အညာသူ

 

အသားနုပျို၊ မဝင်းစိုသည်

မဲညိုခြောက်ခန်း၊ အသားကြမ်းလည်း

စိတ်ဝမ်းဖြူသူ အညာသူ။

 

ဓလေ့ဖောက်ပြန်

နောက်ဟန်သဘော၊ မမက်မောသည်

တောလက်ကျေးဆံ၊ ရိုးရာဟန်နှင့်

ဆံတောက်ခင်သူ အညာသူ။

 

ရေမွှေးနံ့သာ

ပေါင်ဒါမိတ်ကပ်၊ မခြယ်တတ်သည်

သနပ်ခါးရေကျဲ၊ ပါးကွက်ဆွဲ၍

အမြဲလိမ်းသူ အညာသူ။

 

နိုင်ငံခြားဖြစ်

ခရစ်ဖော့ဇာ၊ မမက်ပါသည်

အိမ်မှာလက်ဖြင့်၊ ဖျင်ကြမ်းစစ်မှ

နှစ်သက်တတ်သူ အညာသူ။

 

ဪ-ပလီပလာ၊ တီတာစကား

မပြောကြားတတ်၊ စိတ်ထားမူမှန်

ပင်ကိုယ်ဟန်ဖြင့်၊ ဆက်ဆံပြောတတ်

ခင်တတ်ချစ်တတ်၊ ဖော်ရွေတတ်သည်

အညာရပ်သူ ပီစွတကား။

မောင်နီဝင်း(ပခုက္ကူ)

မြဝတီမဂ္ဂဇင်း၊ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ ၂၁၊ အမှတ် ၁၂၊ နှာ-၅၃။