လယ်ယာမြေအရောက်

 

သင်္ကန်းချုပ်စပ်၊ အနံထပ်သို့

သပ်ရပ်တိကျ၊ မျှော်တိုင်းလှသည်

မြန်မာ့လယ်ယာ ရှုခင်းများ။

 

သည်လယ်ယာက၊ ကောက်နှံကြွအောင်

တူးဆွထွန်ရိတ်၊ လယ်ယာစိတ်ဖြင့်

ရွှေဖိတ်အောင်နှိုး၊ ငွေပင်ပျိုးသည်

မြတ်နိုးချစ်ဖွယ် လယ်သမား။

 

သူတို့လုံ့လ၊ ခိုမှီရ၍

ဝအောင်စားကြ၊ ပြည်သူလှ၏။

 

သူတို့အရိပ်၊ ခိုမှီအိပ်၍

ဆိတ်ငြိမ်ပျံ့မွှေး၊ ပြည်သူအေး၏။

 

လယ်သမားတို့၊ စားဝတ်နေမှု

လူမှုဖူလုံ၊ လောက်ငကုံမှ

လူ့ဘုံပြိုးပြက်၊ လမင်းထွက်ချိမ့်။

 

လယ်သမားတို့

ထယ်သွားထွန်တုံး၊ တံစဉ်ခုံးတို့

မဖုံးချေးညှော်၊ သန့်စင်သော်မှ

သော်မှော်ဝန်းယှက်၊ နေဝင်းထွက်ချိမ့်။

 

လယ်သမား၏

လုပ်အားကိုင်အား၊ စွမ်းပကားတို့

ထွားထွားရင့်ကျက်၊ စွမ်းအင်ထက်ဖို့

ကျေးလက်ကိုသွား၊ လက်ဆုံစားယင်း

လယ်သမားကို အားဖြည့်လော့။

ဗန်းမော်ညိုနွဲ့

မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၃ဝ၊ အမှတ် ၁။

 

တရံရောအခါ

 

မှားခဲ့ကြသည်၊ ရှိပေမည်တည့်

မလည်ဆယ်ကို၊ ပြောပေလိုရှင့်

ငိုမိသောခါ၊ ငိုခဲ့ပါ၏

တိုးရာလယ်တော၊ ပျက်တိ​မ်ကော၍

စိတ်မောနွမ်းလျ၊ ​ဆံဖြေချလျက်

ရင်မ လက်မြှောက်၊ ခြေဖျားထောက်ကာ

ရောက်​ရာရောက်စေ၊ ပျက်သည်းခြေနှင့်

မြေအနှံ့သွား၊ လယ်သမားသို့

စကားမပီ၊ သီကရီပင်

ရှေ့ဆီလက်ယမ်း၊ ​သွပ်သွပ်နှမ်းမျှ

ခမ်းဝါလူ့ဘောင်၊ ထောင့်တချောင်မှ

ငေးကြောင်၍တည့် ကြည့်မိသည်။

 

ဟိုအဝေးမှာ

လွန်စွာနာကျည်း၊ ရိပ်မည်းမည်းမှ

မြည်ညည်းတားမြစ်၊ မလာရစ်နှင့်

လက်ဆစ်လက်ညှိုး၊ တည့်တည့်ထိုးလျက်

ယိုးစွပ်သောဟန်၊ ကိုင်းခက်တံလျှင်

မာန်နှင့်ငြင်ငြို၊ အပြစ်ဆိုထင့်

နားကိုဖိပိတ်၊ နားထင်နှိပ်မိ

တိုးကြိတ်ကိုယ်တည်း၊ နွမ်းရော့ရည်းကာ

ဖြည်းဖြည်းလှည့်လတ်၊ မျက်ရည်စွတ်နှင့်

မှတ်မိသဘော၊ တုံ့မပြောတော့

ကျယ်သောဇာတ်ပွဲ၊ ထိုမှဖဲခဲ့

လမ်းလွှဲ​ပြန်ပြောင်း၊ ခေါင်းငဲ့စောင်းနှင့်

လမ်းကြောင်းအသစ်၊ တီထွင်လှစ်လျက်

တထစ်ရှေ့တိုး၊ ဟုတ်လုနိုးတည့်

ကျောရိုးလည်တံ၊ ဖုံဖြင့်ကျံထင့်

ဆံပင်ဖားလျား၊ လေကစားသော်

ကြိုးကြားဖြူစွဲ၊ ဖွာရာကျဲလျက်

ကွပ်ကဲမရှိ နေမိသည်။

 

လွှင့်ခဲ့ပေရ၊ နှံ့အမျှပင်

မြေပြင်ခြေလမ်း၊ ခြေတင်လှမ်း၍

စခန်းပြောင်းလျက်၊ မာန်ဖြင့်ဆက်တည့်

တက်သည့်ခါလည်း၊ တက်ခဲ့ချည်းပင်

ကြည်းမှရေကြောင်း၊ တဆင့်ပြောင်းပြီး

ချောင်းမြောင်းအလိုက်၊ တစိုက်စိုက်တည့်

လေ၌ခွင့်ကြုံ၊ လွင့်တိုက်ပုံမူ

လွှင့်စုံရွေ့ရွေ့၊ တခန်းရွှေ့တည့်

နာမ်တွေ့အတွေး၊ ရုပ်နှင့်မေး၏

ရှုပ်ထွေးလူ့ရပ်၊ ဆုံးမသတ်နိုင်

မာန်ကပ်သင့်ကြ၊ ကြွင်းသုညနှင့်

ကျဆုံးသည်ပင်၊ အတွေ့မြင်ခဲ့

ဘဝင်လေပင့်၊ ဟုတ်နိုးထင့်လည်း

ရူးရင့်ခြင်းသာ၊ နိဂုံးပါချိမ့်

နွံမှာနစ်ကျွံ၊ လက်သည်းလွန်မို့

မြည်တွန်ငမ်းငေါက်၊ စိတ်မထောက်နှင့်

တခေါက်တခါ၊ ရှိစေပါဦး

ဓမ္မာပြသ၊ ဟောကြားကြလည်း

မရချေပြီ၊ ချီမမှီတော့

မဆီမလျော်၊ မသင့်တော်ပေါ့

မေ့ကျန်ခဲ့ပါ၊ လွန်ကောင်းစွာရှင့်

မိစ္ဆာမာန်နှောင့် မှောင့်ဘိသည်။

ထီလာစစ်သူ

မြဝတီမဂ္ဂဇင်း၊ ၁၉၅၅ ခုနှစ်၊ ဇန်နဝါရီလ၊ အတွဲ ၃၊ အမှတ် ၃၊ နှာ ၂၇၇။

 

အနာဂတ်၏ပန်းပွင့်များ

 

အနာဂတ် ပန်းဦး

ဖူးလော့ ပွင့်လော့။

 

အနာဂတ် ပန်းငုံ

ထုံလော့ မွှေးလော့။

 

အနာဂတ် ပန်းပွင့်

စွင့်လော့ ကြိုင်လော့။

 

အနာဂတ်၏

ပွင့်ချပ်ဝတ်မှုန်၊ အလှမြုံတို့

ငုံရာမှဖူး၊ ဖူးရာမှပွင့်

ပွင့်ရာမှမွှေး၊ မွှေးရာမှပျံ့

နှံ့လော့ သင်းလော့။

 

အနာဂတ် ပန်းခက်

မဝေရက်မီ၊ ချွေဖျက်ခူးသူ

ရန်ဟူသမျှ၊ တိုက်ထုတ်ကြလော့

သို့မှ အနာဂတ်ပန်းသစ် ဝေစည်အံ့။

ဖျာပုံ-နီလုံဦး

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁၊ နှာ ၁၄၃။


လွတ်သဘင်

 

လေညှင်းသုန် ချီဝှေ့တွင်ဖြင့်

ငွေနှင်းမှုန် စီရီဝေ့ကာပ

ဤနေ့ ဤအခါဖြင့်

ကြည်စရာ အရုဏ်ဦးပေမို့

မြူးမိရဲ့ စာဆိုရှင်။

အရှေ့နန်းဆီက

ဝေ့သန်းကာ ရောင်နီပေါ်တော့

အောင်စည်တော် ဆော်ကာရွမ်းပါလို့

ကမ္ဘာမကြေ ဗမာတွေညွှန်းကာပ

ခွန်းနွဲ့သံလွင်။

လွန်တလူးသာပ

ကွန့်မြူးတိမ်ယဉ်စံ၍

ဒို့အောင်လံ ခုန်ပျံဆော့ကာဖြင့်

ဘင်ခရာ ရွှင်စွာနော့ပါလို့

မော့ဝင့်တဲ့မြန်မာပြည်ခွင်

စည်ပင်လို့ ခြိမ့်သဲ။

သည်ပွဲသဘင်မှာ

ကြည်လဲ ကြည်ရွှင်စရာပေါ့

ဒို့မြန်မာ သာကီမျိုးတွေဖြင့်

မညှိုး ဂုဏ်ရောင်ဝေခဲ့

ကမ္ဘာမြေ သည်တလွှားမှာလ

ဗမာနော် မော်ကာကြွားနိုင်လိမ့်

အားသစ် ဆင့်ကဲ။

ကြံခင်း-စိုးလွင်

မြဝတီမဂ္ဂဇင်း၊ ၁၉၅၅ ခုနှစ်၊ ဇန်နဝါရီလ၊ အတွဲ ၃၊ အမှတ် ၃။

 

ချစ်ဇနီး

တလုတ်ထမင်း

တမြှုပ်ဟင်းနှင့်

တင်းတိမ်ရောင့်ရဲ သူစားမြဲ။

 

ညစ်ထေး ထဘီ

ကွက်မပီနှင့်၊ အင်္ကျီအစုတ်

ဖာချုပ်ဝတ်တတ် သူကျေနပ်။

 

မိုးလေမလုံ၊ မလုံခြုံသော

တဲအုံထဲ့ယိုင် သူနေနိုင်။

 

လူ့လောကမှာ

လူဖြစ်လာလည်း၊ လိုရာဆန္ဒ

တောင့်တမပူ၊ ငြူစူတမျိုး

မနွဲ့ဆိုးပဲ၊ ကျိုးကြောင်းမြော်မြင်

ဆိုးကောင်းယှဉ်လျက်၊ ဖြူစင်မေတ္တာ

စေတနာဖြင့်၊ လိမ္မာသိပွန်

ဇနီးမွန်လျှင်၊ မကျွံအတ္တ

မာန်နှိမ်ချပြီး၊ သောကခပ်သိမ်း

ရင်မှာငြိမ်းကာ၊ မတိမ်းမစောင်း

ခေတ်လမ်းကြောင်း၌၊ ကောင်းသောအလုပ်

လုံ့လထုတ်၍၊ ချွေးသုတ်မနား

ပြည့်ဝန်များကို၊ တအားဖြည့်ကူ

လျစ်လျူမပြု၊ ရွက်ဆောင်မှုသည်

ပြည်သူ့သမီးကောင်း ပီပေစွ။

နောင်ဝင်းထွန်း-မုံရွာ

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။