(မ)

 

ဗျည်းတို့၏ ၂၅ လုံးမြောက် အက္ခရာ ဖို+မ အက္ခရာအားဖြင့် ဖိုမဟုတ်၊ မ မဟုတ်၊ နပုံးအက္ခရာ(မ)ဟုခေါ်၏။ ဝဂ်အစဉ်အားဖြင့် ပ-ဝဂ် ပဉ္စမမြောက် အက္ခရာ ဖြစ်သည်။ ပြင်းပြင်းရွတ်ဖတ်ရသော ဃောသအက္ခရာလည်း ဖြစ်၍ အသံဖြစ်ပေါ်ရာ အရပ်ဋ္ဌာန်အားဖြင့် နှုတ်ခမ်းအရပ်မှ ဖြစ်သော ဩဋ္ဌဌာန် ဖြစ်သည်။ နှုတ်ခမ်းဖြင့် ထိ၍ ဆိုအပ်သော ဖုဋ္ဌပယတ် ဖြစ်သည်။ ဖြစ်ခြင်းအကြောင်း ကရိုဏ်း အားဖြင့် ၄င်း၏ဋ္ဌာန်ဖြစ်သော သကဌာနကရိုဏ်း ဖြစ်သည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

မထင်ရှားသော တော်လှန်ရေးသမားများ

၁၈၈၈ ခု။ သီပေါမင်းအား အင်္ဂလိပ်တို့ ဖမ်းသွားပြီးသည့်နောက် မြန်မာ့ထီးနန်း ကြငှန်းရှေးရိုး ဂုဏ်ရောင်ညှိုး၍ တစ်မျိုးသားလုံး ကျွန်ဖြစ်ခဲ့ရပြီးသည့်နောက် ပြင်းထန်လှသော မျိုးချစ်စိတ်ဓာတ်ဖြင့် မခံမရပ်နိုင်သူ တစ်ချို့သည် ထ၍တော်လှန်ကြကုန်၏။ တစ်ချို့ လည်း အသေခံကြကုန်၏။ သို့သော် ထိုတော်လှန်ရေး မျိုးချစ်တို့ကိုမူကား လူတိုင်းမသိကြပေ။ ထိုမျိုးချစ် တော်လှန်ရေးသမားများ ၏စာရင်းအား အောက်ပါအတိုင်း မှတ်တမ်းတင်လိုက်ပါသည်။

၁။ပုဂံနယ်မှ ဗိုလ်ချို။

၂။ဝန်းသိုနယ်မှ ဝန်းသိုစော်ဘွား။

၃။ပုပ္ပါးနယ်မှ ဗိုလ်နက်ကျော်။

၄။ဝဲလောင်နယ်မှ ဗိုလ်ရာညွန့်။

၅။ကျွန်းခင်းကြီးမှ ဗိုလ်လှကျော်။

၆။ဇီးပင်ကြီးမှ မြင်စိုင်းမင်းသား။

၇။မင်းတုန်းမှ ဗိုလ်ရွဲ။

၈။ဆင်ဖြူကျွန်းမှ ဦးဥတ္တမ။

၉။ရွှေဘိုမှ မင်းသားထိပ်တင်မှတ်။

၁ဝ။ချောင်းခွမှ မင်းသားစောရန်နိုင်။

၁၁။ကျောက်ဆည်နယ်မှ ဗိုလ်သာကျန်။

၁၂။နတ်မောက်နယ်မှ ဗိုလ်လရောင်ဘွဲ့ခံ မြို့သူကြီး ဦးမင်းရောင်။

သူ့ကျွန်မခံလိုသော အထက်ပါပုဂ္ဂိုလ်များသည် မိမိတို့ စုမိသမျှသော အင်အားနှင့်ပြန်လည် ခုခံကြ၏။ တော်လှန်ခဲ့ကြ၏။ ပုန်ကန်ကြ ၏။ ထိုအထဲ၌ ဗိုလ်လရောင်ဘွဲ့ခံ ဦး​မင်းရောင် တစ်ယောက်ကိုသာ ဗိုလ်ချုပ်​အောင်ဆန်း၏အဘိုး ဖြစ်သောကြောင့် လူသိများ၏။ (မှတ်ချက်။ ။ဗိုလ်လရောင်အမည်ခံ ဦးမင်းရောင်အား လေးတိုင်စင်စခန်း၌ အင်္ဂလိပ်တို့က ဖမ်းမိ၍ ဦးခေါင်းဖြတ် အသတ်ခံခဲ့ရ​ လေသည်။ ထိုမျိုးချစ်များ၏အကြောင်းကို ခပ်နက်နက် စဉ်းစားမိလိုက်လျှင် ရင်ကွဲမတတ်ပင် ခံစားလိုက်ရလေသည်။) (ဗမာ့တော် လှန်ရေးအဘိဓာန်-ဦးမြင့်ဝေ)

မရှက်တရားလေးပါး

ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဟူ၍ မရှက်သုံးပါး လူသိများ၏။ ယင်းအပြင် မရှက်တရား လေးပါး ဤသို့ လာ၏။

(၁)အရောင်းအဝယ်ပြု စီးပွားရှာရာတွင် မရှက်အပ်။

(၂)အတတ်ကို သင်ရာတွင် မရှက်အပ်။

(၃)အစားအစာ စားရာ၌ မရှက်အပ်။

(၄)မိမိ၏ကြင်ဘက်နှင့် မေထုန်သံဝါသ ပြုရာ၌ မရှက်အပ်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

မဟာဘုတ်-လေးထွေ

(၁)ပထဝီ (၂)​တေဇော (၃)အာပေါ (၄)ဝါယော - (မြေ၊ ​မီး၊ ရေ၊ လေ)တို့ပင် ဖြစ်၏။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

မတိုင်ပင်အပ်သည် အရပ်ရှစ်ပါး

(၁)မညီမညာသော အရပ်။

(၂)ကပွဲသဘင်အရပ်။

(၃)လေထန်သောအရပ်။

(၄)အကာ-အဖုံး ထူသောအရပ်။

(၅)နတ်တို့နေရာ။

(၆)ခရီးလမ်း။

(၇)စစ်မြေပြင်။

(၈)ရေဆိပ်။

ယင်းနေရာများတွင် တိုင်ပင်မှု မပြုအပ်။ အကျိုးပျက်လိမ့်မည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

မကြံစည်အပ်သော တရား(၄)ပါး

(၁)ဘုရားရှင်တို့၏သဗ္ဗညုတ ဉာဏ်တော်အရာကို မကြံအပ်၊ မကြံရာ၊ မကြံနိုင်။

(၂)ဈာန်ဝင်စားသော အဘိဉာဏ်၏အရာကို မကြံအပ်၊ မကြံရာ၊ မကြံနိုင်။

(၃)ကုသိုလ်ကံ-အကုသိုလ်ကံ၏အကျိုးပေးဟန်ကိုမကြံအပ်၊ မကြံရာ၊ မကြံနိုင်။

(၄)လောက၏ဖြစ်ခြင်း ပျက်ခြင်းကို မကြံအပ်၊ မကြံရာ၊ မကြံနိုင်။

ဤ(၄)ပါးကို ကြံသောသူတို့သည် စားကြွင်းကို စားသော သူရူးနှင့်တူကုန်၏။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

မီး(၁၁)ပါး

(၁)ဇာတိ။ (၂)ဇရာ။ (၃)မရဏ။ (၄)သောက။ (၅)ပရိဒေဝ။ (၆)ဒုက္ခ။ (၇)ဒေါမနဿ။ (၈)ဥပါယာသ။ (၉)လောဘ။ (၁ဝ)ဒေါသ။

(၁၁)မောဟ တို့ဖြစ်ကြ၏။ (ပဋိသန္ဓေ နေရခြင်း၊ အိုမင်းရခြင်း။ သေခြင်း။ စိုးရိမ်ပူဆွေးခြင်း။ ငိုကြွေးရှိုက်ငင်ရခြင်း။ ကိုယ်၏ဆင်းရဲ ခြင်း။ စိတ်၏ဆင်းရဲခြင်း။ ဆို့တက်မေ့မြောခြင်း။ လောဘခေါ်ရာဂမီး အလိုရမ္မက်ကြီးခြင်း။ ပစ်မှားပုတ်ခတ်ခြင်း။ အမှန်မသိ မောဟ ဖိခြင်း။) ယင်းတို့ကား သတ္တဝါတို့၏အတွင်းအပြင် နှစ်ဌာနတွင် လောင်မြိုက်စေသောကြောင့် မီး-များဟူ၏။

မေထုန်စွဲပြု မဂ်သုံးခု

မေထုန်မှု ပြုကျင့်၍ ဖြစ်သော လမ်းပေါက်ကို မဂ်-ဟုခေါ်သည်။ ရဟန်းတော်များ မပြုအပ်။ ပြုလျှင် ပါရာဇိက ကျသည်။

(၁)ပါးစပ်ခံတွင်း-မုခမဂ်။

(၂)ဣတ္ထိယအင်္ဂါဇာတ်-ပသာဝမဂ်။

(၃)စအို-ဝစ္စမဂ်။

မေထုန် မပြုအပ်​သည်အခါ​(၄)ပါး

မိမိ၏ဇနီးမယားပင် ဖြစ်စေကာမူ မေထုနသံဝါသ-မစပ်ရှက်အပ်သည်အခါလေးပါး ဟူ၏။

(၁)အကာလေ-ရောဂါရောက်၍ နာဖျားသောအခါ၊ ကိုယ်ဝန်ရင့်မာသောအခါ မပြုအပ်။

(၂)အဒေသ-ဆရာ မိဘ ညီကို မောင်ဖွား စသည်တို့ မြင်သာရာအရပ် မြင်သာရာ ကြားသာရာ အခါတွင် မပြုကျင့်အပ်။

(၃)အဓမ္မေ-ကျင့်ရိုးကျင့်စဉ် မဟုတ်ဘဲ ပမာအားဖြင့် ကျင်ကြီးစွန့်ရာမှ ကျင့်သကဲ့သို့ မပြုကျင့်အပ်။

(၄)အနင်္ဂေန-လိင်အင်္ဂါ၌ အနာမှသဖြင့် ဆေးဝါးဖြင့် ကုသနေသည့်အခါ မကျင့်အပ်။

ခရီးဝေးစွာ၊ လာသည်အခိုက်၊ ဝမ်း၌ကိုယ်ဝန်၊ ပြင်းထန်ပူဆာ၊ ရောဂါနှိပ်စက်၊ တချက်ရူးသွပ်၊ ဤလေးရပ်၊ ကာမစပ်မှု မပြုရာ (မနု ဝဏ္ဏနာဓမ္မသတ်မှ) (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

 

 

-ဆက်ရန်-