ချင်းတို့၏ဇာတိမာန်

ရှယ်လွန်းဆို ခံတပ်ဟောင်း

ပြန်ပြောင်းလို့ တွေး​ချင်

မြေတခွင် ကတုတ်စီ

သွေး ခြင်းခြင်းနီ

ဘာမထီ စစ်မာန်တင်း

မျိုးချစ်တဲ့ ချင်း။


ဖို့တ်ဝှိုက်နဲ့ ထုတ်လှိုင်ရွာ

မြေဝဠာ တော်လဲ

မာန်နဲ့ဇွဲ ရဲအောင်လံ

သူ့ကျွန်မခံ

ပြန်လေရော့ နယ်ချဲ့သမား

ချင်းတို့ရဲ့ဓား။


တီးတိန်နှင့်ကပ်တဲလ်ဆီ

မိုးနတ်စည် ရိုက်ခြိမ်း

တူမီးသံ တဒိန်းဒိန်း

စစ်ခေါ်သံဟိန်း

ဟိန်းလေရော့ စစ်သံကြား

ချင်းတို့ရဲ့မြား။


ရွန်းတောင်ခြေ ရေကန်စောင်း

ခညောင်းတဲ့ဇာနည်

ဟားခါး သည်နယ်တဝိုက်

အားမာန်နဲ့တိုက်

တိုက်ယင်းသာ သေစေသား

ချင်းတို့ရဲ့အား။


လုပ်တက် စခန်းအောင်မြေ

စစ်မောင်းသံဝေ

ချီလေတဲ့ချီကြဟေ

တို့ရဲ့ရွှေမြေ

ကျူးလာလေ ရန်ကိုခွင်း

ပြည်ချစ်တဲ့ချင်း။


ဖနိုင်နဲ့ငလိုင်ရွာ

နေခြည်ဖြာ ဆိုင်လုံလှမ်း

ယကမ်း-ကခွာ

ရေဇွာ-တိန်ဆီးနဲ့

ရိပ်ကြီးမြိုင်-ဆာလ်ထောင်က

ဘွေပါးတောင်-အိုက်ကား

ဆူရ်ခွား ရွာစဉ်အဝေး

စစ်ခေါ်သံ ပေး

ချင်းပြည်မှာ မွေး ချင်းတို့ရဲ့သွေး။

(နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲ အဆက်ဆက်၌ အသက် စွန့်လွှတ်သွားကြသော ချင်းတောင်တန်းပေါ်မှ အာဇာနည်များသို့)

မောင်နေဝင်း

၅-၈-၁၉၈၂

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၂ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၃၆၊ အမှတ် ၄၂၆၊ နှာ ၄။