မြဝတ်ရည်

 

မြေဆီဩဇာ၊ အရသာကို

ငုံကာစုပ်ယူ၊ မွှေးမြကြူ၏

ထောက်ကူပံ့လို၊ သစ်မြစ်ညိုက

ကိုယ်တိုင်မသုံး၊ မြတ်နှလုံးဖြင့်

ပင်လုံးဖြာဝေ၊ ပေးပါချေ၏။

 

သစ်မြစ်ပေးသော

မွှေးနံ့သာဆီ၊ မြရေကြည်ကြောင့်

ပင်စည်စိမ်းလန်း၊ ပွင့်ဖူးဆန်းကာ

ပန်းငုံရစ်လည်၊ မြဝတ်ရည်ဟု

စိုပြည်မြနု၊ အလှစု၏။

 

တပင်လုံးက

စုရုံးဖွဖွ၊ ပြုစုကြ၍

မြတ်စွာအသဲ၊ ကျောက်မျက်ရွဲသို့

ငုံခဲစုတည်၊ မြဝတ်ရည်တည့်

ပင်စည်၏ အလှရတနာ။

 

မထိတို့ရက်၊ မသုံးရက်၍

ဆက်လက်တည်ဦး၊ ရက်တို့ကျူးအောင်

ဖူးဖူးမှုတ်ကာ၊ ထားကြပါသော

ငုံလွှာအေးကြည်၊ မြဝတ်ရည်ကို

ဧည့်သည်ပိတုန်း၊ စုပ်ယူသုံး၍

ပြည်ဖုံးချကာ၊ တကမ္ဘာသို့

သယ်ကာဆောင်ကြဉ်း၊ တဇာတ်ခင်းသော်

ရှိုက်ယင်းမှာပင်၊ သံယောဇဉ်ဖြင့်

ပင်စည်လွမ်းမော ကျန်​ခဲ့ပေါ့။

 

အိုမြဝတ်ရည်

ဘယ်ဆီဘယ်ရွာ၊ ဘယ်မှာပါလိမ့်

လွှာရုံမစိမ်း၊ ဇာတ်မသိမ်းပဲ

ယိမ်း၍ မရိုင်း၊ နဂိုတိုင်းသာ

ခြုံသိုင်းစိုပြည်၊ ထုံဝတ်ရည်ဖြင့်

ချိုကြည်ပျံ့မွှေး၊ နဂိုသွေးဖြင့်

ကျန်သေးသည်ဆို၊ ရှိသည်ဆိုက

သင့်ကို တို့က၊ မတွေ့ရလည်း

သောကလျော့ပါး၊ သတင်းကြားဖြင့်

တို့များ ဝမ်းမြောက်နေပါအံ့။

မုံရွာဝင်းဖေ

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။

 

အလှရွာ

 

ည၏မီးအိမ်၊ ဝင်းပချိန်

တိမ်ဘုံတိမ်နန်း၊ ငွေရောင်ဆမ်း

ညပန်းမာလာ၊ ပဒုံကြာ

နံ့သာထုံအေး၊ လေအသွေး

မွှေးတယ်လေ့၊ မွှေးတယ်လေး။

 

ရွာလမ်းမြေမာ၊ လရောင်ဖြာ

ရွာသူဖော်ချင်း၊ ဆန်ဖွပ်ယင်း

ထမင်းဆီဆမ်း၊ ရွှေလင်ဗန်း

တဗန်းလောက်ကွယ်၊ ပေးပါကွယ်

မောင်ငယ်ချော့တေး၊ တအေးအေး

တေးညင်းယင်းလျှင်၊ လုပ်ငန်းခွင်

ရွှင်တယ်လေ့၊ ရွှင်တယ်လေး။

 

ရွာလယ်မြေကွက်၊ လရောင်ပက်

ရွာ့တွက်ရေးရာ၊ အဖြာဖြာ

စုကာဆွေးနွေး၊ ရွာ့အရေး

ညရေးညတာ၊ ကင်းလည်းပါ

ခြံကာစည်းရိုး၊ တံတားထိုး

ရေအိုးစင်တည်၊ ရွာဦးဆီ

ညီစွာလုပ်အား၊ ပေးစို့လား

ပေးတယ်လေ့၊ ပေးတယ်လေး။

 

ရွာ့စာကြည့်ဆောင်၊ ညမီးရောင်

ညီမောင်ညီမ၊ တူတကွ

သုတစုံစွာ၊ ဖတ်ဖွယ်ရာ

ဖွေကာရှာဖတ်၊ မအားလပ်

ရွာရပ်ရေးရာ၊ တချိန်မှာ

ဝန်တာယူရေး၊ အားသစ်မွေး

ကြိုးတယ်လေ့၊ ​ကြိုးတယ်လေး။

မောင်လှိုင်သွင်(အင်းစိန်)

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။

 

ရတုသာတုန်း တန်ဆောင်မုန်း

 

မိုးရိပ်ကင်းစင်၊ ထက်ကောင်းကင်

ကြည်လင်ပဝင်း၊ ငွေလမင်း

ထွန်းလင်းတာရာ၊ ကြတ္တိကာ

ရောင်ဖြာရွှန်းလက်၊ ဝင်းဝင်းလက်

လက်တယ်လေ့၊ လက်တယ်လေး။

 

ရာသီဆောင်းလ၊ ပြောင်းခါစ

မြောက်ကလေမြူး၊ နှင်းကလူး

ပွင့်ဖူးမာလာ၊ ခဝဲဝါ

ကြိုင်စွာပျံ့မွှေး၊ ရနံ့အေး

မွှေးတယ်လေ့၊ မွှေးတယ်လေး။

 

ခွဲခြားမရ၊ နေ့နှင့်ည

ဝင်းပအရောင်၊ မီးတထောင်

အမှောင်ဖြိုဖျက်၊ မိုးထိလက်

မပျက်ဆင်နွှဲ၊ မြင်းမိုရ်ပွဲ

နွှဲတယ်လေ့၊ နွှဲတယ်လေး။

 

မသိုးသင်္ကန်း၊ ရက်လှူဒါန်း

ထုံးတမ်းစဉ်လာ၊ မပျက်ပါ

မြို့ရွာရပ်ထဲ၊ ကထိန်ပွဲ

ခြိမ့်သဲဆူညံ၊ ဒိုးပတ်သံ

ညံတယ်လေ့၊ ညံတယ်လေး။

 

ယိမ်းနွဲ့လေတွင်၊ ပျိုးကောက်ပင်

အားအင်ဖြိုးကြွ၊ ဖုံးလုံးကြ

အလှဝေဆာ၊ မြလယ်ယာ

သာမောဖွယ်ပ၊ ရှုမဝ

လှတယ်လေ့၊ လှတယ်လေး။

 

လများ၏နောင်၊ လတန်ဆောင်

ဂုဏ်ရောင်ဘက်မျှ၊ နှိုင်းမရ

စာ့ပန်းချီမှုန်း၊ သီကာကုံး

ဆုံးမည်မထင်၊ လဘုရင်

လွင်တယ်လေ့၊ လွင်တယ်လေး။

ပုရစ်ဖူး(မင်းလှ)

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။

 

နားတောင်းကျချောင်း ရေချိုးဆိပ်

 

တနေ့လုံးတွင်

သဲလုံးတို့ကြား၊ ဖုန်လုံးကြား၌

သွားခဲ့ကြပြီး၊ ချွေးဒီးဒီးနှင့်

ခရီးဆုံးစ မှုန်ရီပျ။

 

နေရောင်ပျောက်ကာ၊ ချုပ်ဆည်းဆာတွင်

ရွာကိုဝင်ခိုက်၊ တို့ကိုယ်၌ကား

ပြိုက်ပြိုက်ကျချွေး၊ ဖုန်နှင့်ထွေး၍

စေးထန်းညစ်ပေ ပွလျက်တည်း။

 

ခဏနားကြ၊ ချွေးတိတ်စ၌

လရောင်နုနု၊ သာစပြုသော်

သဲဥသောင်ရိပ်၊ ရေချိုးဆိပ်သို့

သွားစို့ သွားစို့ မိတ်ဆွေတို့။

 

ချောင်းရေညိုညို၊ အေး၍စိုသော်

ကိုယ်မောစိတ်မော၊ ထိုအမောတို့

လျှောကျလွင့်ကာ၊ ပျောက်သည်မှာကား

ကြာရွက်ပေါ်မှ ရေပေါက်မျှ။

 

လရောင်ပြက်ပြက်၊ ငွေရောင်လက်ကာ

ဂယက်မရှိ၊ လှိုင်းမရှိပဲ

နုအိရစ်ခွေ၊ စီးဆင်းနေ၍

ရေစီးသည်ပင်၊ တို့မထင်သည်

အိုယဉ်ပေစွ ချောင်းညိုမြ။

 

ရေမိုးချိုးကာ၊ ပြီးစီးပါ၍

ငါတို့ပြန်တက်၊ ကမ်းပါးထက်မှ

နောက်ဘက်လှည့်ကြ၊ ပြန်မြင်ရသည်

ညအရိပ်၌

အိပ်ပျော်ရှာခဲ့၊ ကလေးကဲ့သို့

ပြစ်မဲ့ပေစွ၊ နားတောင်းကျသည်

လရောင်အောက်မှာ စီးလျက်တည်း။

ပျဉ်းမနား မောင်နီသင်း

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။

 

စုပေါင်းကထိန် ပေးလှူချိန်

 

နှင်းစိုလူးစ တ​န်ဆောင်လ

မြောက်လေ ချမ်းမြမြ။

စန်းလဗြိစ္ဆာ ရာသီခွင်

ကြတ္တိကာနှင့်ယှဉ်။

သဘင်နက္ခတ် စုံညီခင်း

ခဝဲဝတ်မှုန်သင်း။

 

ဟင်းချိုချိုမွှေး မဲဇလီ

ဆေးပေါင်းစုံ ခသည်။

ရာသီပျော်ပွဲ ခြိမ့်ခြိမ့်သဲ

စုပေါင်း ကထိန်ပွဲ။

 

ရွာထဲကျောင်းထဲ စီစီညံ

တီးမှုတ် ဒိုးပတ်သံ။

မိုးထိလျှံအောင် တီးလိုက်စမ်း

ရွှေရိုး အကဆန်း။

 

လူတန်းကြီးက ပျော်စရာ

ကထိန် လှည့်လည်လာ။

ရိုးရာဓလေ့ နွှဲဆင်ကြွ

မြန်မာတို့ အလှ။

မောင်ဟေမာ

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။