မြစေတီနှင့်ငဆောင်ချမ်း

 

မြစေတီ၊ ရေကြည်ရစ်ပြာနှမ်း။

တောင်ညိုရိပ်ကယ်တို့

ချွေးသိပ်အောင် စီစဉ်လို့

သူ့ရင်ခွင် နားပျော်စက်စေတဲ့

ကုန်းထက်ရွာတန်း။

 

မြစေတီ ရွာအစပ်

ရှိုကပ်တဲ့မြောင်စွယ်မှာ

ရှေးဝယ်က ငဆောင်ချမ်း။

 

အုတ်ချပ်ကျိုးငယ်တို့

မြို့ရိုးပုံ မြေဝင်လို့

နှောင်းယခင် ပုဂံအတိတ်ကို

ရိုးရိပ်သစ်ဆန်း။

 

သည်နေရာ သည်အနားပေါ့

ပုဂံသားနဲ့နယ်ချဲ့သူ

စစ်မြှူကြ လက်တကမ်း။

 

သည်တဝိုက်ကယ်က

လယ်စိုက်သူ ထွန်ဖြုတ်လို့

ယာလုပ်သူ ယာခုတ်ဓားငယ်နဲ့

ကျူးကျော်သူ ဝေးရာရှားတဲ့အောင်

အားထုတ်လက်စမ်း။

 

အရေးတဲ့ဆို

မခိုကြ မကပ်တမ်း။

ဧရာရေ သက်သေပြပါလို့

မြစေတီ ဗမာ့သွေးငယ်နဲ့

အလွှာစုံ ညီအောင် ထွေးခဲ့တယ်

ရှေးက ငဆောင်ချမ်း။

ဗန်းမော်ညိုနွဲ့

မြဝတီမဂ္ဂဇင်း၊ ၁၉၇၄၊ အောက်တိုဘာ၊ အတွဲ ၂၂၊ အမှတ် ၁၂။

 

စံရာမြေ

 

ပုဂံမှာ နေချိုအေးပါဘိ

မိုးကလေး အုံ့ကာဆင်။

 

ဘုရားဖူးတွေဖြင့်

စိတ်ကူးယဉ်စွာနှင့်

သရပါ အဝင်ဝဆီ၌

မြင်ရသည် စေတီအိုနှင့်

ဘုရားပြို နီညိုမောင်းတွေကြောင့်

ခေတ်ဟောင်းကို ပြန်ကာလှစ်လို့ရယ်

တွေးသစ်ကြစဉ်။

 

အာနန္ဒာ ခြေတော်ဦးဆီ၌

ဆုထူးကို ပန်ရည်ဆိုပြီး

နေခိုကာ တထောက်လှမ်းပြန်တော့

ရည်မှန်းရာ စေတီစုံ၌

ဖူးမကုန် ရှုမခန်းပါဘဲ

ဇာတ်လမ်းတွေ ပညာခြယ်၍

အံ့စဖွယ် ရောင်ရှင်မှုန်းလေတဲ့

ရုပ်လုံးကြွ အလှတင်

တော်ဝင်ခဲ့ စံတနှုန်း။

 

လောကနန္ဒာ

တံတိုင်း သောင်ဧရာက

ထနောင်းပင် ခြေဝါမှ

ခဏတာ မျှော်ကာကြည့်ပြန်တော့

ပီတိရယ် ဆည်မကုန်ဘူး

နေမှုန်မှုန် ညရီယွန်းချိန်မှ

ပစ္စယာသီရိကွန်းဆီ၌

ပြန်လှမ်းကာ တမှိတ်မှေးသော်လဲ

အတွေးယဉ် တွေးမျှင်တန်းပြန်ပေါ့

လန်းရွှင်လို့ပြုံး။

နုယဉ်

မြဝတီမဂ္ဂဇင်း၊ ၁၉၇၄၊ အောက်တိုဘာ၊ အတွဲ ၂၂၊ အမှတ် ၁၂။

 

မောင်းမကန်အလှ

 

ငွေသောင်ယံ

မောင်းမကန် ပင်လယ်ကမ်း။

အရှေ့ဘက် တောင်စဉ်က

အရုဏ်မြင် နေကွန်ယက်

ဖြန့်ကြက် ဆင်မြန်း။

 

ငါးဖွေရှာ

ဖေတံငါ ရေလုပ်သား။

မိသားဆွေ ဝမ်းရေးတွက်ပေမို့

သူ့အားမာန် ချွေးအသက်နဲ့

ပေးဆက် လှုပ်ရှား။

 

ဇနီး သား သမီးပါ

ကမ်းခြေမှာ ရရာကောက်။

"ဂဏန်းကောင်" "ရှပ်" "ပလုပ်" "ခရု"ကိုလ

စုစည်းကာ ရှာဖွေနှီလို့

စျေးအမီ ရည်သန်ခဲတယ်

သဲသောင် တလျှောက်။

 

မောင်မယ် ဖော်စုံ

သောင်ခုံမှာ ခရုခွံကောက်။

သဲသောင်နှစ်မှာလ

မခွဲပေါင် သစ္စာနှံလို့

မေတ္တာမာန် ချစ်စရာ အပြုံးတွေနဲ့

နှလုံးပုံ ခရုခွံစီလို့

တိုင်တည်ကာ ချစ်ပုံနှိုင်းပါဘိ

ချစ်လှိုင်းသံ ညံမစဲအောင်

အသည်း အိမ်ဆောက်။

 

သွေးရောင်စုံ ရှုမငြီး

ခရု ပုတီးကုံးသီကာ။

ကမ်းခြေရွာ မိသားစုရဲ့

လက်မှုပညာ။

 

ပြာချွေခံ ကမာအိမ်ခွက်ကယ်နဲ့

ရုပ်မျိုးစုံ ခရုပန်းခက်ငယ်တို့

ရောင်းသွက်ဖို့ မွန်လက်ရာ

ကြံရှာကာ ထွင်ဆ။

ကြိုက်တတ်ရာ ဖွေရှာ ရွေးပေတော့

စျေးဝယ်ကာ လက်ဆောင် ကမ်းရအောင်

မောင်းမကန် အပြန်လမ်း

စိတ်ဝမ်း ရွှင်ပျ။

 

ရေပြာမှာ လှိုင်းဇာကွန့်

လူးလွန့်တဲ့ တေးသံ။

ချုပ်ညနေ သုတ်လေညင်း

ရှုခင်းပုံဟန်။

 

မောင်းမကန်

ငွေသောင်ယံ ပင်လယ်ကမ်း။

အနောက် ပင်လယ်ပြင်သို့

ဆည်းဆာရှင် ကွန်ယက်ဖြန့်

သက်တန့်ရောင် လွှမ်း။

ရွှေ​​ဝယ်-မင်းသစ္စာ

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁၊ နှာ-၉၆။

 

မေမေ့ရင်ခွင်

 

မေမေရဲ့ ရွှေရင်ခွင်

စာသင်ကျောင်း ဆိုပါတော့၊

သားလုလင် စာအံကျက်လို့

တေးဆက်သည်ပေါ့။

 

မေမေရဲ့ ရွှေရင်ခွင်

ပန်းဥယျာဉ် ဆိုပါတော့၊

မေ့သားမောင် ပျော်ပျော်ပါး

ကစားလို့ဆော့။

 

မေမေရဲ့ ရွှေရင်ခွင်

သားခိုဝင် မှေးမှိတ်တော့၊

သားမောင်ကို နို့ချိုမွှေး

ပေးခဲ့တယ်နော့။

 

မေမေရဲ့ ရွှေရင်ခွင်

ပုခက်ယာဉ် ဆိုပါတော့၊

မေ့တေးချို ပုံပြင်ရိပ်မှာ

သားအိပ်ခဲ့ပေါ့။

 

မေမေရဲ့ ရွှေရင်ခွင်

ပျော်ရွှင်ဖွယ် အပြည့်၊

မေ့မျက်ခြယ် ခိုလှုံမွေ့

ချမ်းမြေ့ ပီတိ။

မောင်ရတနာ

မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ ၂၉၊ အမှတ် ၉။

 

ထာဝရအရိပ်

 

ခက်ရွက်သိပ်သည်း

ပင်ကြီးညိုမောင်း၊ လောင်းရိပ်အေးမြ

အာဝါသမှ၊ ရိပ်သာတမျှ

တခဏဖြင့် အေးစေသည်။

မေတ္တာ ယိုဖိတ်

မိဘရိပ်သည်၊ ရွက်စိပ်ကိုင်းဖြာ

ပင်ရိပ်သာထက်၊ အေးမြလျက်တည့်

တသက်ဖူလှုံ၊ ခိုလှုံချမ်းမြေ့

တဘဝဖြင့် အေးစေသည်။

သစ်ရိပ်ဝါးရိပ်

မိဘရိပ်ထက်၊ သိပ်သည်း​ချမ်းမြေ့

ကြည်မွေ့ဘဝင်၊ ရင်မီးငြိမ်းအေး

သောကဝေးတိမ်း၊ ခပ်သိမ်းဒုက္ခ

ကင်းလွတ်ပသော၊ ဗုဒ္ဓညွှန်ကြား

တရားရိပ်မှာ၊ သံသရာမှ

နိဗ္ဗူတထိ၊ ထာဝရဖြင့် အေးစေသည်။

ခင်သူသူဝင်း

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁၊ နှာ-၉၅။