နားတောင်းကျချောင်း ရေချိုးဆိပ်

 

တနေ့လုံးတွင်

သဲလုံးတို့ကြား၊ ဖုန်လုံးကြား၌

သွားခဲ့ကြပြီး၊ ချွေးဒီးဒီးနှင့်

ခရီးဆုံးစ မှုန်ရီပျ။

 

နေရောင်ပျောက်ကာ၊ ချုပ်ဆည်းဆာတွင်

ရွာကိုဝင်ခိုက်၊ တို့ကိုယ်၌ကား

ပြိုက်ပြိုက်ကျချွေး၊ ဖုန်နှင့်ထွေး၍

စေးထန်းညစ်ပေ ပွလျက်တည်း။

 

ခဏနားကြ၊ ချွေးတိတ်စ၌

လရောင်နုနု၊ သာစပြုသော်

သဲဥသောင်ရိပ်၊ ရေချိုးဆိပ်သို့

သွားစို့ သွားစို့ မိတ်ဆွေတို့။

 

ချောင်းရေညိုညို၊ အေး၍စိုသော်

ကိုယ်မောစိတ်မော၊ ထိုအမောတို့

လျှောကျလွင့်ကာ၊ ပျောက်သည်မှာကား

ကြာရွက်ပေါ်မှ ရေပေါက်မျှ။

 

လရောင်ပြက်ပြက်၊ ငွေရောင်လက်ကာ

ဂယက်မရှိ၊ လှိုင်းမရှိပဲ

နုအိရစ်ခွေ၊ စီးဆင်းနေ၍

ရေစီးသည်ပင်၊ တို့မထင်သည်

အိုယဉ်ပေစွ ချောင်းညိုမြ။

 

ရေမိုးချိုးကာ၊ ပြီးစီးပါ၍

ငါတို့ပြန်တက်၊ ကမ်းပါးထက်မှ

နောက်ဘက်လှည့်ကြ၊ ပြန်မြင်ရသည်

ညအရိပ်၌

အိပ်ပျော်ရှာခဲ့၊ ကလေးကဲ့သို့

ပြစ်မဲ့ပေစွ၊ နားတောင်းကျသည်

လရောင်အောက်မှာ စီးလျက်တည်း။

ပျဉ်းမနား မောင်နီသင်း

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။