ရီ

ရီ

ရီ (နာမဝိ)

(၁)အမြင်အားဖြင့် မသဲမကွဲ မှုန်ဝါးပိတ်ဆိုင်းသော။ "မင်းလွင်ကရီ၊ တိမ်ပန်းချီနှင့်" ဗုဒ်ပျို့၊ ၁။

(၂)အရောင်အား ဖျော့တော့သော။ ​အလင်းရောင်အားလျော့သော။ "ညရီသောအခါကသည် သန်းခေါင်တိုင်အောင်။" ပါရာ။ ၅၅။

ရီ (နာမ်)

ယက်ကန်းတွင် တိုင်ချည် လေးပင်တတွဲ။


-ဆက်ရန်--

ရိ

ရိ

ရိ (နာမဝိ)

(၁)နူးမွလွန်းသော။ စုတ်ပြတ်လွယ်အောင် ဆွေးမြေ့သော။

(၂)ညှိုးနွမ်းသော။ ပင်ပန်းနွမ်းနယ်သော။ နုံးလျသော။

(ကြိ)သူတစ်ပါး မခံသာအောင် မထိတထိ ပြောဆိုသည်။


-ဆက်ရန်-


(နာမ်)

ဗျည်း(၃၃)လုံးတွင် (၂၇)လုံးမြောက်ဗျည်း။ ရကောက်ဟုခေါ်သည်။ ရကြီးဟူ၍လည်း ခေါ်ကြသည်။ (ပါဠိဘာသာဝေါ ​ဟာရများကို ရွတ်ဆိုရာတွင် လျှာလိပ်သံနှင့် ရွတ်ဆိုရသည်။)


ဗျည်းတို့၏ ၂၇ လုံးမြောက် အက္ခရာ ဖြစ်သည်။ ဝဂ်အစီအစဉ်အရ အစုမဟုတ်သော အ-ဝဂ် ဖြစ်သည်။ ပြင်းပြင်း ရွတ်ဖတ်ရသော ဃောသအက္ခရာ ဖြစ်သည်။ အသံ၏ဖြစ်ပေါ်ရာ အရပ်ဌာန်အားဖြင့် လျှာထိပ်အရပ်မှ ဖြစ်သော မုဋ္ဌ ဌာန်ဖြစ်သည်။ နှုတ်ခမ်းဖြင့် အနည်းငယ် ထိ၍ ရွတ်ဖတ်ရခြင်း ဖြစ်သော ဖုဋ္ဌပယတ်လည်း ဖြစ်သည်။ ဖြစ်ခြင်း အကြောင်း ကရိုဏ်းအားဖြင့် ၄င်း၏ဌာန်ဖြစ်သော ဇိဝှေါပက္ခကရိုဏ်း ဖြစ်၍ ရကောက်ဟု ခေါ်သည်။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


ရခိုင်ပြည်နှင့်လေမုန်တိုင်း

မြန်မာ့ပင်လယ် ကမ်းရိုးတန်း ဒေသတွင် တည်ရှိသော ရခိုင်ပြည်နယ်သည် လေမုန်တိုင်းဒဏ် အခံရဆုံး ဒေသတစ်ခု ဖြစ်သည်။ လေမုန်တိုင်းတွင်လည်း အားကြီးသော လေမုန်တိုင်း၊ အားသေးသော လေမုန်တိုင်းနှင့်သာမန် လေမုန်တိုင်း ဟူ၍ ရှိရာ ရခိုင်ဒေသသည် လေမုန်တိုင်း အမျိုးမျိုးဒဏ်ကို အောက်ဖော်ပြပါ နှစ်များအတွင်းက ခံစားခဲ့ရကြောင်း သိ ရသည်။

၁၈၈၄ ခုနှစ်၊ မေလ ၁၄-၁၇။ (စစ်တွေ လေမုန်တိုင်း)

၁၈၉၅ ခုနှစ်၊

၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၂၁ မှ ၂၄။

၁၉ဝ၈ ခုနှစ်၊ နိုဝင်ဘာလ၊

၁၉၁ဝ ခုနှစ်၊ ဧပြီလ ၁၃-၁၆ နှင့် နိုဝင်ဘာ ၁၃-၁၄၊

၁၉၁၄ ခုနှစ်၊ ဇွန် ၂-၃ နှင့် ဒီဇင်ဘာ ၁၉-၂၁၊

၁၉၁၆ ခုနှစ်၊ မေ ၄-၆၊

၁၉၂၂ ခုနှစ်၊ နိုဝင်ဘာ ၈-၁ဝ၊

၁၉၂၆ ခုနှစ်၊ မေလ၊ အောက်တိုဘာ ၁၈၊

၁၉၂၉ ခုနှစ်၊ နိုဝင်ဘာ ၁၂၊

၁၉၃ဝ ခုနှစ်၊ မေ၊

၁၉၃၆ ခုနှစ်၊ ဧပြီ ၂၆။ (ကျောက်ဖြူလေမုန်တိုင်း)

၁၉၃၇ ခုနှစ်၊ မေ ၁၈၊

၁၉၄၅ ခုနှစ်၊ ဧပြီ ၂၈ မှ မေ ၃ ရက်၊

၁၉၄၈ ခုနှစ်၊ အောက်တိုဘာ ၈။ (စစ်တွေလေမုန်တိုင်း)

အထက်ပါ လေမုန်တိုင်းများအနက် ၁၉၁၄ ခုနှစ်တွင် တိုက်သော မုန်တိုင်းကြောင့် စစ်တွေ၊ ကျော်ဖြူနှင့်တောရွာအချို့ ၌ အပျက်အစီး များပြီး လူအသေ အပျောက် ရှိသည်။ ၁၉၃၆ ခုနှစ်တွင် တိုက်သော လေမုန်တိုင်းကြောင့်လည်း သံတွဲ ခရိုင်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲကျွန်းနှင့်မာန်အောင်ကျွန်းတွင် ပင်လယ်ရေ အတောင် ၂ဝ ခန့်အထိ တက်သည်။ ၁၉၄၅ ခုနှစ်တွင် တိုက်သော လေမုန်တိုင်းကြောင့်လည်း အပျက်အစီးနှင့် ဆုံးရှုံးမှုများ ရှိခဲ့သည်။ စစ်ပြီးစ ကာလဖြစ်၍ ရေ ဘေးဒုက္ခသည်များ ထိရောက်သည့် အကူအညီ မရခဲ့ကြပေ။ ၁၉၄၈ ခုနှစ်တွင် တိုက်သော လေမုန်တိုင်းမှာ စစ်တွေ၌ လူအသေအပျောက် ရှိပြီး ပျက်စီးဆုံးရှုံးမှု သိန်း ၁ဝဝ ​ကျပ် ရှိသည်ဟု ဆိုသည်။ (ကိုလိုနီခေတ် မြန်မာသမိုင်း အဘိဓာန် - မြဟန်)


ရတနာ ကိုးပါး - ဆယ်ပါး

နဝရတ်ကိုးထွေကို ရတနာ(၉)ပါး ဟူ၍လည်း ယူကြ၏။ ဝိနည်းတော်တွင် (မုတ္တာ-ပုလဲ၊ မဏိ-မြ၊ ဝေဠုရိယ-ကြောင် မျက်ရွဲ၊ သင်္ခ-ခရုသင်း၊ သိလာ-ကျောက်သလင်း၊ ပဝါဠ-သန္တာ၊ ရဇတ-ငွေ၊ ဇာတရူပ-ရွှေ၊ လောဟိကင်္ဂ-ပတ္တမြားနီ၊ မသာရဂလ္လ-ပတ္တမြားပြောက်) ဆယ်ပါးတို့ကို ရတနာဆယ်ပါး ဟူ၍ ဆို၏။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ရတနာခုနစ်ထွေ

လောကီရတနာများ ဖြစ်ကြသော (ရွှေ၊ ငွေ၊ ပုလဲ၊ ပတ္တမြား၊ ကြောင်မျက်ရွဲ၊ စိန်၊ သန္တာ)တို့ ဖြစ်ကြ၏။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


ရတနာပုံ နေပြည်တော် သတင်းစာ (၁၈၇၄) (Mandalay Gazettee)

မန္တလေးမြို့မှ ပထမဆုံး ထုတ်သည့် သတင်းစာ ဖြစ်သည်။ ၁၈၇၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် စတင် ထုတ်ဝေသည်။ အယ်ဒီတာများမှာ ဦးအဟီး နှင့် ဘိုးဝဇီရတို့ ဖြစ်သည်။ တစ်လ လေးကြိမ်ထုတ် သတင်းစာ ဖြစ်သည်။ သတင်းစာ၏ အရွယ်အစားမှာ ၁၁" x ၉" ဖြစ်သည်။ ၁၈၈၅ ခုနှစ်တွင် ရပ်စဲသည်။ သတင်းစာကို ရတနာပုံ ရွှေနန်းတော် စာပုံနှိပ်စက် တွင် ရိုက်သည်။ (ကိုလိုနီခေတ် မြန်မာသမိုင်း အဘိဓာန် - မြဟန်)


ရတနာပုံ စက်ရုံများ

မန္တလေးခေတ်တွင် မြန်မာမင်းများ၊ အထူးသဖြင့် မင်းတုန်းမင်းသည် စက်မှုလုပ်ငန်း ထူထောင်ရန် ကြိုးပမ်းခဲ့သည်။ တိုးတက် ခေတ်မီသော နိုင်ငံကြီးများ အထူးသဖြင့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများနှင့် ဆက်ဆံရပြီး​သည့် နောက်ပိုင်းတွင် ထိုနိုင်ငံများ၏ စီးပွားရေးဩဇာသည် မြန်မာနိုင်ငံအပေါ် အနည်းနှင့်အများ လွှမ်းမိုးလာခဲ့၏။ တချိန်တည်း၌ အန္တရာယ်နှင့် ကြုံတွေ့နေရသော မြန်မာ့လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန်မှာ ခေတ်မီသော စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု ရှိရန် လိုအပ်ကြောင်း မင်းတုန်းမင်း သိနားလည်ခဲ့၏။ ထို့ကြောင့် မြန်မာနိုင်ငံ​တွင် ခေတ်မီ စက်မှုလုပ်ငန်း ထူ​ ထောင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် စက်မှုလုပ်ငန်းကို စတင် ဆောင်ရွက်ရခြင်းကြောင့် လုပ်ငန်း မကျွမ်းကျင်ခြင်း၊ နိုင်ငံခြားသား ကျွမ်းကျင် တတ်မြောက်သူများနှင့် နိုင်ငံခြား စက်ပစ္စည်းများကိုသာ လုံးဝအားကိုး မှီခိုရခြင်း၊ ဗြိတိသျှ အစိုးရက ဝင်ရောက်နှောင့်ယှက်ခြင်း၊ နိုင်ငံခြားသား အဝယ်တော်များ၊ ကုမ္ပဏီများ၏ မရိုးဖြောင့်ခြင်းတို့ကြောင့် အကျိုး ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းခဲ့ပေ။ မင်းတုန်းမင်း၏ညီ အိမ်ရှေ့မင်းသား ကနောင်မင်းသည် ဤစက်ရုံ များအားလုံးကို ကြီးကြပ် အုပ်ချုပ် လုပ်ကိုင်ခဲ့သည်။

မင်းတုန်းမင်း လက်ထက် တည်ဆောက်ခဲ့သော စက်ရုံများမှာ ဦးရေ ၅ဝ ကျော်သည်ဟု သိရသော်လည်း အမျိုးအမည် အားဖြင့် ဒင်္ဂါးစက်ရုံ၊ ရက်ကန်းစက်ရုံ၊ စပါးစက်ရုံ၊ အမြောက်သေနတ် စက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ တံဆိပ်စက်ရုံ၊ ရေစက်ရုံ၊ ဝါကြိတ်စက်ရုံ၊ မီးစက်ရုံ၊ မဲနယ်စက်ရုံ၊ သင်္ဘောစက်ရုံ၊ သံစက်ရုံ၊ သံဖိုစက်ရုံ တို့လောက်သာ သိရသည်။ ထို့ပြင် ရွေဘော်စက်၊ ဝန်ချီစက်၊ ပွတ်ခံစက်၊ ဖောက်စူးစက်၊ သံပြားကြိတ်စက် စသော စက်ကရိယာများကိုလည်း ဝယ် ယူ တည်ဆောက်သေးသည်။ စက်ရုံများ၌ အသုံးပြုရန် ဖြစ်ဟန် တူသည်။ ကနောင်မင်းသား အနိစ္စ ရောက်ပြီးနောက် ၁၈၇၂ ခု၊ မေလတွင် မင်းတုန်းမင်းသည် ယင်းစက်ရုံများ အုပ်ချုပ်စေရန်အတွက် သားတော် မက္ခရာ မင်းသားအား လွှဲ အပ်သည်။ အဆိုပါစက်ရုံများတွင် စက်ရုံ ၉ ရုံကိုသာ အတိအကျ အထောက်အထားနှင့် အခိုင်အမာ လေ့လာ၍ ရသည် ၄င်းတို့မှာ အမြောက်သေနတ်စက်ရုံ၊ ရက်ကန်းစက်ရုံ၊ သင်္ဘောစက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ သံစက်ရုံ၊ ဒင်္ဂါးစက်ရုံ၊ မဲနယ်စက်ရုံ၊ စစ်ကိုင်း သံဖိုစက်ရုံတို့ ဖြစ်​သည်။ ဤစက်ရုံများတွင် လုပ်ကိုင်ရန် နိုင်ငံခြား ကျွမ်းကျင်သူ အတတ်ပညာ ရှင်များကို ငှားရမ်းရ၏။ မြန်မာလူငယ် ပညာတော်သင်များကို အင်္ဂလန်၊ အိန္ဒိယ စသော နိုင်ငံများသို့ စေလွှတ် ပညာ ​သင်စေရ၏။ အလုပ်ရုံ အတွင်း၌လည်း အလုပ်သင်အဖြစ် နိုင်ငံခြားစက်မှု ကျွမ်းကျင်သူများနှင့် တွဲဖက် လုပ်ကိုင်စေရ ၏။ နောင်အခါတွင် စက်ရုံများကို မြန်မာများ ဦးစီး လုပ်ကိုင်ခဲ့ကြသည်။

အမြောက်သေနတ်စက်ရုံ

ရတနာပုံ နေပြည်တော်၌ ၄ ရုံ ရှိသည်။ နန်းတွင်းမြို့၌ ၂ ရုံ၊ မြို့မြောက်ပြင် အမရစံခေါင်ရပ် ရွှေတချောင်း ကမ်းပါး၌ ၁ ရုံ၊ မြို့အနောက်ပြင် သင်္ဂဇာချောင်း ကမ်းပါး၌ ၁ ရုံ တည်ရှိသည်။ ၄င်းစက်ရုံရှိ ပစ္စည်းများမှာ အင်္ဂလန်၊ ပြင်သစ်၊ အီတ လီ၊ ဆွစ်ဇာလန်နိုင်ငံလုပ် ပစ္စည်းများ ဖြစ်ကြသည်။ ၄င်းစက်ရုံများ၌ ဗထက်ချိုက်သေနတ်၊ တူမီးသေနတ်၊ အမြောက် ကြီးငယ်များ၊ ရေမြှုပ်ဗုံးများ ပြုလုပ်နိုင်သည်။

ရက်ကန်းစက်ရုံ

ရတနာပုံ မြို့တော် မြောက်ပြင် အမရစံခေါင်ရပ် ရွှေတချောင်း အရှေ့ဘက်ကမ်း၌ ရှိသည်။ ၁၈၇၂ ခုနှစ်၌ တည်ဆောက် ပြီးသည်။ အင်္ဂလန်လုပ် စက်ပစ္စည်းဖြင့် တပ်ဆင်ထားသည်။ စက်ရက်ကန်းစင် ၈ဝ ခန့်၊ ရက်ဖောက်တန် ၁၅ဝဝ ခန့် ပါဝင်သည်။ ယင်းစက်ရုံမှာ လှသိင်္ဂီ ကဲ့သို့သော ပိတ်ကြမ်းမျိုးသာ ရက်လုပ်နိုင်သည်။ မြန်မာပြည်မှ ထွက်သော ဝါမှာ မကောင်းသောကြောင့်ဟု ဆိုသည်။ ထိုပိတ်ကြမ်းကို အဝါရောင် ဆိုး၍ သင်္ကန်း ချုပ်လုပ်သည်။ (နှစ် ၂​ဝဝ မြန်မာနိုင်ငံ သမိုင်း အဘိဓာန် - ဦးစိန်မြင့်)


ရတနာ ဝတ်ဆင်ရန် အချိန်

နံနက်အခါတွင် နီလာ၊ မြ၊ ပတ္တမြား၊ ကြောင်၊ သန္တာ။

နေလွဲအခါတွင် ပုလဲ၊ ဂေါ်မုတ်၊ ဥဿဖယား၊ စိန်။

အကျိုးပြ။ ။အထက်ဖော်ပြပါ အချိန်အခါ အားလျော်စွာ ကျောက်မျက်ရတနာတို့ကို ဝတ်ဆင်ပါက လူအပေါင်းတို့ ချစ် ခင်၍ လက်ဆောင်ပဏ္ဏာ ရကြောင်း ကျမ်းတွင် ဆိုထားသည်။ (ဗဟုသုတပုလဲပန်းကုံး)


ရတနာသုံးပါး

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာများ ဖြစ်ကြ၏။ လောက၌ အမြတ်ဆုံး ရတနာများပင်တည်း။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


ရတု ကဗျာ မျိုးလေးဖြာ

ကဗျာရေးရာတွင် ရတုရေးနည်း(၄)မျိုး ဟူ၍-

(၁) တစ်ပိုဒ်တည်းနှင့် အဓိပ္ပါယ် ပြည့်အောင် ရေးသော ဧကပိုဒ်ရတု။

(၂) ပိုဒ်မစုံ အဆုံးမသတ်သော အဖြည့်ခံရတု။

(၃) သုံးပိုဒ်နှင့် ပြီးသော ပိုဒ်စုံရတု။

(၄) လေးပိုဒ်ထိရေးသော ပိုဒ်များ ရတု။ (မြန်မာမှုအဘိဓာန် - ​မောင်ဇနိယ)


ရတု ချီချ ၂၅ မျိုး

ကဝိကဏ္ဍပါသ ကျမ်းခေါ် ကဗျာဖွဲ့နည်းကျမ်းတွင် ရတုအချီအချ ၂၅ မျိုးကို ဤသို့ ပြ၏။ (ထူးဆန်းထွေလာ၊ ညွန့်ရှင်၊ ပေါက်ပြငုံဖူး၊ ပုလဲသွယ်၊ လည်ကုပ်ချီ၊ အဖျားကောက်၊ ရွှေလောင်းပျံ၊ သော်တာရောင်၊ ကက္ကူဆူး၊ နေရောင်ခြည်ပြေး၊ ဖျောက်ဆိပ်လလယ်၊ ညွန့်ဟုံခိုင်ညွန့်ခက်ဖြာ၊ မဏိဆံကျင်၊ အာသာဝတီဝစ္ဆံ၊ မဏိဦးပြည်းဇော်တခိုင်လုံး၊ မပြတ်ကေ သာ၊ ဇမ္ဗူ့သပြေသီးမှည့်၊ ချိန်ခွင်လျှာ၊ ဘီလူးရယ်၊ စာကျိုး၊ စာဆန်း၊ စာတုံး) (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


ရတု ချီချ ၄၁ မျိုး

ကဗျာသာရတ္ထကျမ်းတွင် ရတုချီချ ၄၁ မျိုး ပြ၏။ (ခိုင်ညွန့်ခက်ဖြာ၊ မဏိဆံကျင်၊ အာသာဝတီဝစ္ဆံ၊ မဏိဦးပြည်း၊ ဇော်တခိုင်လုံး၊ မပြတ်ကေသာ၊ ဇမ္ဗူ့သပြေသီးမှည့်၊ ထူးဆန်းထွေလာ၊ ညွန့်ရှင်၊ ပေါက်ပြ၊ ငုံဖူး၊ ပုလဲသွယ်၊ လည်ဂုပ်ချီ၊ အဖျားကောက်၊ ရွှေလောင်းပျံ၊ တော်သာရောင်၊ ကက္ကူဆူချီချ၊ နေခြည်ရောင်ပြေး၊ ဖျောက်ဆိပ်လလယ်၊ ညွန့်ဟုံ၊ ချိန်ခွင်လျှာ၊ ဘီလူးရယ်၊ စာကျိုး၊ စာတုံးစာဆန်း၊ အစပြတ်၊ စပါယ်ချီ-ချ၊ မြင်းဆက်ခွ၊ မြင်းဆက်ခွန့်ပွဲ့ကဆီ၊ ဝမ်းဗိုက် ကြီး၊ လည်တို၊ ညွန့်တက်၊ ညွန့်လမ်း၊ ညွန့်တုံး၊ ပိုဒ်စုံစကြာ၊ ကိုယ်တွင်းပြည့်၊ စာဖြတ်၊ စာရိ၊ တောင့်တဲ့တွန့်၊ သုံးလွန်း တင်) (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ရတု ခြောက်ပါး

(၁) တပေါင်းလပြည့်ကျော် (၁)ရက်နေ့က ကဆုန်လပြည့်​တိုင် နှစ်လသည် ဂိမ္မန္တရတု။

(၂) ကဆုန်လပြည့်ကျော် (၁)ရက်က ဝါဆိုလပြည့်တိုင် နှစ်လသည် နိန္ဒာဟရတု။

(၃) ဝါဆိုလပြည့်ကျော် (၁)ရက်က တော်သလင်းလပြည့်တိုင် နှစ်လသည် ဝသန္တရတု။

(၄) တော်သလင်းလပြည့်ကျော် (၁)ရက်ကစ၍ တန်ဆောင်မုန်း လပြည့်တိုင် နှစ်လသည် သာရဒရတု။

(၅) တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်ကစ၍ ပြာသိုလပြည့်တိုင် နှစ်လသည် ဟေမန္တရတု။

(၆) ပြာသိုလပြည့်ကျော် (၁)ရက်ကစ၍ တပေါင်းလပြည့်တိုင် နှစ်လသည် သိသီရ ရတု။ (ဗဟုသုတ ပုလဲပန်းကုံး)


ရတု ၆ ပါး

မြန်မာ ဘယဆေး ဖေါ်စပ်ရာ၌ ဗေဒင်ပညာရှင်တို့ တွက်ချက် အသုံးပြုရန်အတွက် တစ်နှစ်တာရှိ ၁၂ လကို အပိုင်း ၆ ပိုင်း ပိုင်းခြားထားသည်။ နေ-လ-နက္ခတ်တို့၏ လှည့်ပတ်သွားလာသည့် အနေအထား အလိုက် ခွဲခြား သတ်မှတ်ခြင်း ဖြစ်သည်။ ယခု စန္ဒရမာသ-လ၏လှည့်ပတ်ခြင်း အလိုအားဖြင့် ခွဲခြား သတ်မှတ်ထားသည့် ရတု ၆ ပါးကို ဖော်ပြလိုက် သည်။

(၁) သသိရ-သိသိရ ရတု။ ။ပြာသိုလဆန်း ၁၅ ရက် ညဉ့် ၂ ချက်တီးကျော် အချိန်မှစ၍ တပေါင်းလဆန်း ၁၅ ရက်နေ့ ညဉ့် ၂ ချက်တီးအထိ။

(၂) နိန္ဒြ-ဝသန္တ ရတု။ ။တပေါင်းလဆန်း ၁၅ ရက် ညဉ့် ၂ ချက်တီးကျော်ကစ၍ ကဆုန်လပြည့်​နေ့ ၂ ချက်တီးအထိ။

(၃) ဂိမှန္တဟိန္ဒရတု။ ။ကဆုန်လဆန်း ၁၅ ရက် ညဉ့် ၂ ချက်တီးကျော်မှစ၍ ဝါဆိုလပြည့်နေ့ ညဉ့် ၂ ချက်တီးအထိ။

(၄) ဝဿန္တ-ဝဿနရတု။ ။ဝါဆိုလဆန်း ၁၅ ရက် ညဉ့် ၂ ချက်တီးကျော်မှစ၍ တော်သလင်း လဆန်း ၁၅ ရက် ညဉ့် ၂ ချက်တီးချိန်အထိ။

(၅) သာရဒ-သရဒ ရတု။ ။တော်သလင်း လပြည့်နေ့ ညဉ့် ၂ ချက်တီးကျော်မှစ၍ တန်ဆောင်မုန်းလဆန်း ၁၅ ရက်​ ညဉ့် ၂ ချက်တီးချိန်အထိ။

(၆) ဟေမ-ဟေမန္တ ရတု။ ။တန်ဆောင်မုန်း လပြည့်နေ့ ညဉ့် ၂ ချက်တီးကျော်မှစ၍ ပြာသို လဆန်း ၁၅ ရက် ညဉ့် ၂ ချက်တီးချိန်အထိ။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


ရပလ (၁၉၄၆)

ရပလ ဆိုသည်မှာ ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့၏ အတိုကောက် အခေါ် ဖြစ်သည်။ ရပလကို ၁၉၄၆ ခု၊ စက်တင် ဘာလ ၂ဝ ရက်နေ့တွင် ဖွဲ့သည်။ အဖွဲ့၏အဓိက ရည်ရွယ်ချက်မှာ မြန်မာပြည်မနှင့်ပူးပေါင်းပြီး လွတ်လပ်ရေး အရယူ ရန်နှင့်ပဒေသရာဇ်စနစ် တိုက်ဖျက်ရေး ဖြစ်သည်။ ထိုရည်ရွယ်ချက်များအတွက် ပြည်မရှိ ဖဆပလနှင့်ဆက်သွယ်၍ စည်းရုံးလှုပ်ရှားခဲ့သည်။ ရပလ၏ ပထမဆုံး အမှုဆောင်အဖွဲ့မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဒေါက်တာ ခွန်သာအေး    ဥက္ကဋ္ဌ

၂။ ဦးထွန်းမြင့် (တောင်ကြီး  ​အထွေထွေအတွင်းရေးမှူး

၃။ ဦးဘအေး                     ဘဏ္ဍာရေးမှူး

၄။ ဦးစံဖေ (ပန်းချီပန်းပုဆရာ) ပြန်ကြားရေး

၅။ ဦးထွန်းဖေ                    စည်းရုံးရေး

၆။ ဦးအုန်းဖေ (လွယ်လင်)   အမှုဆောင်အဖွဲ့ဝင်

၇။ ဗိုလ်ဘရီ                       အမှုဆောင်အဖွဲ့ဝင်

၈။ ဦးစံတင့် (စာရေးဆရာ)  အမှုဆောင်အဖွဲ့ဝင်

၉။ ဦးလှမင်း (မိုးနဲ)            အမှုဆောင်အဖွဲ့ဝင်

၁ဝ။ ဦးအေးမောင်(မိုးမိတ်)  အမှုဆောင်အဖွဲ့ဝင်

၁၁။ ဦးသန်းဖေ(မိုးမိတ်)      အမှုဆောင်အဖွဲ့ဝင်

၁၂။ ဦးထွန်းဦး(သီပေါ)        အမှုဆောင်အဖွဲ့ဝင်

ရပလ ဖွဲ့ပြီး နှစ်လခန့် အကြာတွင် ရပလကို "ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးအဖွဲ့" ဟု အောက်ပါ အမှုဆောင်များ ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

၁။ ဦးခွန်စော        ဥက္ကဋ္ဌ

၂။ ဦးဘစံ            ဒု-ဥက္ကဋ္ဌ

၃။ ဦးထွန်းမြင့် (တောင်ကြီး) အထွေထွေ အတွင်းရေးမှူး

၄။ ဦးထွန်းအံ့ (ညောင်ရွှေ)    တွဲဖက်အထွေထွေအတွင်းရေးမှူး

၅။ ဦးတင်အေး       ပညာရေးမှူး

၆။ ဦးထွန်းဖေ        ပြန်ကြားရေးမှူး

၇။ ဦးရွှေအုန်း         ဘဏ္ဍာရေးမှူး

၈။ ဦးခွန်ထီး(ပင်လုံ) စည်းရုံးရေးမှူး (ကိုလိုနီခေတ် မြန်မာသမိုင်း အဘိဓာန် - မြဟန်)


ရသကချိုင်သည် (မရ-ရရာယူသည်)

(အချို့ ဒသကချိုင်သည်ဟု မှား၍ သုံးကြသည်) ဤစကားမှာ မ​ဟာသုတသောမဇာတ်တော်၌ လူသားစားကြူးသော ပေါရိသာဒ ဗြဟ္မဒတ်မင်းသည် လူသားကို မိမိ၏တပည့် "ရသက"အား ရှာဖွေစေရာ မည်သည့်နည်းနှင့်မျှ လူသားကို မရနိုင်သောအခါ တပည့်ရသကကိုပင် သတ်၍ စားလေသည်။ ဤဇာတ်လမ်းကို စွဲ၍ "မရလျှင်-ရသကချိုင်သည်"ဟူ၍ ဆိုကြသည်။ မရသာသည့်အဆုံးတွင် ရတတ်သမျှ အခွင့်အရေးကို ခြစ်ချုပ်ရယူခြင်း၊ နောက်ဆုံး မပြုသင့် မပြုအပ် သည်ကိုပင် မရှောင်တော့ဘဲ မိမိအကျိုးကို ပြည့်စေရန် အားထုတ် ဆောင်ရွက်ခြင်းတို့ကို တင်စား၍ ရသက ချိုင်သည် ဟုပင် သုံးနှုန်းကြလေသည်။ (မြန်မာဘန်းစကား-လှသမိန်)


ရသေ့(၈)မျိုး

(၁)သပုတ္တဘရိယာရသေ့ - ပစ္စည်းဥစ္စာများ စုဆောင်း၍၍ သားသမီး မယားနှင့်နေသော ရသေ့။

(၂)ဥဉ္ဆာစရိယရသေ့ - ကောက်သင်းကောက်စားသော ရသေ့။

(၃)အနဂ္ဂိပက္ကိကရသေ့ - ဆန်စသည်ကို အလှူခံ၍ ချက်စားသော ရသေ့။

(၄)အသာမပါကရသေ့ - ဆွမ်းအကျက်ကို ခံစားသော ရသေ့။

(၅)အသ္မမုဋ္ဌိကရသေ့ - သစ်ခေါက်သစ်ခွံ ခွာ၍ ထောင်းထုစားသော ရသေ့။

(၆)ဒန္တဝက္ကလိကရသေ့ - မိမိသွားဖြင့်သာ ကိုက်ခွာ၍ စားသော ရသေ့။

(၇)ပဝတ္တဖလဘောဇနရသေ့ - သစ်သီး စသည်များကို ခြွေဆွတ်၍ စား​သော ရသေ့။

(၈)ပဏ္ဍုပလာသိကရသေ့ - အလိုအလျောက် ကြွေကျလာသော အပွင့် အသီးတို့ကိုသာ စားသော ရသေ့။ (သဠာယတ နသံယုတ်)


ရဟန်းကျင့်ဝတ် (၆)ပါး

(၁)မကောင်းမှုကို တားမြစ်ခြင်း။

(၂)ကောင်းမှုကို ညွှန်ပြခြင်း။

(၃)မကြားနာရသေးသော တရားကို ဟောကြားခြင်း။

(၄)ကြားနာပြီးသော တရားကို အကျယ်ဟောပြောခြင်း။

(၅)နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း တရားကို ဟောပြောခြင်း။

(၆)မေတ္တာပို့သခြင်း။ (ဗဟုသုတပုလဲပန်းကုံး)


ရဟန္တာ အပြားမျိုး (၄)ပါး

သုက္ခ​ဝိပဿက ရဟန္တာ၊ သမထနိယျာနိကရဟန္တာ အားဖြင့် (၂)ပါးရှိရာ သဒ္ဓါဓူရနှစ်ပါး ပညာဓူရအားဖြင့် နှစ်ပါး ပြားသဖြင့် ရဟန္တာမျိုး (၄)ပါး ဖြစ်သည်။ (​မြန်မာမှု အဘိဓာန် - မောင်ဇနိယ)



 

 


-ဆက်ရန်-

ရာ

ရာ


ရာ (ကြိ)

ထိုက်သင့်လျော်ကန်သည်။

(စည်း)ဖြစ်သင့်ဖြစ်ထိုက် ဖြစ်နိုင်ဖွယ်ရှိကြောင်းကို ဖော်ပြရန် ကြိ​ယာနောက်မှ ဆက်တွဲသော စကားလုံး။ "အားထုတ်မှု သည် အကျိုးများရာ၏။" တင်းစာ။


ရာ၊ ဦး၊ အတွင်းဝန်

ဦးရာသည် ဗဒုံမင်းလက်ထက်တွင် သံတော်ဆင့်ရာထူးမှ ရာဇနန္ဒကျော်ဘွဲ့ဖြင့် အတွင်းဝန်အရာ တိုးမြှင့်ခန့်အပ်ခံခဲ့ရ ၏။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


ရာကျော်၊ ဦး၊ စာရေးတော်ကြီး

ဦးရာကျော်သည် သီပေါမင်းလက်ထက်တွင် စာရေးတော်ကြီးရာထူးဖြင့် အမှုထမ်းခဲ့ရ၏။ သူသည် အင်္ဂလိပ်ခေတ်တွင် လည်း မန္တလေးတိုင်းသတင်းစာ၌ အယ်ဒီတာအလုပ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဦးရာကျော်သည် မင်းတုန်းမင်း၏ ကုသိုလ်တော်ဘုရားများ အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့ဖူးပါသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန် -တင်နိုင်တိုး)


ရာဇဂုဏ် (၈)ပါး

(၁)နှိပ်နင်း ချီးမြှောက်ခြင်း၌ သိကြားမင်းကဲ့သို့ ကျင့်ခြင်း။

(၂)အခွန်အတုပ်ကို ဖြည်းဖြည်း ဆောင်ယူခြင်း၌ နေကဲ့သို့ ကျင့်ခြင်း။

(၃)သူလျှိုဖြင့် အမှုမျိုးကို သိအောင် ပြုခြင်း၌ လေကဲ့သို့ ကျင့်ခြင်း။

(၄)ချစ်သည် မုန်းသည် မရှိ၊ တရားနှင့်အညီ ဒဏ်ပေးခြင်း၌ ယမမင်းကဲ့သို့ ကျင့်ခြင်း။

(၅)ဥစ္စာ စည်းစိမ်ကို မတောင့်တခြင်း၌ မဟာသမုဒ္ဒရာကဲ့သို့ ကျင့်ခြင်း။

(၆)ကိုယ်တော်ကို လူတကာတို့ မြင်လျှင် ရွှင်စေခြင်း၌ လပြည့်ဝန်းကဲ့သို့ ကျင့်ခြင်း။

(၇)ပြည်တိုင်းကား အမှုကို ကောင်းစွာ ဆောင်တော်မူခြင်း၌ မြေကြီးကဲ့သို့ ကျင့်ခြင်း။

(၈)သူရဲသူခက်တို့အား မျိုးရိက္ခာ ဝေဖန်တော်မူခြင်း၌ ပဇ္ဇုန်နတ်ကဲ့သို့ ကျင့်ခြင်း။ (ဗဟုသုတပုလဲပန်းကုံး)


ရာဇဂုဏ် (၆)ပါး

သန္ဓိဂုဏ်၊ ဝိဂ္ဂဟဂုဏ်၊ ယာနဂုဏ်၊ အာသနဂုဏ်၊ ဒွိစာဂုဏ်၊ အာသယဂုဏ် တို့ဖြစ်ကြ၏။

(၁) ရန်သူနှင့်သင့်အောင် လက်ဆောင်ပေး စေ့စပ်ခြင်း။

(၂) နိုင်ငံတစ်ပါးနှင့်စစ်ထိုး အောင်နိုင်ခြင်း။

(၃) စစ်ယာဉ်ရထား ရှိခြင်း။

(၄) စစ်မှုစစ်ခင်းအတွက် နေရာကောင်းကို ရခြင်း။

(၅) ရန်သူ၏စစ်အင်အားကို ကွဲပြားစေနိုင်ခြင်း။

(၆) မဟာမိတ်နိုင်ငံများ ရှိခြင်း။ (​မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ရာဇတ်၊ ဦး (၁၈၉၈-၁၉၄၇)

အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာအေရာမန်နှင့် ဒေါ်ညိမ်းလှတို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး ဝက်စလီ​ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်သပိတ်တွင် ပါဝင်ခဲ့သည်။ ၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်းကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခု တွင် အမျိုးသားကောလိပ်မှ ဘီအေဘွဲ့ ရသည်။ ထို့နောက် မန္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းအုပ် အဖြစ် တာဝန်ယူခဲ့သည်မှာ ၁၉၄၁ ခုနှစ်အထိ ဖြစ်သည်။ ဗဟိုအမျိုးသား အထက်တန်းကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာ သင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့်လက်ထပ်သည်။ ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ မြန်မာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီဝင်တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်​သော ကြားဖြတ်အစိုးရ အဖွဲ့တွင် ပညာရေးနှင့်အမျိုးသား စီမံကိန်းဌာနဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လုပ် ကြံခံခဲ့ရသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ (ကိုလိုနီခေတ် မြန်မာသမိုင်း အဘိဓာန် - မြဟန်)


ရာမ (၃)ပါး

(၁) ဘုရားအလောင်းရာမ။

(၂) ယိုးဒယားရာမ။

(၃) အိန္ဒိယဗသျှုရာမတို့ ဖြစ်ကြ၏။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)




-ဆက်ရန်-