(နာမ်)


ဗျည်း (၃၃)လုံးတွင် (၁၆)လုံးမြောက်ဗျည်း။ တဝမ်းပူဟုခေါ်သည်။


(နာမဝိ)


ဆယ်ကိန်း၊ ရာကိန်း စသည်တို့နှင့်တွဲသောအခါ သုံးရသော တစ်သင်္ချာ၏အတိုကောက်။ တစ်။ "တရက် တလ တနှစ် တသက် တဘဝ။" ဘာဝနာ။ ၁၃၇။


တကသ (၁၉၃၁)


တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အတိုကောက် အခေါ် ဖြစ်သည်။ ပထမဆုံး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှာ ၁၉၃၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖြစ်သည်။ စဖွဲ့စဉ်ကမူ အောက်စဖို့နှင့် ကိန်းဘရစ် စသည့် နိုင်ငံခြား၊ တက္ကသိုလ်များရှိ တက္ကသိုလ် ကျောင်းသားအသင်းအဖွဲ့များကဲ့သို့ စာပေနှင့်ပညာရပ် ဆိုင်ရာ ဟောပြောပွဲများ၊ စကားရည်လုပွဲများ ကျင်းပပေးရုံလောက်သာ ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် တဖြည်း ဖြည်းနှင့် ကိုလိုနီ​ပညာရေးစနစ်၏ ပျော့ကွက် ဟာကွက်များကို ဝေဖန်ဆန်းစစ်၍ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် တောင်းဆိုရာမှ နိုင်ငံလွတ်လပ်ရေးအတွက်အထိ ပါဝင်လှုပ်ရှားခဲ့သည်။ အထူးသဖြင့် ၁၉၃၅-၃၆ မှစ၍ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအမှုဆောင်များမှာ နယ်ချဲ့အစိုးရကို ရဲရဲတောက် တော်လှန်လိုသူ၊ တော်လှန်ရဲသူ မျိုးချစ်လူငယ်များ ဖြစ်ခဲ့ကြ​သည်။ ထိုလူငယ်များ ဦးဆောင်သည့် အချိန်မှစ၍ တကသ၏လှုပ်ရှားမှုသည် နိုင်ငံ​လွတ် လပ်ရေးအထိ ဦးတည်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းမှ ပါခဲ့ သူများတွင် တကသအမှုဆောင် အဖွဲ့ဝင်များလည်း အများအပြား ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် တကသသည် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲဝင် ရှေးတန်းခေါင်းဆောင်များကို မွေးထုတ်ပေးသည့် အဖွဲ့အစည်း တခုအဖြစ် ထင်ရှားသည်။ (ကိုလိုနီခေတ် မြန်မာသမိုင်း အဘိဓာန် - မြဟန်)


တကောင်ဖွား (ထူးချွန်သူ၊ ရှာမှ ရှားသူ)


ထိုစကားမှာ မ တထောင် တကောင်ဖွား ဟူသော စကားမှ လာသည်။ မိန်းမပေါင်း တထောင် သားသမီး ဖွားမြင်ရာ တွင်မှ ထိုလူမျိုး တယောက်သာ ဖွားမြင်နိုင်အောင် ရှားပါးလှသော သူဟူ၍ အဓိပ္ပါယ်ရသည်။ အလွန်ထူးချွန်သူကို ချီး မြှောက်တင်စား၍ ခေါ်ဆို​သော စကား ဖြစ်သည်။ (မြန်မာဘန်းစကား-လှသမိန်)


တခွဲသား


 

ဥပစာများ အများအပြား ပါသည်ကို ပဲ၊ ဆန် စသည့်ဝတ္ထုပစ္စည်းကို ခြင်တွယ်၍ ပမာဏ သတ်မှတ်သည့် တတင်း၊ တခွဲ ဟူသော စကားဖြင့် တင်စား၍ ဥပစာ တခွဲသားဟု ဆိုထားသည်မှာ ဥပစာဝေါဟာရပင် ဖြစ်သည်။


တနိုင်းမြို့နယ် ဖြစ်စဉ်သမိုင်း


ရှေးယခင်က ပေါ်ပေါက်သေးဘဲ ဟူးကောင်း ချိုင့်ဝှမ်းဒေသဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဤဒေသသို့ နာဂနှင့်ခမော်ခမန်း (ခေါ်) မွန်လူမျိုးတို့ စတင်ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက် မိုးကောင်း ရှမ်းအနွယ်ဝင်များက မိုးကောင်းစော်ဘွား လက်ထက် ဟူးကောင်းနယ်ဘက်သို့ စတင် ဝင်ရောက် နေထိုင်ခဲ့ကြရာမှ ဟူးကောင်း ဟု သမုတ်ခဲ့သည်။ ဟူးကောင်း (Hu Gawng) အဓိပ္ပါယ်မှာ ရှမ်းဘာသာ စကား ဖြစ်သည်။ မိုးကောင်း တည်ထောင်စဉ်က စည်တော်ဦးခေါင်း ရှိရာ အရပ်ကို ​အစွဲပြု၍ ခေါ်တွင်ခဲ့သည်ဟု သိရပါသည်။ ဟူး ၏အဓိပ္ပါယ်မှာ မြန်မာဘာသာအရ ဦးခေါင်း။ ကောင်း၏ အဓိပ္ပါယ်မှာ စည်တော်နယ် ဟုအဓိပ္ပါယ် ရသည်။ ဤသို့ဖြင့် ရှမ်းဘာသာ စကားအရ ဟူးကောင်းနယ်ဟု သုံးစွဲလာခဲ့ ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့က အိန္ဒိယနှင့်မြန်မာနိုင်ငံ အလွယ်တကူ ဆက်သွယ် သွားလာနိုင် ရန် အိန္ဒိယပြည် လီဒိုမှ မြန်မာနိုင်ငံ ကာမိုင်းသို့ ပန်ဆောင်မှတစ်ဆင့် လမ်းဖောက်လုပ်ထားသည်။ ၁၉၄၅ ခုနှစ်၊ အိန္ဒိယနှင့် တရုတ်ပြည် ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် မြန်မာနိုင်ငံကို ဖြတ်၍ ယခင် အစိုးရ ဖောက်ခဲ့သောလမ်း ကို အိန္ဒိယပြည် လီဒိုမှ ဟူးကောင်းနယ်ကို ဗဟိုဖြတ်၍ မြစ်ကြီးနားထိ ဖောက်လုပ်ခဲ့သည်။ ယင်းလမ်းကို လီဒိုလမ်းမ ကြီး (ယခု ပန်ဆောက်လမ်း)သည် ဟူးကောင်းနယ် ဗဟိုပြုရာ တနိုင်းခ တနိုင်းချောင်းကြီးကို ကျော်ဖြတ်ရာမှ လွတ် လပ်ရေးရပြီးနောက် ၁၉၅၈ ခုနှစ်တွင် တိန်ကောက်ကျေးရွာ ရုံးစိုက်ထားသော တောင်တန်းဝန်ထောက်ရုံးကို ဟူး ကောင်းနယ် ဟူးကောင်းမြို့သို့ ပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။ ၁၉၆၂ ခု၊ မတ်လ ၂ ရက် တော်လှန်ရေးကောင်စီ တက်လာ ပြီး ဟူးကောင်းမြို့နယ် ဟူးကောင်းမြို့ဟု ခေါ်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှစ၍ ဟူးကောင်းနယ်ကို တနိုင်းခ တနိုင်းချောင်းကို အစွဲပြုပြီး တနိုင်းမြို့ဟု သတ်မှတ်ခဲ့သည်။

တနိုင်း ဟူသော အမည်သည် တနိုင်းချောင်းကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။ တနိုင်းမြို့နယ်သည် ဟူးကောင်း ချိုင့်ဝှမ်းဟု ထင်ရှားခဲ့သော ဒေသ ဖြစ်သည်။ ယခင်က ပယင်းတွင်းဒေသဟုလည်း ခေါ်တွင်ခဲ့သည်။ ဟူးကောင်း ဟူသော စကားမှာ ရှမ်းဘာသာ စကား ဖြစ်ပြီး ဟူး-ဦးခေါင်းဟုလည်းကောင်း၊ ကောင်း-စည်တော်ဟုလည်းကောင်း၊ အဓိပ္ပါယ်ရသဖြင့် မြန်မာဘာသာဖြင့် ဟူးကောင်း ဆိုသည်မှာ စည်တော်ဦးခေါင်းပြုရာအရပ် ဟုခေါ်ဆိုနိုင်ပါသည်။ ဟူးကောင်း ဟူသော စကားသည် ဒေသသမိုင်းနှင့်နွယ်၍ ခေါ်ဝေါ်သမုတ်ခဲ့ခြင်း ဖြစ်သည်။ ဤဒေသသို့ ရှေးဦးစွာ ဝင်ရောက်နေထိုင်ခဲ့ကြသူများမှာ နာဂလူမျိုးများနှင့် ခမော်ခမန်း(ခေါ်) မွန်မျိုးနွယ်စုများ ဖြစ်သည်။ မိုးကောင်းစော် ဘွားလက်ထက်တွင် မိုးကောင်းရှမ်း အနွယ်ဝင်များ စတင် ဝင်ရောက်​ နေထိုင်လာကြရာမှ ဟူးကောင်း ဟူသော အမည် တွင်လာခြင်း ဖြစ်သည်။ (ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်)


တဖွဖွ ပြောသည် (ထပ်တလဲလဲ ပြောသည်)


မြန်မာတို့သည် ဂါထာမန္တန် မန်းမှုတ်သောအခါ သက္ကတဂါထာ မန္တန်များတွင် အစ၌ ပါလေ့ရှိသော "ဥုံ" ဟူသောအသံ နှင့် "ဖွ" ဟူသော အသံကို အာဏာစက် ရှိစေရန် ပြင်းပြင်းထန်ထန် မန်းမှုတ်လေ့ ရှိကြသည်။ ထို့ကြောင့် ဂါထာ အကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆိုသည်ကို ပမာပြု၍ (ဥုံတလဲလဲ ဖွတလဲလဲ) ဟူ၍ ဥုံနှင့်ဖွကို တပြန်စီ ရွတ်ဆိုသကဲ့သို့ အဖန်ဖန်​ ပြောဆိုခြင်းကို တင်စား၍လည်း သုံးစွဲ ပြောဆိုကြသည်။ ထပ်ကာ ထပ်ကာ ကြိမ်ဖန်များစွာ ဟူသော အနက် ရ၏။ အစ သေဝပ် ငြိမ်သက်ပြီးကိစ္စကို ပြန်၍ ပွအောင် ဖွကာ၊ ဖွကာ လှုံ့ဆွ ဖော်ထုတ်ပြောဆိုခြင်းဟူ၍ အချို့က ယူဆ ကြသည်။ (မြန်မာဘန်းစကား-လှသမိန်)


တရုတ်-ဗမာ အဓိကရုဏ်း(၁၉၃၁)


၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းတွင် ရန်ကုန်မြို့၌ တရုတ်-ဗမာ အဓိကရုဏ်း ဖြစ်ပွား၏။ ထိုကာလက မြို့နှင့်တောရပ်ဒေသများ တွင် တရုတ်၊ ကုလားများက မြန်မာ့စီးပွားရေးတွင် လွှမ်းမိုးနေကြ၏။ စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်လာသောအခါ တရားခံ ရှာရာ၌ တရုတ် ကုလားကုန်သည်များကို အလွယ်တကူမြင်ရာမှ အဓိကရုဏ်း ဖြစ်ပွားလာခြင်း ဖြစ်သည်။ အစောပိုင်းက ကုလား- ဗမာအဓိကရုဏ်း ဖြစ်ခဲ့သည်။ နိုင်ငံရေး စီးပွားရေးအကျပ်အတည်းသည် လူမျိုးရေးအဓိကရုဏ်းဆီသို့ ရှေ့ရှုသွားခြင်း ဖြစ်၏။ တရုတ်-ဗမာအဓိကရုဏ်းသည် ရက်သတ္တပတ် အနည်းငယ်အတွင်း ရန်ကုန်မြို့ အနီးအပါး ခရိုင်များသို့ ပျံ့နှံ့သွားသော်လည်း ကုလား -ဗမာအဓိကရုဏ်းလောက် ကြီးကျယ်ခြင်း မရှိပေ။ (နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်းအဘိဓာန်-ဦးစိန်မြင့်)


တရုတ်မြန်မာစစ်ပွဲများ


ဆင်ဖြူရှင်မင်းလက်ထက်တွင် တရုတ်နှင့်မြန်မာတို့သည် နယ်စပ်အရေးအခင်းကို အကြောင်းပြု၍ စစ်(၄)ကြိမ် တိုက်ခိုက်ကြသည်။ ဤစစ်ပွဲများသည် မြန်မာ့သမိုင်းတွင် ထင်ရှားပြောင်မြောက်သော စစ်ပွဲများ ဖြစ်သည့်အလျောက် ဤစစ်ပွဲများကို အကြောင်းပြု၍ ဆင်ဖြူရှင်မင်းလက်ထက်တွင် မြန်မာစစ်အင်အား အထွတ်အထိပ် ရောက်သည်ဟု ပြောစမှတ် ပြုကြသည်။

စစ်ဖြစ်ရသောအကြောင်းများ

ကုန်းဘောင်ဆက် မဟာရာဇဝင်​ကြီးက အကြောင်း(၃)ရပ် ဖော်ပြထားသည်။ ပထမအချက်မှာ ဗန်းမော်ကောင်းတုံသို့ ရောက်လာသော တရုတ်ကုန်သည် လောလီဆိုသူသည် နဘားရွာမြောက်ဖက်တွင် တာပင်မြစ်ကို ဖြတ်၍ မြစ်ကူးတံတား ဆောက်ရန် ဗန်းမော်ကောင်း တုံဝန်ထံ ခွင့်တောင်း၏။ ခွင့်မပြုရာ လောလီက မခြေမငံပြောသည်နှင့်လောလီကို ဖမ်းဆီးပြီး နေပြည်တော်သို့ပို့သည်။ နေပြည်တော် က စစ်ဆေးပြီး အပြစ်မရှိသဖြင့် ပြန်လွှတ်ရာ ကောင်းတုံဗန်းမော်သို့ ရောက်သည့်အခါ ၄င်း၏ကုန်ပစ္စည်းများ ပျောက်သည်ဟု ဝန် စစ်ကဲတို့ထံ တိုင်ပြန်၏။ ဝန်စစ်ကဲတို့က ၄င်းပစ္စည်းကို သင်၏တရုတ်များကသာ စောင့်ကြပ်ထိန်းသိမ်းခြင်း ဖြစ်၍ တရုတ်တို့ကိုသာ စစ်မေးပါဟု ပြောသည်။ လောလီက မကျေနပ်သဖြင့် တရုတ်ပြည်မိုင်းဆည်သို့ ပြန်သွားပြီး တရုတ်စစ်သူကြီး စုံးတူထံ တိုင်ကြား သည်။

ဒုတိယအချက်မှာ တရုတ်ကုန်သည်ကြီး လောတာရည်သည် ကျိုင်းတုံမြောက်ဖက် ကွပ်သွားစျေး၌ ပစ္စည်းများ ရောင်းချစဉ် အကြွေး ကိစ္စနှင့်ပတ်သက်၍ မြန်မာများနှင့်အချင်းဖြစ်ရာ တရုတ်တစ်ယောက် သေ၏။ ​မြန်စစ်ကဲတို့ထံ တိုင်ရာ သေသူအတွက် လျော်ကြေး ပေးသည်ကို မကျေနပ်ပဲ သေသူလူစားပေးရန် တောင်း၏။ မြန်မာက ထုံးစံ မရှိ၍ ငြင်းဆိုရာ မိုင်းဆည်သို့ ပြန်သွားပြီး တရုတ်စစ်သူ ကြီး စုံးတူထံ တိုင်ပြန်၏။

တတိယအချက်မှာ အလောင်းဘုရား လက်ထက်ကတည်းက တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဗန်းမော်စော်ဘွား၊ ကျိုင်း တုံစော်ဘွား၊ သိန္နီစော်ဘွားတို့သည် မိုင်းဆည်ရှိ တရုတ်စစ်သူကြီးစုံးတူအား လာဘ်ပေးကာ မြန်မာပြည်အား တိုက်ခိုက်သိမ်းပိုက်ရန် ယခင်ကတည်းက သွေးဆောင်တိုက်တွန်းလျက် ရှိသည်။ ဤအရေးကိစ္စများကို တရုတ်စစ်သူကြီး စုံးတူက တရုတ်ဧကရာဇ်ထံ အစီ ရင်ခံရာ တရုတ်ဧကရာဇ်က ကျိုင်းတုံကို တိုက်ခိုက်သိမ်းပိုက်ဖို့ အမိန့်ပေး၏။ ထို့ကြောင့် အနောက်စစ်မျက်နှာမှ စစ်သူကြီးစုံးတူသည် ကျိုင်းတုံသို့ ချီတက်လာခြင်း ဖြစ်သည်။ ဤသို့အားဖြင့် မြန်မာရာဇဝင်လာအချက်များသည် စစ်ဖြစ်ရသော လတ်တလောအကြောင်း များ၌ ပါဝင်နိုင်ပေသည်။ သို့သော် အခြေခံအကြောင်းတရားများကား မဟုတ်ပေ။ အခြေခံအကြောင်းတရားမှာ တရုတ်-မြန်မာ နယ် စပ်ပြဿနာ ဖြစ်သည်။

အခြေခံအကြောင်းတရား

တရုတ်တို့သည် နယ်စပ်ပြဿနာကို အလေးထားသူများ ဖြစ်ကြသည်။ နယ်စပ်လုံခြုံရေး နယ်စပ်ငြိမ်းချမ်းရေးသည် တရုတ်ပြည် လုံခြုံရေးနှင့်နယ်စပ်ငြိမ်းချမ်းရေး ဖြစ်သည်ဟု ယူဆထားကြသည်။ နယ်စပ်နိုင်ငံတစ်ခုသည် တရုတ်တို့၏လက်အောက်ခံ ဖြစ်သော် ထိုနယ်စပ်သည် အရေးမကြီးလှသော်လည်း ထိုနိုင်ငံသည် တရုတ်အာဏာပိုင်ကို တုပြိုင်သော နိုင်ငံဖြစ်ပါက ထိုနယ်စပ်ကို အထူးဂရု ပြုပေသည်။ တရုတ်တို့သည် မြန်မာနယ်စပ်နှင့်ပတ်သက်၍ ဤသဘောထားအတိုင်းပင် ထားရှိကြသည်။ မြန်မာနိုင်ငံသည် တရုတ်တို့ ၏လက်အောက်ခံနိုင်ငံဟူသော ခံယူချက်သည် ပြေပြစ်နေသမျှ တရုတ်-မြန်မာ နယ်စပ်အရေးကို ဂရုမပြုခဲ့ကြချေ။ သို့သော် မြန်မာ နိုင်ငံက တရုတ်နိုင်ငံတို့နှင့်တန်းတူနိုင်ငံဟု သဘောထားလာသောအခါ တရုတ်-မြန်မာနယ်စပ်အရေးကို ဂရုပြုလာတော့သည်။ ယင်း သို့ အလေးဂရုပြုလာခဲ့သည်မှာ အလောင်းဘုရားလက်ထက်မှစ၍ ဖြစ်ခဲ့သည်။ အလောင်းဘုရားလက်ထက် ကွေ့ရှမ်းဂုဏ္ဏအိမ်၊ အင်း ဝမှရွှေတောင်မင်းသား စသည်တို့ကို မြန်မာစစ်တပ်က လိုက်လံတိုက်ခိုက်သောအခါ ထိုသူတို့သည် တရုတ်-မြန်မာနယ်စပ်သို့ ထွက် ပြေးတိမ်းရှောင်၍ ဆူပူလှုပ်ရှားကြပြန်သည်။ ဂုဏ္ဏအိမ်ကို မန်လာစော်ဘွား ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ဂုဏ္ဏအိမ်၏မိန်းမ နန်းချန် သည် ကျိုင်းတုံနယ်၌ ဆက်လက်ဆူပူလှုပ်ရှားပြန်သည်။ တရုတ်တို့သည် ဆူပူသော နယ်စပ်အတွက် သောကမအေးသော်လည်း ငြိမ်း ချမ်းအောင် မတတ်နိုင်ခဲ့ပေ။ တစ်ဖန် ၁၇၆၄ ခုနှစ်၌ ဇင်းမယ်သို့ နေမျိုးသီဟပတေ့ ဦးဆောင်သော မြန်မာစစ်တပ်ကြီး ချီတက်စဉ် တရုတ်နယ်စပ်​အနီးမှ ဖြတ်၍ ချီတက်ခဲ့၏။ ဤသို့ နယ်စပ်အနီး၌ စစ်တပ်များ လှုပ်ရှားခြင်းကို တရုတ်တို့က မနှစ်မျို့နိုင်ပေ။ ထို့ပြင် ၁၇၆၅ ခုနှစ်၌ စစ်ကဲကြီး တိမ်ကြားမင်းခေါင် ဦးစီးသော မြန်မာစစ်တပ်သည် သံလွင်မြစ်အရှေ့ဘက်ဒေသများ၌ အခွန်ကောက်ရန် ချီတက်ခဲ့ပြန်သည်။ ထိုဒေသ(ကျုံးရုံးကြီး)သည် မြန်မာတို့နှင့်ကင်းကွာနေသည်မှာ အနှစ် ၁ဝဝ ကျော်ခဲ့ပြီ ဖြစ်သောကြောင့် မြန်မာ စစ်တပ် ရောက်သောအခါ လက်ဆောင်ပဏ္ဏာများ မဆက်ဘဲ တရုတ်တို့ကို တိုင်ကြား၏။ တရုတ်တို့က နယ်စပ် မငြိမ်းချမ်းခြင်းမှာ မြန်မာတို့ကြောင့်ဟု ယူဆကြ၏။ ထို့ကြောင့် တရုတ်ဧကရာဇ် ချင်းလုံသည် နယ်စပ်ငြိမ်းချမ်းရေး တည်ဆောက်ရန် ယူနန်ဘုရင်ခံ အား ၁၇၆၆ ခုနှစ်တွင် အမိန့်ပေး၏။ ယူနန်ဘုရင်ခံသည် စစ်အင်အား ပြင်ဆင်၍ ကျိုင်းတုံမြို့ကို သိမ်းပိုက်ရန် ချီတက်ခဲ့သည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံ သမိုင်းအဘိဓာန်-ဦးစိန်မြင့်)




-ဆက်ရန်-


ဗျည်း (၃၃)လုံးတွင် (၁၅)လုံးမြောက် ဗျည်း။ ဏကြီးဟု ခေါ်သည်။


ဗျည်းတို့၏ပန္နရသမ(၁၅)မြောက် အက္ခရာဖြစ်သည်။ ဖို-မအက္ခရာအားဖြင့် ဖို မဟုတ်-မ မဟုတ် နပုန်းဖြစ်၍ ဏကြီးဟုခေါ်သည်။ ဝဂ်အစဉ်အရ ဋ-ဝဂ် ပဉ္စမအက္ခရာ ဖြစ်သည်။ ပြင်းပြင်းရွတ်ဖတ်ရသော ဃောသအက္ခရာ ဖြစ်၍ အသံ၏ဖြစ်ပေါ်ရာဌာန ဌာန်အားဖြင့် လျှာထိပ်အရပ်မှဖြစ်သော မုဒ္ဓဌာန် ဖြစ်သည်။ နှုတ်ခမ်းထိ၍ ရွတ်ဖတ်ရသော ဖုဋ္ဌပယတ်လည်း ဖြစ်သည်။ ဖြစ်ခြင်းအကြောင်း ကရိုဏ်းအားဖြင့် လျှာဖျားအနီးမှဖြစ်သော ဇိဝှေါပဂ္ဂကရိုဏ်း ဖြစ်သည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


ဏကြီး (နာမ်)

ဏအက္ခရာ၏အမည်။ "အချို့သော သူတို့သည် ဏကြီးကို ဟဆွဲ၏သို့ ရေးသည်ကား မသင့်နိုး။" ဝေါသစ်၊။ ၁၃၆။


 

 

 

-ဆက်ရန်-

 

 


ဍ-ရင်ကောက်

ဗျည်းတို့၏​ တေရသမ (၁၃)မြောက် အက္ခရာ ဖြစ်သည်။ ဖို-မ အက္ခရာအားဖြင့် အဖိုအက္ခရာ ဍ-ရင်ကောက်ဟု ခေါ် သည်။ ဝဂ်အစဉ်အားဖြင့် ဍ-ဝဂ် တတိယအက္ခရာ ဖြစ်သည်။ ပြင်းပြင်း ရွတ်ဖတ်ရသော ဃောသအက္ခရာလည်း ဖြစ်၍ အသံဖြစ်ပေါ်ရာဌာန ဌာန်အားဖြင့် လျှာထိပ်အရပ်မှ ဖြစ်သော မုဒ္ဓဌာန်ဖြစ်သည်။ နှုတ်ခမ်းဖြင့် ထိ၍ ရွတ်ဖတ်ရသော ဖုဋ္ဌပယတ်လည်း ဖြစ်သည်။ ဖြစ်ခြင်း၏အကြောင်း ကရိုဏ်းအားဖြင့် လျှာဖျားအနီးမှ ဖြစ်သော ဇိဝှေါပဂ္ဂကရိုဏ်း ဖြစ် သည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ဍ (နာမ်)

ဗျည်း (၃၃)လုံးတွင် (၁၃)လုံးမြောက် ဗျည်း။ ဍရင်ကောက်၊ ဍသံကောက် ဟုခေါ်သည်။

ဍရင်ကောက် (နာမ်)

(၁)ဍအက္ခရာ၏အမည်။

(၂)အညွန့်နုကို စားရသော ကျောက်ခက်ပင် တစ်မျိုး။ "အဟိဝေရ၊ စိန်ပန်း။ ကေသရီ၊ ဍရင်ကောက်။ ရဉ္စန၊ ကနစိုး ပင်" ဓာန်ဋီ၊ ဒု။ ၂၉၅။

(၃)ဍရင်ကောက်သဏ္ဌာန် ပန်းဖြူပွင့်သော ချုံပင် တစ်မျိုး။


ဍသံကောက် (နာမ်)

(၁)ဍအက္ခရာ၏အမည်တစ်မျိုး။ "ဍသံကောက်အက္ခရာ၏သင်္ကေတကား သံယုတ် ဖြစ်ခါ ဏကြီး၏အောက်၌ တည်သော်လည်း အသွင်မဘောက်သင့်။" ဝေါသစ်၊ ၁၃၅။ 

(၂)ဍရင်ကောက်ပင်။ "ကန်နားတလျှောက်၊ လိုရာရောက်သည်၊ ဍသံကောက်ရွက်၊ ဖျားညွန့်ထွက်သား။" ကုသ၊ ၂၉၆။


-ဆက်ရန်-



ဎ (နာမ်)

ဗျည်း (၃၃)လုံးတွင် (၁၄)လုံးမြောက် ဗျည်း။ ဎရေမှုတ် ဟုခေါ်သည်။ ဎအက္ခရာ၏အမည်။ "ဎရေမှုတ် အက္ခရာ၏ သင်္ကေတကား ဏကြီးအက္ခရာနှင့် သံယုတ်ဖြစ်သောအခါ အောက်နှိုက်ဆွဲရသော်လည်း အသွင်မဘောက်သင့်။" ဝေါ သစ်၊ ၁၃၅။




-ဆက်ရန်-

 

ဌာန်

ဌာန်


ဌာန် (နာမ်)

(၁)နေရာ။ အရပ်။ "ရပ်ဌာန် ဌာန၊ ဒေသသိလို၊ မေးမြန်းဆိုက။။" ပြာဋိ၊ ၂၁။

(၂)အက္ခရာသံတို့ ဖြစ်ရာလည်ချောင်း၊ အာစောက်စသော အရပ်။ "ရှစ်ကြိမ်မြောက်ဌာန်ကရိုင်းပီပြင်စွာ ကမ္မဝါစာဖတ်ရွတ် သမုတ်အပ် သော သိမ်တော်ကို။" သုသော၊ ဆ။ ၅၉။ [ပါဠိ]


ဌာန်ကရိုဏ်းကျ (ကြိ)

(၁)ရွတ်ဖတ်ပြောဆိုရာ၌ ပီသပြတ်သားသည်။ ရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းနှင့်ညီညွတ်သည်။ "သရဏဂုံ ဌာန်ကရိုဏ်းမကျ၍ သာမဏေ အစစ် မဖြစ်သော်လည်း ဖြစ်သည်မှတ်၍ နေလျှင် အပြစ်မရှိ။" ဝိခိပ်။ ၁ဝ၄။

(၂)[ဥပစာ]ထုံးစံနှင့်ညီညွတ်သည်။ စနစ်နှင့်အညီ ပြုလုပ်သည်။ "ကွမ်းယာလဖက်အစုံကို ဖက်ခွက်နှင့်ဖြစ်စေ ဂြိုဟ်ခွက်နှင့်ဖြစ်စေ လုပ်၍ ပူဇော်ပသရာ၏။ လူတို့ သုံးဆောင်ပြီးသော ပန်းကန်နှင့် မပြင်ဆင်ရ။ ရှေးမူအတိုင်း ပြုလုပ်မှ ဌာန်ကရိုဏ်းကျချိမ့်မည်။။" ကိုးဆူ။ ၇။



-ဆက်ရန်-