ဆန္ဒ

 

ရွှေလိုမဝင်း

မြေလို သင်းအံ့။

လနှယ်မမြင့်

ပန်းနှယ်ပွင့်အံ့။

မြေညိုသင်းမှာ

ပန်းသင်းလှိုင်ကြူ၊ ရနံ့လှူလျက်

လူတို့ရပ်ရွာ၊ ကောင်းကျိုးဖြာအောင်

​ဝမ်းသာ ဆောင်ရွက်လိုတကား။

အင်းဝညွန့်အေး

မြဝတီမဂ္ဂဇင်း၊ ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၃ဝ၊ အမှတ် ၁၊ နှာ-၄၅။

 

အညာသူ

 

အသားနုပျို၊ မဝင်းစိုသည်

မဲညိုခြောက်ခန်း၊ အသားကြမ်းလည်း

စိတ်ဝမ်းဖြူသူ အညာသူ။

 

ဓလေ့ဖောက်ပြန်

နောက်ဟန်သဘော၊ မမက်မောသည်

တောလက်ကျေးဆံ၊ ရိုးရာဟန်နှင့်

ဆံတောက်ခင်သူ အညာသူ။

 

ရေမွှေးနံ့သာ

ပေါင်ဒါမိတ်ကပ်၊ မခြယ်တတ်သည်

သနပ်ခါးရေကျဲ၊ ပါးကွက်ဆွဲ၍

အမြဲလိမ်းသူ အညာသူ။

 

နိုင်ငံခြားဖြစ်

ခရစ်ဖော့ဇာ၊ မမက်ပါသည်

အိမ်မှာလက်ဖြင့်၊ ဖျင်ကြမ်းစစ်မှ

နှစ်သက်တတ်သူ အညာသူ။

 

ဪ-ပလီပလာ၊ တီတာစကား

မပြောကြားတတ်၊ စိတ်ထားမူမှန်

ပင်ကိုယ်ဟန်ဖြင့်၊ ဆက်ဆံပြောတတ်

ခင်တတ်ချစ်တတ်၊ ဖော်ရွေတတ်သည်

အညာရပ်သူ ပီစွတကား။

မောင်နီဝင်း(ပခုက္ကူ)

မြဝတီမဂ္ဂဇင်း၊ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ ၂၁၊ အမှတ် ၁၂၊ နှာ-၅၃။

 

ပျော်ပွဲနေ့

 

"မစပယ်၊ မစပယ်

မိုးလင်းတော့မယ်၊ ထထ"

ရွှေခဲလေးက နှိုးနေကျ။

 

ကြက်တူရွေးက အလိမ္မာ

ရောင်နီဖြာစ မိုးလင်းစ

မစပယ်လေး အိပ်ရာထ။

 

မြူနှင်းကမှုန်၊ ပန်းနံ့ထုံ

ဗုံသံမြည်စ၊ နှဲသံစ

လင်းကွင်းသံက သာလေစွ။

 

တို့ရပ်ထဲက တို့တတွေ

လွတ်လပ်ရေးနေ့ ကျင်းပနေ။

 

လေပြေသုတ်ဖြူး မိုးတိမ်ဦး

အလံတော်မြင့် လွင့်ကာမြူး။

နုယဉ်

မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလ၊ အတွဲ ၂၉၊ အမှတ် ၃။

 

အချစ်ငှက်

 

စာအုပ်တွေများ၊ ဖတ်နေငြားလည်း

လှုပ်ရှားသည့်ရင် မပြေချင်။

 

ဂီတသံများ၊ နားဆင်ငြားလည်း

လှုပ်ရှားသည့်ရင် မပြေချင်။

 

မြေဆွ-ပေါင်းသင်၊ ပန်းပင်တွေကြား

ရှိနေငြားလည်း

လှုပ်ရှားသည့်ရင် မပြေချင်။

 

သင်းပင်းရွှေညာ၊ ဖော်သဟာနှင့်

သွားလာပျော်ပါး၊ ရှိခဲ့ငြားလည်း

လှုပ်ရှားသည့်ရင် မပြေချင်။

 

တမှေးတမှိတ်၊ အိပ်ပါငြားလည်း

လှုပ်ရှားသည့်ရင် မပြေချင်။

 

အလိုမကျ၊ ဒေါမာန်ထသလို

နွမ်းလျတမ်းတ၊ လွမ်းမောရသလို

ကြည်မြမြေ့ချမ်း၊ ပီတိလျှမ်းသလို

ကြမ်းတမ်းမာခက်၊ ငါ့ရင်ထက်ဝယ်

ချစ်ငှက် ခိုနားနေပြီထင့်။

နုသဇင်

မြဝတီမဂ္ဂဇင်း၊ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ ၂၁၊ အမှတ် ၁၂။

 

ညှို့မျက်လုံး

 

(ညှို့မျက်လုံးနဲ့ သိမ်းကျုံးကြည့်သူ မေ့အသဲနှလုံးတွေ ပွက်ကာဆူ တဘက်လူငေးပြီး ငိုက်ကျအောင်ကြူ အကြိုက်ပ ဆောင်သူစိုက်လျက် တကိုယ်လုံးပြုံးကာမြှူ)၂ ​

တွေ့ပြန်လျှင် သူ့မျက်နှာထား.အစိမ်းလိုက် ဝါးစားတော့မယ် ထင်စရာ ထိုလူ ခင်ကညာပျိုဖြူ မဆက်ဆံဝံ့အောင် ကလက်ဉာဏ်မကွန့်နဲ့ သိသာသွားကွဲခြားတဲ့အမူ ကြည့်ပါလား အများနဲ့ မတူအောင် ဗြောင်အတင့်ရဲသူ မောင်တဆင့်ကဲရင် ငရဲကြီးလိမ့်မယ် မှတ်လိုက်တော့ကိုယ့်လူ။

ဆို - ညွန့်ညွန့်ဆွေ​

ရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး