ငယ်သားများစွာတို့မှာ အခွင့်သာတိုင်း မြို့စွန်မြို့ဖျားအရပ်ဒေသများသို့ မကြာခဏလာရောက်၍ ထိပါးနှောက်ယှက်မြဲဖြစ်သည့်အားလျော်စွာ ထိုနေ့အဘို့မှာလည်း သူပုန်စခန်းကြီး အတွင်း၌ တသိုက်တ၀န်း သွေးစည်းသစ္စာ ဆိုလျက်ရှိကြလေသည်။ သူပုန်တပ်သားများသည် အောင်သေ အောင်သားစားရတော့မည့်အလား၊ စိတ်အားထက်သန် ပျော်ရွှင်မြူးထူးလျက် ရှိကြလေသည်။ သူတို့ကား အရှင်သခင်စော်ဘွားကြီး၏အမိန့်အရ နက်ဖန် နေ့တချက်တီးအချိန်မှာ မိုးနဲမြို့သို့ ချီ တက်တိုက်ခိုက်ကြရ တော့မည်၊ မိုးနဲမြို့တွင် ရောက်ရှိနေသော တပ်တော်သစ်ကြီးနှင့်တပွဲတလမ်း စမ်းကြရတော့မည်ဟု အသီး သီးသွေးအမြောက်ကြီးမြောက်ခါ ဦးရစ်ခေါင်းပေါင်းများကိုပင် ဝှေ့ရမ်းလျက် ကြွက်ကြွက်ဆူအောင် နိမိတ် ဩဘာယူလျက် ရှိကြ လေ၏။
ထိုနေ့မှာပင် ရွှေစွန်ညို၏လျှို့ဝှက်သောကျောက်ဂူစခန်းကြီးတွင်လည်း မြောက်မြားစွာသော ဓါးပြငယ်တစု တို့မှာ ကိုယ့်တာ၀န်နှင့်ကိုယ် လုပ်ကိုင်နေကြသည်ဖြစ်ရာ အချို့မှာ လက်လုပ်သေနတ်များကို သွန်းလုပ်နေ လျက် အချို့မှာ ခဲမှုန့်ယမ်းမှုန့်များ ထောင်း နေကြလျက် အချို့မှာ လက်နက်ဓားလှံများကို ပွတ်တိုက်ပြင်ဆင် နေကြပြီး အချို့ကလည်း တိုက်ခိုက်ထားသောပစ္စည်းဘဏ္ဍာများကို သိမ်းဆည်းမှတ်သားခြင်းဖြင့် ကိုယ်စီ ကိုယ်ငှ အလုပ်များနေကြလေ၏။ ရွှေစွန်ညိုကား ကျောက်ဂူအတွင်းရှိ တခုသော ကျောက်သလွန်ပေါ်၌ လဲ လျောင်းကာ တစုံတရာကို တွေးတောနေလေသည်။ ထိုအခိုက် တပည့်တယောက်၀င်လာ၍ အနီးတွင် ထိုင် ကာ....
"ဆရာ ခုတလော ရွှေမြို့တော်ကြီးကို မဆင်းဒါ အတော်ကြာသွားပြီ၊ တခါလောက်ဆင်းပြီး သတင်းကလေး များ နာကြဦးစို့လား"
ဟုပြောလျှင် ရွှေစွန်ညိုမှာ ငေးစိုက်စဉ်းစားနေရာမှာ-
"အေးကွာ ငါလဲ ငါ့ကိုယ်ရေး ကိစ္စကလေးတခု ရှိနေသေးလို့ မိုးနဲမြို့နားက မခွာနိုင်အောင် ဖြစ်နေတယ် တပည့်ရဲ့"
ဟုဆိုကာ တွေးလက်စ အတွေးကို ဆက်လက်တွေးတောကာ နေလေသည်။ ရွှေစွန်ညို၏မျက်စေ့ အာရုံ အတွင်းမှာ ခင်ဘုန်းမြင့်၏ပြုံးချိုကြည်လင်သော မျက်နှာကလေးသာလျှင် တဝဲဝဲထင်မြင်ကာ နေလေသည်။ သို့ထင်ရင်း မြင်ရင်းမှာပင် တွေ့ချင်သော အာလျှက နှိုးဆွလှုံ့ဆော်ပေးလိုက်ပြန်သဖြင့် နေရာမှ ဗြုံးကနဲထ လာကာ ကျောက်ဂူအပြင်တွင်ရှိသော မြင်းညိုကြီးကိုစီးပြီး မိုးနဲမြို့ရှိရာသို့ တမ်းမှန်းလာနေလေတော့၏၊ သို့ရာတွင် ခင်ဘုန်းသည် မိမိအား ဓါးပြလူဆိုးကြီးတယောက်အနေနှင့် ရွံရှာစက်ဆုပ် နေသည်ကို တွေးမိ သောအခါ သွားပင် သွားနေရသော်လည်း များစွာ ခြေလှမ်းမသွက်လှဘဲ ရှိလေ၏။
*******
ထိုနေ့သည်ကား သူပုန်စော်ဘွားတို့၏တပ်သားများသည် မိုးနဲမြို့ကိုလုပ်ကြံရန် ချီတက်လာနေကြပြီဖြစ်လေ သည်။ သို့ရာတွင် မြို့စောင့်တပ်တော်ကြီး၌မူကား ဗိုလ်မှူးပြုလုပ်သူမင်းကျော်ခေါင်မှာ သူပုန်တို့အရေးကို လေးနက်စိတ်၀င်စားခြင်း မရှိလှသည့်အပြင် အချိန်ရှိသမျှ ခင်ဘုန်းမြင့်ထံတွင် အနေများလျှက် တပ်စခန်း သို့ပြန်ရောက်လာသောအခါများတွင်လည်း မင်းပျိုမင်းလွင်ကလေးပြီပြီ သောက်စားယစ်မူးခြင်းဖြင့် အချိန် ကုန်ခဲ့သည်ဖြစ်ရာ ရှေ့ဆောင်သူက အမှုထမ်းပေါ့လျော့နေသောကြောင့် နောက်လိုက် ငယ်သားများမှာ ပြောဘွယ်ရာမရှိအောင် မေ့လျော့ပေါ့ဆနေကြသောအချိန်အခါ ဖြစ်နေလေ၏။
သူပုန်တပ်သားတို့သည် မိုးနဲမြို့အပြင်ဘက် တောစပ်ကလေးတွင် လေးဘက်မှ ပိတ်ခါဝိုင်းမိအောင် တောခို ကာ အချက်ပေးမည့်အချိန်ကို စောင့်လျက် ရှိနေကြသော်လည်း မြို့တွင်းမှ တပ်တော်သားတို့မူကား တပ်စခန်းထဲတွင် အတုံးအရုံးလဲအောင် သောက် စားမူးယစ်နေသူက နေလျက် အချို့မှာလည်း ကခုန်မြူးထူး ကာ ရှမ်းမကလေးများကို ဗလက်ကာယနှင့်အတင်းရော အဓမ္မဆွဲလွဲခေါ်ယူလာကြပြီး တယောက်တလက် လုယက်သောင်းကြမ်းနေကြသည်ဖြစ်ရာ ရှမ်းမကလေးများမှာ မခံချည့် မခံသာနှင့်ပင် ကြောက်ကြောက်လန့် လန့်နှင့် ငြိမ်ခံနေကြရရှာလေ၏။ ကြီးမှူးအုပ်ချုပ်သူမင်းကျော်ခေါင်၏တဲခန်းအတွင်းမှာလည်း မင်းကျော်ခေါင် သည် တပည့်ငယ်တယောက် ထည့်ပေးသော ခေါင်ရည်ထည့်သောငွေဖလားကို လေးလံသောလက်များနှင့် လှမ်းယူကာ မျက် တောင်စင်းစင်းနှင့်ပင် မ၀မချင်း ထပ်ခါထပ်ခါ သောက်နေရာမှ-
"ဟေ့....အောင်ကြီးရေ....ငါတော့ ကြာကြာ မစောင့်နိုင်တော့ဘူးကွာ၊ အခင်းသာတဲ့တနေ့မှာ အတင်းသာ ပွေ့ပြီး ခိုးယူလိုက်တော့မယ်၊ တကယ်ဆိုတော့ ခင်ဘုန်းမြင့်ဟာ အတွေ့ကို မရှောင်နိုင်ပါဘူးကွာ။ သူ ဘာကြီး ပြောနေနေ ငါ့ကို ချစ်မှာပါဘဲ၊ နို့ပြီးတော့ သူ့ ဦးလေးတယောက်လုံးကလဲ ငါ့အပေါ် အတော် ကြည် ဖြူနေတာကလား၊ သူနဲ့ငါနဲ့ဆိုလဲ ကစားဘက် ငယ်ပေါင်းမို့ လူဟောင်းချင်းပါ၊ ခုလို အချိန်ကြာအောင် ဆွဲနေ ဒါဟာလဲ မိန်းမကလေးမို့ အညှာလွယ်တယ်ထင်မှာစိုးလို့၊ တမင်တကာ မူနေဒါလို့ ငါအယူရှိလာပြီ။"
ဟုဆိုလျှင် မင်းလိုလိုက်-မင်းကြိုက်တင်တတ်သော သာပေါင်းညာစား တပည့်များဖြစ်သည်နှင့် လျော်ညီစွာ....
(ဆက်ရန်)