ရဲ

  • Print

ရဲ

ရဲ (နာမဝိ)

(၁)သတ္တိရှိသော။ (ရဲတင်း၊ ရဲရင့်၊ ရဲဝင့်စသည်ဖြင့် အသုံးများသည်။)

(၂)ဝံ့စားသော။ လွယ်ကူစွာ မဆုတ်မတွန့် လုပ်ကိုင်ပြောဆိုတတ်သော။ (ကြိယာနောက်မှဆက်၍ ကြိယာထောက် သဘောဖြင့်လည်း သုံးသည်။) "ပုညလက်စွဲ၊ ပေးကမ်းရဲက၊ ဝေးခဲရပ်မြေ၊ ကုန်စယ်ဖွေသို့။" ဓမ္မ၊ ၆၄။

(၃)အလွန်နီသော။ တောက်ပစွာ နီသော။

(ကြိ) ဝံ့စားစွာ ပြုမူသည်။ သောင်းကျန်းသည်။ ရမ်းကားသည်။ "ဤမြစ်သည် သင်ဆိုတိုင်း မိကျောင်းလင်းပိုင် ရဲ သည်။" မဟော၊ ပ။ ၃၆။

ရဲ၊ ဦး၊ စာရေးကြီး

ဦးရဲသည် မင်းတုန်းမင်းလက်ထက် အစောပိုင်းကာလတွင် စာရေးကြီးအဖြစ် အမှုထမ်းရွက်ခဲ့သည်။ ကင်းဝန်မင်းကြီး ဦးကောင်း ပြင်သစ်နိုင်ငံမှ ပြန်လည်ရောက်ရှိစဉ် ၈၊ အောက်တိုဘာ၊ ၁၈၇၄ ၌ မန္တလေးမြစ်ဆိပ်မှ ကြိုဆိုခဲ့သူများထဲ တွင် သူ့ကို စာရေးကြီးဟောင်းဟူ၍ ဖော်ပြထားပေရာ ထိုအချိန်တွင် ရာထူးမှ အနားယူလိုက်ပြီဟု မှတ်ယူရ၏။ (ကုန်းဘောင်းခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)

ရဲတင်၊ ဦး၊ စားတော်ကွမ်းရေကိုင်

ဦးရဲတင်သည် မင်းတုန်းမင်းလက်ထက်တွင် စား​တော်ကွမ်းရေကိုင်အဖြစ် အမှုထမ်းခဲ့၏။ သူသည် ၁၈၇၅ ခု၊ သီပေါ မင်းစာတော်ပြန်ရာ၌ ပါဝင်ကူညီခဲ့ရ၏။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)

ရဲတင်၊ ဦး၊ စက်ဝန်ယွန်းစုဝင်

ဦးရဲတင်သည် သီပေါမင်းလက်ထက်တွင် စက်ဝန်၊ ယွန်းစုဝန်ရာထူးများဖြင့် အမှုထမ်းခဲ့သူ ဖြစ်၏။ သူသည် ၁၉၁၂ ခု နှစ် ရတနာဂီရိသို့ သွားရောက်မည့်သူများ စာရင်း၌ ဇနီးနှင့်အတူ ပါဝင်ခဲ့သူ ဖြစ်သည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်း များအဘိဓာန်-တင်နိုင်တိုး)


-ဆက်ရန်-