ပန်းစုံမြိုင်

 

"ကြည့်ပါဦးဆိုအကို

မိုးညိုချိန်မှာ၊ ပွင့်လာပန်းများ

ခရမ်းရောင်လွင်၊ ငွေစင်ဖြူဖွေး

နီစွေးပတ္တမြား၊ မြသားစင်ကြယ်

ဝါရည်ပယင်း၊ သလင်းကျောက်နု

ပုလဲဥငုံ၊ စိန်မှုန်စိန်စ

ဝင်းပရိုးရဲ၊ ရွှေခဲနီလာ

စုံစွာအလှ၊ ရွက်မြပင်စည်

နွယ်ရှည်ခိုလျ၊ လွလွထွေးထွေး

ရှုငေးမျှော်လျှင်

ဝန်းကျင်အပြည့် ပါဘဲလေ။

 

ပန်းဆိုသည်မှာ၊ ပန်ရာချည်းသာ

မဟုတ်ပါလေ၊ ကေသာခွေလျ

ဆင်သတချို့၊ ပန်းတို့အကျိုး

မြတ်နိုးဘွယ်ရာ၊ ဝမ်းစာဟင်းမယ်

တသွယ်ခြားနား၊ လူသားတို့တွက်

ဆေးဘက်တမျိုး၊ တန်ဘိုးသင့်ရာ

မဖြတ်သာနိုင်၊ ကမ္ဘာအနှံ့

ဆွတ်ပျံ့ကြိုင်မွေး၊ ဝတ်ရည်သွေးသည့်

ပျားလေးများတို့ အသိပင်။

 

အမိမြေမှ၊ သဘာဝအလျောက်

ပေါက်လာသည့်ပန်း၊ ပျိုးစိုက်ပန်းနှင့်

ပန်းတွင်နှစ်သွယ်၊ အဘယ်အမျိုး

မြတ်နိုးဘွယ်သာ၊ ရှိလေရာဝယ်

သဘာဝပန်း၊ တောတန်းမြိုင်ညို

တခိုတကြော၊ ​နုသောမာလာ

မြင့်ရာပွင့်သူ၊ လှမဉ္ဇူနှင့်

ဖေးကူဩဇာ၊ မြေမှာပျိုးစိုက်

ဖူးငိုက်ပွင့်အား၊ သင်းမာလာတို့

ရူပါဩဇာ၊ နှစ်ဖြာပြည့်ဝင်း

မြင်ရခြင်းဖြင့်

ရင်တွင်းဆွတ်မြ၊ ရွှင်လန်းစွရှင့်။

 

ပြောပါဦးဆိုအကို

ရွှေလိုမြလို၊ နဂိုရ်မွန်မြတ်

မပြတ်တန်ဘိုး၊ ပန်းမျိုးပြားထွေ

လူသားတွေတွက်၊ ဖူးပွင့်လျက်ဝယ်

အဘယ်ပွင့်ပန်း၊ ရွယ်ရည်မှန်း၍

ဆွတ်လှမ်းချူကိုင်၊ မွှေးကြိုင်ခိုင်ဆုပ်

ပန်းတအုပ်မှ

ရွေးနုတ် သီခဲ့ပါသလဲရှင်။"

နုယဉ်

ငွေတာရီ၊ ၁၉၇ဝ၊ စက်တင်ဘာ၊ အမှတ် ၁၂၃။

 

နှင်းဆီပန်းနှင့်ကဗျာဆရာ

 

"အို-ပန်းနှင်းဆီ

သင်သည် သင်းမြ၊ အဆင်းလှလည်း

ဆူးက ဖျက်နေသည်တကား။"

 

"အို-ကဗျာဆရာ

ငါ့မှာရန်စွယ်၊ အန္တရာယ်ကို

ကာကွယ်လို့ငှာ၊ ဆူးရှိပါသည်

ငါသည် သူသွမ်းမဟုတ်ပါ။"

 

"အို-ပန်းနှင်းဆီ

သင်သည်သင်းမြ၊ အဆင်းလှလည်း

နွမ်းလျရော်ရီ၊ စိုမပြည်၍

မြေဆီ ကြွေတတ်သည်တကား။"

 

"အို-ကဗျာဆရာ

ကြွေရာပျက်ရာ၊ ဓမ္မတာမို့

ကြွေကာပျက်မှု၊ ငါမမှုပါ

ငါမှုသည်ကား၊ မြေသို့လား၍

လွင့်ပါးရော်ရီ၊ မ​ကြွေမီလျှင်

ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို

သည်ပိုး ဆောင်မှု ဖြစ်ပါသည်။"

 

"အို-ပန်းနှင်းဆီ

သင်သည် မြေထက်၊ မကြွေပျက်မီ

သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို

ဘဇာ ရွက်ဆောင်ပါသနည်း။"

"အို-ကဗျာဆရာ

ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ

ငါစွမ်းသမျှ၊ ငါ့အလှဖြင့်

လောကသာယာ၊ စိုပြည်လာ၍

သူငါ​မြေ့ချမ်း၊ ရွှင်ကြည်လန်းအောင်

ကြိုးပမ်း ဆောင်ပါသည်တကား။"

မင်းယုဝေ

ငွေတာရီ၊ ၁၉၇ဝ၊ စက်တင်ဘာ၊ အမှတ် ၁၂၃။

 

ဖားစည်ကြီး

 

တကောင်နှစ်ကောင် သုံးကောင်ပူး

ပြုံးရောင်မြူးတဲ့ ဖားလေးတွေ

ထောင့်လေးထောင့်မှာနေ။

ခရုကခွေခွေ ကြယ်လေးတွေငုံပွင့်

အလယ်မှာ နေရောင်ထွက်တယ်

ဖြိုးလက် ဝေတင့်။

 

ဖားစည်မှာ ဆင်တွေဝိုင်းလို့

မြင်လေတိုင်း ဘေးပတ်လည်

အားသစ်ဝေစည်။

ကယားတို့ပြည် သာကြည်လို့ရွှင်မြူး

ဖားစည်သံ ခြိမ့်ခြိမ့်သဲအောင်

နွှဲလိုက်ပုံထူး။

 

သစ်တောကို ဂုဏ်ပြုလို့

ပုံထုတဲ့ ဖားစည်ပေါ်

ရုပ်လုံးတွေဖေါ်။

ဖားသံနှင့်မိုးခေါ် ဆင်ပျော်လို့သစ်ဆွဲ

အောင်ပွဲခံ ဖားစည်ကြီးကို

တီးချင်တဲ့ပွဲ။

 

သံလွင်မြစ် အရှေ့ကမ်း

အတွေ့ဆန်းလို့ ချမ်းမြေ့ပုံ

အေးရိပ်ကိုလှုံ။

မြရွက်ကိုခြုံ ဆန်းစုံတဲ့ကျွန်းပင်များ

ကယားပြည် သစ်လုပ်ငန်းမှာ

လန်းဖြာစေသား။

ဗန္တရဝင်း

မြဝတီမဂ္ဂဇင်း၊ ၁၉၈၆ ခုနှစ်၊ ဖေဖေါ်ဝါရီ၊ အတွဲ ၃၄၊ အမှတ် ၄။

 

စိတ်စေရာ

 

မခင်လိုနှင့်

မင်လိုဘွယ်ရာ၊ ရူပကာလျှင်

သူ့မှာမရှိ "လှ"နတ္ထိ။

 

ထင်မကြီးနှင့်

သင်ပြီးတတ်လား၊ မြတ်ပညာလျှင်

သူ့မှာမပြည့် "ဘွဲ့"နတ္ထိ။

 

အလှနတ္ထိ၊ ဘွဲ့မရှိမင့်

အသိတရား၊ မခေါင်းပါးမို့

စိတ်ထားဖြူစင်၊ ဤသူလျှင်

မြင်သူအများ၊ နှလုံးသားဝယ်

ထူးခြား လှနေပါလိမ့်မည်။

ထွဏ်းနေနွယ်

ငွေတာရီ၊ ၁၉၇ဝ၊ စက်တင်ဘာ၊ အမှတ် ၁၂၃။

 

ခရေကောက်

 

ညီမလေးရေ ထပါတော့

လင်းကြက် တွန်နေပေါ့။

 

လေ​ပြည်နော့လို့ ပန်းခရေ

မြေသို့ ဆင်းသက်ကြွေ။

 

ကောက်ယူဖို့လေ သွားမယ်ကွဲ့

လင်ဗန်းလေးယူခဲ့။

 

ကြီးမားလှတဲ့ ခရေပင်

ရနံ့မွှေးကြူလွင်။

 

ပင်ခြေရင်းတွင် ခင်းဖြန့်ကြဲ

ကောက်ယူလိုက်ရုံပဲ။

 

ဗန်းကလေးထဲ ပြည့်ခဲ့ပြီ

အိမ်သို့ ပြန်ကြမည်။

 

ကြိုးသိပြီးယင် မနက်စျေး

သွားရောင်းကြမယ်လေး။

နန္ဒမိုး​ကြယ်

မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၃ဝ၊ အမှတ် ၁။