(နာမ်)


ဗျည်း ၃၃ လုံးတွင် ၃ လုံးမြောက် အက္ခရာ။ ဂငယ်ဟု ခေါ်သည်။


ဂ-ငယ်


ဗျည်းတို့၏တတိယအက္ခရာ ဖြစ်သည်။ ဖို-မအက္ခရာအားဖြင့် အဖိုအက္ခရာ ဂငယ်ဟုခေါ်သည်။ ဝဂ်အစဉ်အားဖြင့် က ဝဂ် တတိယအက္ခရာ ဖြစ်သည်။ အဃောသအက္ခရာ ပြင်းပြင်းရွတ်ဖတ်ရသည်။ အသံ၏ဖြစ်ပေါ်ရာအရပ် ဌာန်အားဖြင့် လည်ချောင်းအရပ်၌ ဖြစ်သော ကဏ္ဍဌာန် ဖြစ်သည်။ နှုတ်ခမ်းဖြင့် ထိ၍ ရွတ်ရသော ဖုဋ္ဌပယတ်လည်း ဖြစ်သည်။ ဖြစ် ခြင်းအကြောင်း ကရိုဏ်းအားဖြင့် ၄င်း၏ဌာန်ဖြစ်သော သကဌာန ကရိုဏ်း ဖြစ်၏။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ဂတိလေးပါး


အဂတိတရား လေးပါး ဟုလည်း ခေါ်သည်။ အပါယ်သို့ လားရာတရားစုများ ဖြစ်သည်။

(၁)​ဆန္ဒာဒေါသ၊ ဘယာမောဟ၊ အပါယ်ကျလိမ့်၊ ဓမ္မလေးမည်၊ ဂတိတည်က၊ လူ့ပြည်နတ်ရွာ ရောက်လေရာ၏။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ဂတိမြဲခြင်းဂုဏ်အင်္ဂါ


သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ပတ္ထနာ၊ ဤအင်္ဂါခြောက်ပါးနှင့်ပြည့်သူသည် ဂတိမြဲသည် မည်၏။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ဂတိငါးပါး


ပုထုဇဉ်တို့လားရာ ငါးပါး ဖြစ်သည်။

(၁) မနုဿဂတိ-လူ့ပြည်သို့ လားခြင်း၊

(၂) ဒေဝဂတိ-နတ်ပြည်၊ ဗြဟ္မာ့ပပြည်သို့ လားခြင်း၊

(၃) တိရစ္ဆာနဂတိ-တိရစ္ဆာန်ဘုံသို့ လားခြင်း၊

(၄) နိရယဂတိ-ငရဲပြည်သို့ လားခြင်း၊

(၅) ပေတဂတိ-ပြိတ္တာဘုံသို့ လားခြင်း။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ဂရုဓံတရားရှစ်ပါး


ဘိက္ခုနီရဟန်းမိန်းမတို့ တသက်ပတ်လုံး အစဉ်အမြဲ လိုက်နာ ကျင့်ကြံရမည့်တရား ရှစ်ပါး ဖြစ်သည်။

၁။ ရဟန်းယောက်ျား မရှိသော ကျောင်း၌ ဝါကပ် ဝါဆို မပြုရ။

၂။ ရဟန်းယောက်ျားများထံတွင် ၁၅ ရက် တစ်ကြိမ် ဥပေါသထပုစ္ဆက၊ ဩဝါဒပသင်္ကမန-တရားရှစ်ပါးကို ပန်ကြား တောင်းဆိုခြင်း။

၃။ ဝါကျွတ်သည့်အခါ ဥဘတော သံဃာ့ထံ ပဝါရဏာ ပြုရခြင်း။

၄။ ဘိက္ခုနီမသည် ဥဘတောသံဃာ၌ ပက္ခမာန ကို နှစ်စဉ်မပြတ် ကျင့်ရခြင်း။

၅။ နှစ်နှစ်တိုင်တိုင် သိက္ခမာန်အဖြစ် ဖြည့်ကျင့်ပြီးမှ ဥဘတောသံဃာ၌ ရဟန်းခံခြင်း။

၆။ ရဟန်းယောက်ျားတို့အား ပရိယာယ်သွယ်ဝိုက် ဆဲရေးခြင်း မပြုရခြင်း။

၇။ ရဟန်းတော်တို့ ဟောကြားဆုံးမတိုင်း လိုက်နာကျင့်ကြံခြင်း။

၈။ ယနေ့ပင် ရဟန်းပြုသော သံဃာ သာမဏေပင်ဖြစ်လင့်ကစား ဂါရဝပြုရခြင်း။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)




-ဆက်ရန်-