စည်

စည်


စည် (နာမ်)

(၁) သစ်သားခေါင်း ပေါက်ဝကို သားရေ ကြက်၍ တီးခတ်ရသော တူရိယာ။


စည်

သားရေတစ်ဖက် (သို့မဟုတ်) နှစ်ဖက်ပိတ် ကြက်ထားသော အတီးတူရိယာ။ စည်တူရိယာကို စစ်ချီရာ၌လည်း ကောင်း၊ ကခုန်ပွဲများ၌ လည်းကောင်း၊ ဒုမင်္ဂလာကိစ္စများ၌ လည်းကောင်း၊ တီးခတ်ကြသည်။ မြန်မာဘုရင်မင်းများ လက်ထက်က စည်သည် ရွှေနန်းသုံး တူရိယာအဖြစ် အသုံးတွင်ကျယ်သည်။ ဘုရင်မင်းမြတ်မှစ၍ မိဖုရား၊ အိမ်ရှေ့ မင်းသား၊ မင်းညီမင်းသား စသည်တို့ကို ရာထူးအလိုက် စည်တီးဝိုင်းများ ချီးမြှင့်ပေးသနားလေ့ရှိသည်။ စည်ကို အကြောင်းပြု၍ စည်တီးချက် စည်တော်သံ စသည်တို့ ပေါ်လာသည်။ (မြန်မာဂီတအဘိဓာန် - ဝန်ဇင်း)


စည် (၃)မျိုး

(၁) ကျည်းပြည်က ဖြစ်သော ဝင်စည်။

(၂) စိန့်ပြည်က ဖြစ်သော စည်ဝန်း။

(၃) မြန်မာပြည်တွင် ဖြစ်သော စည်ဗျော။ (ဗဟုသုတ ပုလဲပန်းကုံး)


စည် (၁၂)မျိုး

(၁) မြောက်စည်

(၂) သံလွင်စည်

(၃) စည်ဗျော

(၄) စည်ကြီး

(၅) ဒုံမင်း

(၆) စည်ဝန်း

(၇) စည်သေး

(၈) စည်ပုတ်

(၉) စည်ပန်းတောင်း

(၁​ဝ) ပတ်သာ (ပုံသာ)

(၁၁) တဘက်စည်

(၁၂) စည်အိုင်။ (ဗဟုသုတ ပုလဲပန်းကုံး)


စည်တော်ရိုက်ချုံး နန်းတွင်းသုံး

မြန်မာဇာတ်သဘင်များသည် "စည်တော်သံကြား နန်းပါးသို့ ဝင်မယ်" ဟူသောစာချိုးကို အသုံးများသည်။ စည်တော် သည် မြန်မာနန်းတွင်းသုံး တူရိယာတစ်မျိုးပင် ဖြစ်သည်။ ဘုရင်ထွက်လျှင် ထွက်စည်၊ ဝင်လျှင် ဝင်စည်၊ အချိန်ကို ပြလျှင် ဗဟိုစည် စသည်အားဖြင့် နေရာဌာန အလိုက် ခေါ်ဆိုကြသည်။ အင်ရုံစာတမ်းတွင် ဘုရင့်စည်တော်စုံ၊ မိဖုရား စည်တော်စုံ၊ အိမ်ရှေ့မင်းစည်တော်စုံ၊ မင်းသားတို့ကို ပေးစည်၊ နေရာနေတို့ကို ပေးစည်၊ စော်ဘွားတို့ကို ပေးစည်၊ စသည်အားဖြင့် အကျယ်ဖေါ်ပြထားသည်။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


စည်သာမင်းကြီး

ဦးအောင်ဇေယျ (အလောင်းဘုရား) ၏ မရီးတော် ခင်ပွန်း ဖြစ်သည်။ ဟံသာဝတီပါမင်း (မဟာဓမ္မရာဇာဓိပတိ) လက်ထက် စည်သူကျော်ထင်၊ မင်းကြီးကျော်စွာထင်ဘွဲ့များ ရရှိသော အမတ်ကြီး ဖြစ်သည်။ အင်းဝကို ၁၇၅၂ ခုနှစ်၌ မွန်တို့ တိုက်ခိုက် သိမ်းပိုက်သောအခါ ဦးအောင်ဇေယျနှင့်ပူးပေါင်းလိုက်၏။ ဦးအောင်ဇေယျက မင်းလှစည်သူဘွဲ့ ချီးမြှင့်သည်။ သားတော်များနှင့်အတူ အားထားခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဦးအောင်ဇေယျ အထွဋ်အထိပ် မရောက်မီ ကာလက တိုက်ပွဲပေါင်း များစွာတွင် ထင်ရှားသော တပ်မှူး ဖြစ်သည်။ (နှစ် ၂​ဝဝ မြန်မာနိုင်ငံသမိုင်း အဘိဓာန် - ဦးစိန်မြင့်)


စည်သာ မင်းသား

အလောင်းဘုရား၏သားတော် တစ်ပါး ဖြစ်သည်။ အလောင်းဘုရား၏အခြား သားတော်များမှာ-

(၁) သတိုးဓမ္မရာဇာဘွဲ့၊ သီရိသုဓမ္မရာဇာဘွဲ့ခံ ဒီပဲယင်းမြို့၊ တောင်တွင်းကြီးမြို့၊ ငစဉ့်ကူးမြို့၊ သုံးမြို့စားမင်းသား၊ အလောင်းမင်းတရား နတ်ရွာစံလျှင် ထီးနန်း စိုးစံရသည်။ သမိုင်းတွင် နောင်တော်ကြီးမင်း အမည်ဖြင့် ထင်ရှားသည်။

(၂) သတိုးမင်းစောဘွဲ့ သီရိဓမ္မရာဇာဘွဲ့ခံ မြေဒူးမြို့နှင့်စလင်းမြို့စားမင်းသား နောင်တော်ကြီးနောက် ထီးနန်းဆက်ခံ စိုးစံသည်။ သမိုင်းတွင် ဆင်ဖြူရှင်မင်းအဖြစ် ထင်ရှားသည်။

(၃) သတိုးမင်းလှကျော်ဘွဲ့၊ သုသီရိဓမ္မရာဇာဘွဲ့ခံ အမြင့်မြို့နှင့်တလုပ်မြို့စားမင်းသား၊ ထီးနန်း မစိုးစံရ။ စဉ့်ကူးမင်း လက်ထက် ၁၇၇၇ ခုနှစ်၌ အသတ်ခံရသည်။

(၄) သတိုးမင်းလှ ရွှေတောင်ဘွဲ့၊ သီရိသုဓမ္မရာဇာဘွဲ့ခံ ဗဒုံမြို့စားမင်းသား၊ ဖောင်းကားစား​မင်းနောက် ထီးနန်းစိုးစံရ သည်။ သမိုင်းတွင် ဘိုးတော်ဘုရားအမည်ဖြင့် ထင်ရှားသည်။

(၅) သတိုးဓမ္မရာဇာဘွဲ့ခံ ပခန်းမြို့စားမင်းသား ထီးနန်း မစိုးစံရ။

(၆) သတိုးမင်းစောဘွဲ့ခံ ပင်းတလဲမြို့စားမင်းသား၊ ထီးနန်း မစိုးစံရ။

စည်သာမင်းသားသည် ဘိုးတော်ဘုရားလက်ထက် ၁၇၈၂ ခုနှစ်တွင် ဝန်ကြီးမဟာသီဟသူရနှင့်ပူးပေါင်းပြီး မသင့်သော အကြံအစည်ကို ကြံစည်သည်ဟူသော စွပ်စွဲချက်နှင့်ကွပ်မျက်ခံရသည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်း အဘိဓာန် - ဦးစိန်မြင့်)


စည်သူဘွဲ့

စည်သူဘွဲ့ကို တိုင်းပြည်၏ အကျိုးကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူများအား ချီးမြှင့်ခဲ့သည်။ ထိုဘွဲ့တံဆိပ်၏ အသွင်အပြင်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ဘွဲ့တံဆိပ်၏အရွယ်မှာ တစ်လက်မခွဲ ရှိ၍ ရွှေဖြင့် ပြုလုပ်ထားပြီး ပတ္တမြားရောင် ကြွေရည် သုတ်ထားသည်။ တံဆိပ်၏ ကျောဘက်တွင် စည်သူ ဆိုသော စာလုံးကို ဖောင်းကြွ ထုထား သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)




-ဆက်ရန်-

စဉ်း

စဉ်း


စဉ်း (ကြိ)

နုပ်နုပ်ဖွဲဖွဲ ဖြစ်အောင် ခုတ်လှီးသည်။


-ဆက်ရန်-

စဉ်

စဉ်


စဉ် (ကြိ)

လွင့်ထွက်သည်။ လွင့်လာသည်။


စဉ္စလိကပ္ပဂါမရွာ

စဉ္စလိကပ္ပဂါမသည် ကောသလတိုင်း၌ တည်ရှိသည့် ပုဏ္ဏားရွာ ဖြစ်၏။ စဉ္စလိကပ္ပရွာသည် တောဒေယျပုဏ္ဏား၊ သုဘ လုလင်နှင့်ဓနဉ္ဇာနီ ပု​ဏေးမတို့ နေထိုင်သည့်ရွာ ဖြစ်သည်။ စဉ္စလိကပ္ပရွာ တောဒေယျပုဏ္ဏား၏ သရက်ဥယျာဉ်၌ မြတ် စွာဘုရားက သုဘလုလင်အား သင်္ဂါရဝသုတ္တန်ကို ဟောကြားတော်မူခဲ့သည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)




-ဆက်ရန်-

စဉ့်

စဉ့်


စဉ့် (နာမ်)

(၁) မြေထည်ပစ္စည်း စသည်များကို သုတ်လိမ်းရန် ပြုပြင်ထားသည့် ချော်ရည်တမျိုး။


စဉ့်အိုး (နာမ်)

စဉ့်ရည် သုတ်ထားသော မြေအိုး။


-ဆက်ရန်-


-ဆက်ရန်-

စစ်

စစ်


စစ် (နာမ်)

တိုင်းပြည် အချင်းချင်း လက်နက် အားကိုးဖြင့် တိုက်ခိုက်ခြင်း။


စစ်ခရာ

စစ်ချီရာ၌ မှုတ်​သော ခရာမျိုး။ ဗျူကယ်လ် (အင်္ဂလိပ်)။ (မြန်မာဂီတအဘိဓာန် - ဝန်ဇင်း)


စစ်ချီသီချင်း

ခြေလှမ်းကျချိန်နှင့် ကိုက်ညီသော စည်းချက်မျိုးဖြင့် ကြွရွအောင် စပ်ဆိုထားသော သီချင်းမျိုး။ မက်ချိန်းဆောင်း(လ်)။ စစ်ချီသီချင်းကို အနောက်တိုင်းသုံး စည်းချက်ဖြင့် ရေးစပ်ကြသည်။ စစ်တပ်များ စစ်ရေးပြ ချီတက်ရာတွင် တီးမှုတ်၍ အများအားဖြင့် (၄/၄) စည်းချက်(အနှေး) သို့မဟုတ် (၂/၄)၊ (၆/၈) စည်းချက်(အမြန်) တို့ဖြင့် ရေးဖွဲ့ကြသည်။ (မြန်မာ ဂီတအဘိဓာန် - ဝန်ဇင်း)


စစ်တမ်း

စစ်တမ်း ဆိုသည်မှာ ရှေးမြန်မာ ဘုရင်များ လက်ထက် ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ခံတို့အား စစ်ချက်ထုတ် သော မှတ်တမ်း ဖြစ်သည်။ စစ်တမ်း စတင် ပေါ်ပေါက်သော ကာလကို တိကျစွာ မသိရပေ။ မင်းကြီး စွာစော်ကဲ လက်ထက်မှ စတင်၍ စစ်တမ်း ကောက်ခံသည်ဟု မှတ်သားရသော်လည်း ထိုစစ်တမ်းကို ယခုအခါ ရှာဖွေ၍ မတွေ့ တော့ပေ။ ဆင်ဖြူရှင်မင်း လက်ထက် ကောက်ခံသော ၁၁၂၆ ခုနှစ် စစ်တမ်းများ၊ ၁၁၂၇ ခုနှစ် စစ်တမ်းများ၊ ဘိုးတော် ဘုရားလက်ထက် ကောက်ခံသော ၁၁၄၅ ခုနှစ် စစ်တမ်းများ၊ ၁၁၄၆ ခုနှစ် စစ်တမ်းများ၊ ၁၁၆၄ ခုနှစ် စစ်တမ်းများကို သာ တွေ့ရသည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး လက်ထက်မှတပါး အခြားမင်းများ လက်ထက်တွင် စစ်တမ်းများ ကောက်ခံကြသည်ဟု အဆိုရှိသည်။ သီပေါမင်း လက်ထက်တွင် ၁၂၄၄ ခု၊ တပို့တွဲလ၌ ၁၁၄၅ ခု စစ်တမ်း နှစ်တစ်ရာ ရှိပြီဖြစ်၍ စစ်တမ်း ထပ်ယူဆက်သွင်းစေသည်။

မြို့ရွာများတွင် အခွန် ကောက်ခံပုံများ မရှင်းမလင်း ဖြစ်လာသောအခါ၌သော်လည်းကောင်း၊ ထမ်းရိုးရွက်ရိုး အစီ အစဉ်များ မရှင်းမလင်းသောအခါ၌သော်လည်းကောင်း၊ မင်းက အခွန်ဘဏ္ဍာ လျော့ပါးသည်ဟု ထင်မြင်သောအခါ၌ သော်လည်းကောင်း၊ စစ်တမ်းများ ကောက်ယူလေ့ ရှိပါသည်။ စစ်တမ်းများတွင် ယေဘုယျအားဖြင့် အစဉ်အလိုက် ပါတတ်သည့်အကြောင်း အရာတို့ကား မည်သည့်ခုနှစ် မည်သည့်နေ့၌ မည်သူအား စစ်မေးပုံနယ်မြေသမိုင်း၊ အုပ်ချုပ် သူတို့၏ မျိုးရိုး နယ်မြေအပိုင်းအခြား၊ ယင်းနယ်မြေတွင် ရှိသော မြေအမျိုးအစား၊ ယင်းနယ်ပယ်တွင် စိုက်ပျိုးသော သီးနှံနှင့် အခွန်ကောက်ခံပုံ၊ ပစ္စည်းရောင်းဝယ်ရာ၌ အခွန်တော် ပေးရပုံ၊ ထွက်ကုန်အပေါ် အခွန်ကောက်ခံပုံ၊ အရှင် မရှိသော ကျွဲနွားများကို စီရင်ပုံ၊ ဘုရင်က မြို့သူကြီးများအား မည်သို့ အဆောင်အရွက် တာဝန်ပေးထားပုံ၊ ယင်း မြို့ သူကြီး ကွယ်လွန်က သင်္ဂြိုဟ်ရသည့် ထုံးစံ၊ မြို့စား နယ်စားတို့က ဘုရင်ထံသို့ လက်ဆောင်ပေးရပုံ စသည်တို့ ဖြစ် သည်။ စစ်တမ်းကို လေ့လာခြင်းအားဖြင့် ထိုခေတ်က ထိုဒေသ၏ စီးပွားရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ ဓလေ့ထုံးတမ်း များကို သိရပေသည်။ ဒေသသမိုင်းကို သိရလေသည်။ စစ်တမ်းသည် သမိုင်းအတွက် အလွန်အဘိုးတန်သော အထောက်အထားများ ဖြစ်ပေသည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်း အဘိဓာန် - ဦးစိန်မြင့်)


စစ်ပြတိုက်

၄င်းပြတိုက်သည် တပ်မတော် မော်ကွန်းတိုက်ရှိ ဌာနများအနက် တစ်ခု ဖြစ်သည်။ ယင်းပြတိုက်ကို ဖွင့်လှစ်ရခြင်း အကြောင်းရင်းမှာ အမျိုးသားစိတ်ဓာတ်နှင့် စစ်သွေးစစ်စိတ်များ တက်ကြွစေရန် ဖြစ်သည်။ စစ်နှင့်ပတ်သက်သော ပန်းချီကားများ၊ ရှေးခေတ်နှင့် ယခုခေတ် စစ်အသုံးအဆောင် လက်နက်ကိရိယာများ၊ ရှေးခေတ် စစ်ပွဲမြေပုံများ စသည်တို့ကို ပြသထားသည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)


စစ်ပြီးခေတ် မြန်မာ့ပထမဆုံး ထီဖွင့်ပွဲ

စစ်ကြီး ပြီးဆုံးသည့်နောက် မြန်မာပြည်တွင် ပထမဆုံး ထီဖွင့်ပွဲကို ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ကျင်းပခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ တွဲ ၃)


စစ်ဖြစ်ရသော ​အကြောင်း (၁၃)ပါး

(၁) နိုင်ငံအပိုင်းအခြားကြောင့် စစ်ဖြစ်သည်။

(၂) ဥစ္စာကို လိုသောကြောင့် စစ်ဖြစ်သည်။

(၃) ဆင်ကောင်း မြင်းကောင်းကို လိုသောကြောင့် စစ်ဖြစ်သည်။

(၄) သမီးကညာကို လိုသောကြောင့် စစ်ဖြစ်သည်။

(၅) ကုံးတိုက်ဥပါယ် ပြုသောကြောင့် စစ်ဖြစ်သည်။

(၆) သစ္စာဖောက်ပြန်သောကြောင့် စစ်ဖြစ်သည်။

(၇) စေပါးသော ရာဇသံစကားကို အမိန့်အကျ မသိသောကြောင့် စစ်ဖြစ်သည်။

(၈) အဆွေအမျိုးကို ဖျက်သောကြောင့် စစ်ဖြစ်သည်။

(၉) အကြင်မင်းတို့သည် မိမိမြို့ကို မစောင့်မရှောက်သောကြောင့် စစ်ဖြစ်သည်။

(၁ဝ) သူရဲသူခက် မရှိသောကြောင့် စစ်ဖြစ်သည်။

(၁၁) ကုန်သည်တို့ကြောင့် စစ်ဖြစ်သည်။

(၁၂) ရန်ငြိုးဖွဲ့သောကြောင့် စစ်ဖြစ်သည်။

(၁၃) အမျက်ကြီးသောကြောင့် စစ်ဖြစ်သည်။ (ဗဟုသုတ ပုလဲပန်းကုံး)


စစ်မဖြစ်မီက မြန်မာပြည်

စစ်မဖြစ်မီက မြန်မာပြည်တွင်-

(၁) စိုက်ပျိုးနိုင်သော ဧကပေါင်းမှာ ၁၉.၁၁၇ဝဝဝ သန်း။

(၂) ရေနံ ဂါလံပေါင်း ၂၇၅ သန်း။

(၃) ဧရာဝတီ သင်္ဘော ၆၃၆ စင်း။

(၄) မီးရထားလမ်း ၂၂၅ဝ မိုင်။

(၅) မီးရထား စက်ခေါင်းပေါင်း ၃၅ဝ။

(၆) ခရီးသည်တင် တွဲပေါင်း ၁၁၅၆။

(၇) ကုန်တွဲ ၉၁၅ဝ။ စသည်တို့ ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ တွဲ ၂)


စစ်မက်ပညာ (၇)ဖြာ

စစ်ပညာ(၇)မျိုး ဖြစ်သည်။။ (ချီစစ်၊ တိုက်စစ်၊ လိုက်စစ်၊ ခံစစ်၊ ဆုတ်စစ်၊ စစ်ရေး၊ စစ်အေး)

(၁) ရန်သူရှိရာ စစ်မြေပြင်သို့ တိုက်ခိုက်ခြေမှုန်းရန် ချီတက်ပုံ နည်းအမျိုးမျိုး ချီစစ်။

(၂) တိုက်ပုံတိုက်နည်း အမျိုးမျိုးသော ပညာ တိုက်စစ်။

(၃) တပ်ပြို၍ ဆုတ်ပြေးသော ရန်သူနောက် လိုက်ပုံလိုက်နည်း လိုက်စစ်။

(၄) ရန်သူက မိမိတပ်အား လာရောက် တိုက်ခိုက်သည်ကို ခုခံနည်းမျိုး ခံစစ်။

(၅) စစ်ရေးမသာ၍ ဆုတ်ပုံဆုတ်နည်းများ ဆုတ်စစ်။

(၆) စစ်ပညာ လေ့ကျင့်ပုံ နည်းအမျိုးမျိုးများ စစ်ရေး။

(၇) လက်နက်မသုံးဘဲ စိတ်ဓာတ်စစ်ဆင်ရေးဖြင့် နည်းပရိယာယ် အသွယ်သွယ်ကို အသုံးပြုကာ မိမိအား ညွှတ်ကိုင်း လာအောင် ဆောင်ရွက်ခြင်း စစ်အေး။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


စစ်ရေယာဉ်မေယု

ရခိုင်ပြည် မေယုမြစ်ကို အစွဲပြု၍ အမည်ပေးထားသော (ဖယ်ရီဂိတ်)သင်္ဘော ဖြစ်သည်။ အတိုင်းအတာများမှာ အလျား ၃ဝ၁ ပေ၊ ၄ လက်မ။ အနံ ၃၆ ပေ ၄ လက်မ။ ရေစူး ၁၄ ပေ၊ ၄ လက်မ။ (တစ်နာရီ မိုင် ၂ဝ။ ရေမိုင်) သွား သည်။ လက်နက် ၄ဝ မီလီမီတာ အမြောက် ၄ လက် ဘော်ဖာ ၂ လက်။ အရာရှိ ၁ဝ ယောက်၊ ရဲဘော် ၁၄၈ ယောက် ရှိသည်။ သင်္ဘော အလေးချိန်မှာ ၁၆၇၂ တန် ဖြစ်သည်။ ၄င်းသင်္ဘောကို အင်္ဂလိပ်ရေတပ်မှ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လက်ခံရယူခဲ့ပြီး ရေတပ်ဦးစီးချုပ် ခင်မောင်ဗိုလ်သို့ လွှဲပြောင်းပေးခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၁)


စစ်ရှုံးရာသော အကြောင်း (၁ဝ)ပါး

(၁) မင်းအမတ် စသည်တို့ ယစ်ဝသောကြောင့် စစ်ရှုံးရသည် တစ်ပါး။၇၇

(၂) ပြည်သူ အနာအဖျား များသောကြောင့် စစ်ရှုံးရသည် တစ်ပါး။

(၃) စစ်သည်သူရဲတို့ နှလုံးပြော့ညံ့သောကြောင့် စစ်ရှုံးရသည် တစ်ပါး။

(၄) မင်းမရဲသောကြောင့် စစ်ရှုံးရသည် တစ်ပါး။

(၅) မကောင်းသောအခါနက္ခတ်ကို ယှဉ်မိသောကြောင့် စစ်ရှုံးရသည် တစ်ပါး။

(၆) သူက ယတြာမန္တန် အင်းအိုင် စီရင်သောကြောင့် စစ်ရှုံးရသည် တစ်ပါး။

(၇) ဆင်မြင်း မကောင်း၍ စစ်ရှုံးရသည် တစ်ပါး။

(၈) မင်းနှင့်အမတ် မညီမညွှတ်သောကြောင့် စစ်ရှုံးရသည် တစ်ပါး။

(၉) သူရဲကောင်း မရှိသောကြောင့် စစ်ရှုံးရသည် တစ်ပါး။

(၁ဝ) ငတ်မွတ်ရှားပါးသောကြောင့် စစ်ရှုံးရသည် တစ်ပါး။ (ဗဟုသုတ ပုလဲပန်းကုံး)


စစ်သူကြီး အင်္ဂါ (၉)ပါး

(၁) စစ်အောင်နိုင်ရေးအတွက် စစ်တပ် တပ်စွဲရန် နေရာကောင်းကို ရွေးချယ်တတ်ခြင်း။

(၂) သေနင်္ဂဗျူဟာ စစ်ပညာကျမ်းကို နှံ့စပ် တတ်သိခြင်း။

(၃) ကာယဗလ ရှိခြင်း သူရသတ္တိ ရှိခြင်း။

(၄) အရေးနိမ့်၍ တပ်ဆုတ်ရသည့်အခါ စစ်သည်အားလုံးကို ကွပ်ကဲ ထိန်းချုပ်၍ တစ်ယောက်မကျန် ဆုတ်လာနိုင်ခြင်း

(၅) စစ်သည်ရဲဘက်များနှင့် အေးအတူ ပူအမျှ မျှတစွာ နေခြင်း။

(၆) ကိုယ်ကျင့်တရား ကောင်းမွန် တည်ကြည် ဖြောင့်မတ်ခြင်း။

(၇) သတိ ဝီရိယ အမြဲရှိခြင်း။

(၈) ရန်သူစစ်တပ်ကို ဖျက်ဆီး နှိမ်နင်းနိုင်သော အရည်အချင်း ပြည့်ဝခြင်း။

(၉) စစ်သည်ရဲမက်တို့ ပင်ပန်းမှု မရှိအောင် စီစဉ်တတ်ခြင်း။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


စစ်အင်္ဂါ (၄)ပါး

(၁) ဆင်လည်း တစ်ပါး ဖြစ်သည်။

(၂) မြင်းလည်း တစ်ပါး ဖြစ်သည်။

(၃) ရထားလည်း တစ်ပါး ဖြစ်သည်။

(၄) ခြေသည်သူရဲကောင်းလည်း တစ်ပါး ဖြစ်သည်။ (ဗဟုသုတ ပုလဲပန်းကုံး)


စစ်အောင်ရာသည် အကြောင်း(၁၂)ပါး

(၁) စစ်စီရင်ရာ၌ လိမ္မာသောကြောင့် စစ်အောင်ရာသည်။

(၂) မင်းနှင့်အမတ် ညီညွှတ်သောကြောင့် စစ်အောင်ရာသည်။

(၃) ပေးကမ်းခြင်း၌ အမြက်မရှိခြင်းကြောင့် စစ်အောင်ရာသည်။

(၄) စစ်သူကြီး ခန့်ထားစီရင်တိုင်း သူရဲသူခက်တို့၌ တည်သောကြောင့် စစ်အောင်နိုင်ခြင်း။

(၅) သူရဲကောင်း ဖြားယောင်းသဖြင့် စစ်အောင်ရာသည်။

(၆) ယတြာမန္တန် ပြုသဖြင့် စစ်အောင်ရာသည်။

(၇) ဇာတာစန်းလဂ် ကောင်းသဖြင့် စစ်အောင်ရာသည်။

(၈) မျိုးရိက္ခာပြည့်စုံသဖြင့် စစ်အောင်ရာသည်။

(၉) မင်းစသော ပြည်သူတို့ အနာကင်းသဖြင့် စစ်အောင်ရာသည်။

(၁ဝ) သူလျှိုစေ၍ သူ့ပြည်ရန်ဘေးအန္တရာယ် ကင်းသဖြင့် စစ်အောင်ရာသည်။

(၁၁) ပြည်စောင့်နတ်ကို မပြတ်ပူဇော်သဖြင့် စစ်အောင်ရာသည်။

(၁၂) ဆင်ကောင်း၊ မြင်းကောင်းများသဖြင့် စစ်အောင်ရာသည်။ (ဗဟုသုတ ပုလဲပန်းကုံး)




-ဆက်ရန်-