ရေး

ရေး

ရေး (ကြိ)

(၁)အက္ခရာ၊ စာ၊ သင်္ကေတ၊ ရုပ်ပုံ၊ လက္ခဏာအမှတ် စသည်တို့ကို မျက်နှာပြင် တစုံတရာ​ပေါ်၌ ဆွဲခြစ်စရာ ပစ္စည်း တမျိုးမျိုးဖြင့် မြင်သာအောင် ပြုလုပ်သည်။

(၂)ပန်းချီစသည်ကို ဆေးရောင်စသည်ဖြင့် ထင်ရှားပေါ်လွင်အောင် ပြုလုပ်သည်။

(၃)စီကုံးဖွဲ့နွဲ့သည်။ အကြောင်းအရာ တစုံတရာကို စာဖြင့် မှတ်သားတင်ပြသည်။

ရေး၊ ဦး၊ ကွမ်းရေတော်

ဦးရေးသည် စစ်ကိုင်းမင်းလက်ထက်တွင် သီဟရာဇရွှေတောင်ဘွဲ့ခံ ကွမ်းရေတော်အဖြစ် အမှုထမ်းခဲ့သည်။ သူ့တွင် မိမိ ဆိုသူ သမီးတစ်ဦး ရှိကြောင်း သိရှိရ၏။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)

ရေး၊ ဦး၊ လက်ဝဲဝင်းမှူး

ဦးရေးကို ဆံရှည်ဗိုလ်ဟူ၍ သိကြ၏။ ဦးရေးသည် သာယာဝတီမင်းလက်ထက်တွင် မင်းကြီးမဟာမင်းထင်မင်းခေါင် ဘွဲ့ခံ လက်ဝဲဝင်းမှူး ဖြစ်သည်။ သူသည် စစ်ကိုင်းမင်း၏သားတော် စကြာမင်းကလေးနှင့်တစ်နှစ်တည်း ဖွားမြင်သူဖြစ် သဖြင့် ၁၈၁၂ ခုနှစ်တွင် ဖွားမြင်ပါသည်။ မင်းကျော်သီဟဘွဲ့ကို ဦးစွာ ရရှိခဲ့ပြီး လက်ဝဲဝင်းမှူးအဖြစ် အမှုထမ်းနေရာမှ ၁၈၃၈ ခု၊ ဧပြီလတွင် စကြာမင်းသားနှင့်အတူ လုပ်ကြံခံခဲ့ရသည်။ ဦးရေး၏ကြင်ရာတော်မှာ အလောင်းမင်းလက် ထက် စစ်သူကြီးဗိုလ်တွန်၏သမီး ရှင်ရွှေဂုဏ်နှင့်အိမ်ရှေ့မင်းဦး​ပေါ်တို့က ဖွားမြင်သူ မြတောင်မင်းသမီး မင်းမြရိုး ဖြစ် ပါသည်။ ဦးရေးနှင့်ကြင်ရာတော် မြတောင်မင်းသမီးတို့မှ သမီး မင်းမမြရိုး၊ မမြတ်လှ၊ သား မောင်မျိုးထွန်း၊ မောင်မျိုး ညွန့်တို့ကို ဖွားမြင်ပါသည်။ ဦးရေးနှင့်ဇနီးတို့ လုပ်ကြံခံရစဉ် သမီးနှစ်ဦးကို စကြာဒေဝီ(နောင် မင်းတုန်းမင်း၏မိဖုရား ခေါင်)က ကယ်တင်ခဲ့ပြီး သားနှစ်ဦးမှာမူ အောက်ပြည်သို့ ​တိမ်းရှောင်ခဲ့ကြသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)

ရေး၊ ဦး၊ အကြီးတော်

ဦးရေးသည် စစ်ကိုင်းမင်းလက်ထက်တွင် အကြီးတော်ရာထူးဖြင့် အမှုထမ်းရွက်ရ၏။ စလင်းမင်းသားကြီးဦးအို၏ လက်စွဲတော် ဖြစ်ပြီး ဦးအို၏အမိန့်အရ ရာဇဝံသဒီပကကျမ်းကို ပြုစုခဲ့သည်။ ၄င်းကျမ်းမှာ ပေ(၄)ထုပ် ရှိခဲ့သော်လည်း စလင်းမင်းသားကြီး စီရင်ခံရချိန်တွင် ဖျောက်ဖျက်ပစ်ခြင်း ခံခဲ့ရဟန် တူပါသည်။ ဦးရေးသည် အပဏ္ဏကပျို့၊ ဒွါဒဿဒ ဌိပျို့၊ ရာဇဝံသဒီပကကျမ်း၊ ရွှေလောင်းလှေတော်ဂုဏ်ချင်း စသည်များကို ပြုစုခဲ့သည်။ အကြီးတော်ဦးရေးသည် ပုခန်း မြို့ဇာတိ ဖြစ်ပြီး ဟင်္သာတမင်းသမီး၏အကြီးတော် ဖြစ်သည်။ ၁၇၇၆ ခုနှစ်ခန့်တွင် ဖွားမြင်ခဲ့ပြီး ၁၈၄၆ ခုနှစ်ခန့်၌ ကွယ်လွန်ပါသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


-ဆက်ရန်-