အလှတန်ဆောင်

 

ဆီးနှင်းပေါက် မြောက်လေထန်

ဆောင်းဟေမာန် အစ။

သင်းလှိုင်ကြူ ခဝဲပန်း

ပွင့်လန်း မွေးမြူ။

 

မီးပုံးက နီ ပြာ ဝါ

ရောင်စုံဖြာ ထွန်းကြ။

လတန်ဆောင် ညအခင်း

ရှုခင်း သာစွ။

 

တန်ဆောင်လ ကောင်းကင်မှာ

ကြတ္တိကာ ကြယ်အလှ။

ငွေလနဲ့ တူပြိုင်လင်း

ဝင်းလက် တောက်ပ။

 

မလေးတို့ လက်ခတ်သံ

ဂီတသံ တမျှ။

မသိုးခေါ် မြတ်သင်္ကန်း

ရက် လှူဒါန်းကြ။

 

ဒိုးပတ်နဲ့ တေးသံစုံ

မြူးကခုန် ပျော်ကြ။

ဘုံကထိန် အလှူပွဲ

ဆင်နွှဲ ကျင်းပ။

 

ထုံးဓလေ့ ချစ်စရာ

သည်ချိန်ခါ သမယ။

မဲဇလီ ညွန့်အဖူး

ခူးသုပ် စားကြ။

 

တန်ဆောင်လ မင်္ဂလာ။

ပြည်မြန်မာ တခွင်လုံး

ပြုံးပန်း ဝေဆာ။

ကိုယ့်ဓလေ့ ကိုယ့်ရိုးရာ

ဘယ်ခါမှ မမေ့

မြန်မာ့ဟန် မွေအနှစ်

စွဲချစ်မယ်လေ့

မြေလတ် မောင်မြင့်သူ

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။

 

နှစ်သစ်သို့

တနှစ်ပျို့၍...

ရစ်စို့ဝန်းကျင်၊ ညို့မင်းလွင်တို့

ကွင်းပြင်သာမော၊ နောင့်လယ်တောဝယ်

ဆီးနှောနှင်းနှင့်၊ တဂုဏ်ဝင့်ကြ

ငုံရင့်ကြိုင်လှောက်၊ ခိုင်ပိတောက်လည်း

မြိုင်နောက်ရိုးခြေ၊ တဝေဝေလျှင်

လေကအသုတ်၊ ဘယ်ညာလှုပ်၍

တဆုပ်တခဲ၊ ဝေ့ကာဝဲသည်

ပုလဲတသွဲ့-ရွဲတသွဲ့။


တနှစ်စို့၍...

နွေသို့ငံ့မျှော်၊ မိုဃ်းသိုခေါ်လျက်

ရင့်ယော်နွမ်းချိ၊ သွေ့သွေ့မြည့်သား

ဓနိရွက်ကြဲ၊ ခေါင်တိုင်မွဲနှင့်

နောင့်တဲအမြိတ်၊ ကန်သင်းထိပ်ဝယ်

ဆွေမိတ်ဖော်စုံ၊ ပျော်ကြကုန်ဟု

သိုက်မြုံမှထွက်၊ လည်ချင်းယှက်၍

တုံ့သက်နှီးနှော၊ ခွ်းဆင့်ပြောသည်

ဥဩတလှဲ့-ဂျိုးတလှဲ့။


တနှစ်ချို့၍...

နှစ်မြို့သာကြည်၊ သီချင်းသီသား

ဆိုမြည်ခြိမ့်သဲ၊ ကိုယ်စီလှဲနှင့်

နောင့်တဲအနောက်၊ ထီးထီးပေါက်သည့်

ပိတောက်နှင့်ညောင်၊ လမ်းကွေ့မြောင်ဝယ်

တောင်ပေါ်ဘုရား၊ ရွယ်ရည်သွားကြ

မြေသားဝသုန်၊ သိမ့်သိမ့်တုန်အောင်

ဗုံခရာနှဲ၊ ဝက်​ဝက်ကွဲသည်

မောင်လဲဖွဲ-မယ်တဖွဲ။

ဗန်းမော်ညိုနွဲ့

လင်းယုန်ဂျာနယ်၊ ၁၉၅ဝ ခုနှစ်၊ ဧပြီလ၊ ၁၂ ရက်၊ နှာ ၂၃။

လွမ်းရွှေစာ

 

စာပို့လုလင်၊ လာသည်မြင်သော်

ရွှေရင်အုံလျှင် ခုန်နေကျ။

စာပို့သမား၊ ခြေသံကြားသော်

တံခါးကိုဖွင့်၊ စာကိုလင့်လျက်

အသင့်စောင့်မျှော် ပျော်နေကျ။

စာအိတ်ပြာပြာ၊ လွမ်းရွှေစာကို

မလာလျှင်မျှော်၊ လာလျှင်ပျော်၍

အဖော်ပမာ ဖြစ်တော့သည်။

ယခုခါတွင်-

စာပို့သမား၊ သူစိမ်းကား၍

တံခါးမခေါက်၊ ခြေသံပျောက်သည်

ဆောက်တည်မရ နေမရ။

ကျွန်တော့်ထံသို့-

ချိန်မှန်ချိန်မှန်၊ မေ့မချန်ဘဲ

ခေါ်သံပြုလေ၊ နေ့တိုင်းဝေသော

လာနေကျသာ၊ လွမ်းရွှေစာမူ

ဘယ်ရွာဘယ်ရပ်

ဘယ်လိပ်တပ်၍

ခေါင်းကပ်ပို့ပါခဲ့ပြီနည်း။

တင်မိုး

မြဝတီမဂ္ဂဇင်း၊ ၁၉၆၂ ခုနှစ်၊ မေလ၊ အတွဲ ၁ဝ၊ အမှတ် ၇၊

ရင့်ကျက်ချိန်

*အဖေရိုက်၍

ငိုရှိုက်ခဲ့ပေါင်း အကြိမ်ကြိမ်။

 

*အမေငေါက်၍

စိတ်ကောက်ခဲ့ပေါင်း အကြိမ်ကြိမ်။

 

*ဆရာဆို၍

ငြိုငြင်ခဲ့ပေါင်း အကြိမ်ကြိမ်။

 

*အပျော်ပါး၌၊ လမ်းမှားလိုက်ပြီး

မိုက်တွင်းမနက်၊ လိမ္မာဖက်အောင်

ရိုက်နှက်ပြုမူ၊ အဖေဆူသည်

သားလူလေးကို ချစ်သောကြောင့်။

 

*စည်းကမ်းရိုသေ၊ စိတ်နေမြင့်မား

လုပ်အားမွေ့လျော်၊ နေထိုင်တော်အောင်

အော်ငေါက်ပဲ့ပြင်၊ အမေသင်သည်

သားရင်သွေးကို ချစ်သောကြောင့်။

 

*ခြိမ်းခြောက်တခါ၊ ချော့လာတမျိုး

စာကြိုးစားကာ၊ သင်ချင်လာပြီး

ပညာရဲရင့်၊ ပွဲလယ်တင့်အောင်

မြင့်မားစေလို၊ ဆရာဆိုသည်

ငါ့ကို အလွန်ချစ်သောကြောင့်။

 

*အမြင်မကျယ်၊ သိနုနယ်သော

ငယ်ရွယ်စဉ်က၊ တယုယနှင့်

မိဘဆရာ၊ ဆုံးမတာကို

စိတ်မှာငြိုငြင်၊ မချစ်ကြင်ဟု

အထင်အမြင် လွဲမိသည်။

 

*အရွယ်ရောက်ခါ၊ ရင့်ကျက်လာမှ

ငါ့ဘဝအား

ကောင်းစားစေချင်၊ အမြော်အမြင်နှင့်

ငယ်စဉ်တုန်းက၊ ဆိုဆုံးမသည့်

မိဘဆရာ၊ စေတနာတွေ

မေတ္တာတရား၊ ကျေးဇူးများတွေ

နားလည်ဝမ်းမြောက်၊ သဘောပေါက်ခဲ့

အောက်မေ့ညွှတ်နူး၊ ထိုကျေးဇူးကို

ဦးခိုက်ဆပ်လို့မကုန်ပြီ။

မောင်ချိုးဖြူ(သီပေါ)

စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၂ ခုနှစ်၊ နိုဝင်ဘာလ၊ အမှတ် ၁၉၊ နှာ-၁၁၃။

နှောင်အိမ်

 

မြူမှုန်အမှိုက်၊ လှဲခါလိုက်သော

ပန်းကိုက်နွယ်ဆင်၊ အိမ်အဝင်မှာ

ရှုချင်ဘွယ်ရာ ရှိလေသည်။

 

အိမ်ဦးခန်း၌

ပန်းသပြေညို၊ စိမ်းစိုစိုဖြင့်

နှစ်လိုဘွယ်ရာ ရှိလေသည်။

 

ပတင်းနေသာ၊ ဇာဝတ်ကာလျက်

လေမှာလွင့်ပါး၊ ပန်းခက်များလည်း

လှုပ်ရှားဝေဖြာ အိလေသည်။

 

စားပွဲဧည့်ခံ၊ ကြိမ်ပေါက်ရံလျက်

အောက်ခံကော်ဇော၊ မွေးပချောဝယ်

လှသောပန်းနွယ်၊ ရောင်စုံခြယ်ကာ

ခံ့ထယ် ဝင့်ဝါဘိလေသည်။


ငွေပန်းအိုး၌

မြရိုးမြရွက်၊ ဖူးငုယှက်သော

နုညက်ရွှေလွှာ၊ နှင်းဆီဝါလည်း

နံသာထုံရည် ပြည့်လေသည်။

 

စားပွဲဆောင်၌

ချောပြောင်အခင်း၊ ဇွန်းခက်ရင်းဖြင့်

ဖြန့်ကျင်းစီမံ၊ စားဘွယ်ရံ၏

ချိုငံချဉ်စပ်၊ ရသာထပ်ကာ

မလပ်ပြည့်စုံ ရှိလေသည်။

 

စက်ခန်းဆောင်သာ၊ ကန့်လန့်ကာဝယ်

စိမ်းပြာမီးလုံး၊ ဇာနုဖုံးလျက်

စက်အုံးမွေ့ရာ၊ ကတ္တီပါဖြင့်

လှစွာပြင်ဆင်၊ စက်ပျော်ချင်ဘွယ်

အမြင်စွဲမက် ငြိလေသည်။

 

မိသားစု၏

တခုနေအိမ်၊ စံရိပ်ငြိမ်တည်း

သည်အိမ်သာယာ၊ ဥပမာလျှင်

နေဝါရောင်လက်၊ မျက်နှာကျက်မှ

ကွန်ယက်ဖြန့်တင်၊ ရက်ကန်းဆင်သော

ငွေမျှင်ရက်ခြယ်၊ ပင့်ကူမယ်၏

ရှေ့ဝယ်မိရှာ၊ ယင်ခမျာသို့

စိတ်မှာရစ်နွယ်၊ ကြိုးသွယ်သွယ်တို့

ချုပ်တွယ်ညို့သမ်း၊ အမိဖမ်းသည်

လွတ်လမ်း မမြင်ပါပြီတည်း။

နုယဉ်

မြဝတီမဂ္ဂဇင်း၊ ၁၉၆၂ ခုနှစ်၊ မေလ၊ အတွဲ ၁ဝ၊ အမှတ် ၇