ကိ

ကိ


ကိမိလ၊ ကိမ္ဗိလ၊ ကိမ္ဘိလမြို့

ကိမိလသည် ဂင်္ဂါမြစ်ကမ်းပေါ် တည်ရှိနေသည့် နဂရမြို့ ဖြစ်သည်။ ကိမိလမြို့အနီး ဝေဠုဝန(ဝါးတော) ရှိ၏။ ပါဠိ ပိဋကတော်လာ ဇာတ်ကြီးဆယ်ဘွဲ့တွင် (၄)​ခုမြောက် နေမိဇာတ်တော်၌ လူ့ဘုံလောကသား နေမိမင်းကြီးသည် နတ် ပြည် (၆)ထပ်သို့ တက်၍ နတ်သားတို့၏ နတ်စည်းစိမ်များကို လှည့်လည် ကြည့်ရှုသောအခါ ရတနာမျိုးစုံ ရောင်ခြည် ဖြင့် ကိုယ်ခန္ဓာ ထွန်းလင်းတောက်ပနေသည့် နတ်သားက "မင်းကြီး... အကျွန်ုပ်သည် ရှေးဘဝက လူ့ပြည်တွင် ကိမ္ဗိလ မြို့၌ ရတနာသုံးပါးကို ကြည်ညိုသည့် ယောက်ျား ဖြစ်ခဲ့ဖူးပါသည်။ ထိုရတနာ သုံးပါးကို ကြည်ညိုသည့် ကုသိုလ်ကံ ကြောင့် ရတနာမျိုးစုံ ရောင်ခြည်ရှိသော နတ်သား ဖြစ်ရပါသည်" ဟု ပြောပြသည်။

ထို့အတူ နေမိမင်းကြီးသည် လူ့ပြည်တွင် တိုင်းကြီး (၁၆)တိုင်းကို ဘုရင်တို့ ထုံးစံအတိုင်း အခမ်းအနားဖြင့် တိုင်းခမ်း လှည့်လည်ရာ ကိမ္ဗိလမြို့သို့ ပြန်ရောက်သည့်အခါ လောဟကနှင့်ဘဒ္ဒတ္ထိက အမည်ရသူတို့က ခရီးဦး ကြိုဆိုကြသည်။ ကိမ္ဗိလမြို့သည် ရှေးသရောအခါက နေမိမင်းကြီး နေထိုင်သည့် ရာဇဌာနီမြို့ ဖြစ်သည်ဟု ဆို၏။ မြတ်စွာဘုရား လက် ထက်တော် အခါ၌ ကိမိလမြို့ဟု အမည်တွင်၍ မြတ်စွာဘုရားသည် ဤမြို့၏ ဂင်္ဂါမြစ်ကမ်း၌ ကိမိလသုတ္တန်ကို ဟော ကြားတော်မူခဲ့သည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)

Read more: ကိ

ကာ

ကာ


ကာချင်း

မြင်စိုင်းခေတ်ပေါ် မြန်မာ့စစ်ချီသီချင်း ဖြစ်သည်။ ဒိုင်းကဲ့သို့ ရန်သူကို ကာကွယ်ရန် ပြုလုပ်ထားသော ကာကို ကိုင်၍ သီဆိုရသော သီချင်းမျိုးဖြစ်သဖြင့် ကာချင်းဟုခေါ်သည်။ ပတ်သာ ခွက်ခွင်း မောင်း ကြေးနင်း စသော တူရိယာတို့ဖြင့် တီးမှုတ်ကြသည်။


ကာစော၊ ဦး၊ ဝန်ထောက်

ဦးကာစောသည် စစ်ကိုင်းမင်းလက်ထက်တွင် သံတော်ဆင့်ရာထူးမှ မင်းလှဇေယျကျော်ဘွဲ့ခံ ဝန်ထောက်အဖြစ် ခန့် အပ်ခံခဲ့ရပါသည်။ (ကုန်းဘောင်ခေတ်မင်းမှုထမ်းအဘိဓာန်-တင်နိုင်တိုး)


ကာတစ် (မိန်းမတင်ဆုံ) 

ကာတစ်မှာ မန္တလေးမြို့ ဘီလမ်းရှိ ဘယဆေးဆိုင် တဆိုင်အမည်ဖြစ်သည်။ ထိုဆိုင်မှာ စစ်မဖြစ်မီ ကာလကပင် ရှိခဲ့၍ ပိုင်ရှင်၏ အမည်ဖြင့် ကာတစ်ဆေးတိုက်ဟုခေါ်ဝေါ်၍ ဆေးတိုက်အမှတ်တံဆိပ်မှာ ဆေးထောင်းသော ဆုံတွင် ကျည်ပွေ့စိုက်ထားသော ပုံဖြစ်လေ သည်။ ကာတစ်ဟူသော အမည်ကို ကြားသိသူတိုင်း ဆုံတံဆိပ်ကိုလည်း တွဲလျက် သိရှိကြပြီးဖြစ်လေသည်။ ထို့ကြောင့် ကာလသား များက မိန်းမပျို၏တင်ပါးဆုံကို သွယ်ဝိုက်သော စကားဝှက်ဖြင့် တင်စား၍ "ဆုံ"အစား "ကာတစ်"ဟုပင် ခေါ်ဝေါ် ပြောဆို သုံးနှုန်းကြရာမှ ထိုစကားမှာ အရပ်ရပ်သို့ ပြန့်နှံ့တွင်ကျယ်၍ ဘန်းစကားတရပ် ဖြစ်တည်လာခဲ့သည်။


ကာဘော်လစ်အက်ဆစ်ကို တီထွင်ခဲ့သူ

အင်္ဂလန် အရက်ကုန်သည်ကြီး၏သား ဖြစ်သူ (ဂျိုးဆက်လစ်စကာ)က တီထွင်ခဲ့သည်။ ခရစ်နှစ် ၁၈၄၄ ခု၊ အသက် ၁၇ နှစ်အရွယ်က ခွဲစိတ်ပညာကို လန်ဒန်ရှိ နာမည်ကျော်ဆရာဝန်ကြီး ရောဘတ်လစ်စတန်ထံတွင် ၉ နှစ်တိုင် သင်ကြားခဲ့ ဖူးသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)


ကာမဏိစန္ဒာ၊ မြို့တော်ဝန်

ကာမဏိစန္ဒာသည် ဗဒုံမင်းလက်ထက်တွင် မြို့တော်ဝန်ရာထူး ရရှိခဲ့၏။ သူသည် ယခင်က ကင်းတပ်ဗိုလ်အဖြစ် အမှု ထမ်းခဲ့သူ ဖြစ်ပါသည်။ (ကုန်းဘောင်ခေတ်မင်းမှုထမ်းအဘိဓာန်-တင်နိုင်တိုး)


ကာမ(၁၁)ဘုံ

(၁)ငရဲဘုံ - ကာမဂုဏ်တရား ရှိ၏။

(၂)တိရစ္ဆာန်ဘုံ - ကာမဂုဏ်တရား ရှိ၏။

(၃)ပြိတ္တာဘုံ - ကာမဂုဏ်တရား ရှိ၏။

(၄)အသူရကာယ်ဘုံ - ကာမဂုဏ်တရား ရှိ၏။

(၅)လူ့ဘုံ - ကာမဂုဏ်တရား ရှိ၏။

(၆)စတုမဟာရာဇ်နတ်ဘုံ - ကာမဂုဏ်တရား ရှိ၏။

(၇)တာဝတိံသာနတ်ဘုံ - ကာမဂုဏ်တရား ရှိ၏။

(၈)ယာမာနတ်ဘုံ - ကာမဂုဏ်တရား ရှိ၏။

(၉)တုသိတာနတ်ဘုံ - ကာမဂုဏ်တရား ရှိ၏။

(၁ဝ)နိမ္မာနရတိ နတ်ဘုံ - ကာမဂုဏ်တရား ရှိ၏။

(၁၁)ပရနိမ္မိတ ဝသဝတ္တီနတ်ဘုံ - ကာမဂုဏ်တရား ရှိ၏။


ကာမဂုဏ်(၅)ပါး

(၁)ရူပါရုံ - ကြည့်စရာကောင်းသောရုပ်။

(၂)သဒ္ဒါရုံ - နားထောင်ရန် ကောင်းသော အသံ။

(၃)ဂန္ဓာရုံ - နမ်းစရာကောင်းသောာ အနံ့။

(၄)ရသာရုံ - လျှာပေါ်တွင် တွေ့သော အရသာ။

(၅)ဖောဋ္ဌဗ္ဗာရုံ - ကိုယ်နှင့်ထိ​က တွေ့သော အရသာ။ (ဗဟုသုတပုလဲပန်းကုံး)


ကာမဂုဏ် ခံစားသူတို့၏အိပ်ခြင်း

ကာမဂုဏ် ခံစားသူတို့သည် လက်ဝဲဘက်သို့ စောင်း၍ အိပ်သည်။ ကာမဂုဏ် ခံစားသူတို့သည် များသောအားဖြင့် လက်ျာသို့ စောင်း၍ အိပ်သောအလေ့အထ မရှိပေ။ ထို့ကြောင့် ရှေးသူဟောင်းတို့သည် လက်ဝဲသို့ စောင်း၍ အအိပ် သန်သူကို ကာမဂုဏ် အားကြီးသူဟူ၍ မှတ်ချက်ပြုကြသည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ကာမရူပတိုင်း

ဗြဟ္မပုတ္တ မြစ်ဝှမ်းရှိ အာသံ (Assam) ပြည်နယ်၊ ဂွါပရမြို့သည် ရှေးအခါက ပါစီဇောတိမြို့ ဖြစ်၍ ထိုပါစီဇောတိမြို့နှင့် အတူတကွ တည်ရှိသည့် နယ်မြေအရပ်ကို ကာမရူပတိုင်း ဟုဆိုသည်။ ကာမရူပတိုင်းသည် မြောက်ပိုင်း ဗုဒ္ဓသာသနာ (မဟာယာန) ထွန်းကားသည့်နယ်မြေဟု အဆိုရှိသော်လည်း တရုတ်ရဟန်းတော်၊ ဟူယင်ဆန် ရောက်ရှိသောအချိန်၌ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိ အယူရှိသူ တစ်ဦးတစ်ယောက်မျှ မတွေ့ဟူ၍ မှတ်တမ်း၌ ဖော်ပြထားသည်။ ကာမရူပတိုင်းသည် တောတောင် မြေများ မညီညွှတ် (အာသမ) ရှိသဖြင့် အာသံ(ပြည်နယ်) ဟု အမည်ဖြစ်လာလေသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


ကာမသုဂတိ(၇)ဘုံ

(၁)လူတို့၏ဘုံ

(၂)စတုမဟာရာဇိကနတ်ဘုံ

(၃)တာဝတိံသာနတ်ဘုံ

(၄)ယာမာနတ်ဘုံ

(၅)တုသိတာနတ်ဘုံ

(၆)နိမ္မာနရတိနတ်ဘုံ

(၇)ပရနိမ္မိတ ဝသဝတ္တီနတ်ဘုံ (ကာမဂုဏ်ချမ်းသာ တည်ရှိခြင်းကို ဆိုသည်။) (သင်္ဂြိုဟ်)


ကာမသုဂတိ(၇)ဘုံ

(၁)လူ့ဘုံ

အသက်တမ်း အမြဲမရှိ။ ဆုတ်ခြင်း တက်ခြင်း ရှိသည်။

(၂)စတုမဟာရာဇ်

နတ်သက် အနှစ် ၅ဝဝ။ လူ့ပြည်က အနှစ် ၅ဝ သည် စတုမဟာရာဇ်မှာ တစ်ရက် ဖြစ်သည်။ နတ်သက် အနှစ်် ၅ဝဝ ကို လူတို့အရေအတွက်အားဖြင့် (၉ဝဝဝဝဝဝ) ကိုးသန်း ဖြစ်သည်။

(၃)တာဝတိံသာ

နတ်သက် အနှစ်(၁ဝဝဝ)။ လူ့ပြည်မှာ အနှစ်တစ်ရာသည် တာဝတိံသာနတ်ဘုံတွင် တစ်ရက် ဖြစ်သည်။ တာဝတိံသာ နတ်သက် အနှစ်(၁ဝဝဝ)သည် လူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း (၃၆ဝဝဝဝဝဝ) သုံးကုဋေခြောက်သန်း ဖြစ် သည်။

(၄)မာယာ

နတ်သက် နှစ်ပေါင်း (၂ဝဝဝ)။ လူ့ပြည်က အနှစ်နှစ်ထောင်သည် ထိုနတ်ပြည်တွင် တစ်ရက် ဖြစ်သည်။ နတ်သက် (၂ဝဝဝ)သည် လူတို့၏နှစ်အရေအတွက်အားဖြင့် နှစ်ပေါင်း (၁၄၆ဝဝဝဝဝဝ) တစ်ဆယ့်လေးကုဋေခြောက်သန်း ဖြစ် သည်။

(၅)တုသိတာ

နတ်သက် အနှစ်(၄ဝဝဝ)။ လူ့ပြည်က နှစ်ပေါင်း (၄ဝ​ဝ)သည် တုသိတာနတ်ဘုံတွင် တစ်ရက် ဖြစ်သည်။ တုသိတာ နတ်သက် (၄ဝဝဝ)သည် လူတို့၏နှစ်ဖြင့် (၅၇၆ဝဝဝဝဝဝ) ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်း ဖြစ်သည်။

(၆)နိမ္မာနရတိ

နတ်သက် အနှစ်(၈ဝဝဝ)။ လူ့ပြည်က နှစ်ပေါင်း (၈ဝဝ)သည် နိမ္မာနရတိနတ်ဘုံတွင် တစ်ရက် ဖြစ်သည်။ နိမ္မာနရတိ နတ်သက် (၈ဝဝဝ)သည် လူတို့၏အရေအတွက် နှစ်ပေါင်း (၂၃ဝ၄ဝဝဝဝဝဝ) ကုဋေနှစ်ရာ့သုံးဆယ် အနှစ်လေးသန်း ဖြစ်သည်။

(၇)ပရနိမ္မိတ ဝသဝတ္တီ

နတ်သက် (၁၆ဝဝဝ)။ လူ့ပြည်က နှစ်ပေါင်း (၁၆ဝဝ)သည် ပရိနိမ္မိတ ဝသဝတ္တီနတ်ပြည်မှာ တစ်ရက် ဖြစ်သည်။ နတ် သက် (၁၆ဝဝဝ)သည် လူတို့၏အရေအတွက် နှစ်ပေါင်း(၉၂၁၆ဝဝဝဝဝဝ) ကုဋေပေါင်း ကိုးရာ့နှစ်ဆယ်တစ်ကုဋေ အနှစ်ခြောက်သန်း ဖြစ်သည်။ (ဗဟုသုတပုလဲပန်းကုံး)


ကာမေသုမိစ္ဆာစာရ အင်္ဂါ(၄)ပါး

(၁)မသွားလာသင့်သော မိန်းမ။

(၂)ပေါင်းဖော်လိုသောစိတ်။

(၃)ပေါင်းဖော်ခြင်း၌ အားထုတ်ခြင်း။

(၄)အင်္ဂါဇာတ်ဖြင့် အင်္ဂါဇာတ်သို့ သွင်းခြင်း၌ သာယာခြင်း။ (ဗဟုသုတပုလဲပန်းကုံး)


ကာမေသုမိစ္ဆာစာရ ရှောင်ကြဉ်ခြင်း အကျိုး(၁၆)ပါး

(၁)ရန်သူကင်းခြင်းလည်း တစ်ပါး။

(၂)လူအများ ချစ်ခြင်းလည်း တစ်ပါး။

(၃)အစားအဝတ် နေစရာ အားကိုးစသည်ကို ရခြင်း။

(၄))ချမ်းချမ်းသာသာ အိပ်ရခြင်း တစ်ပါး။

(၅)ချမ်းချမ်းသာသာ နိုးရခြင်း တစ်ပါး။

(၆)အပါယ်ဘေးလွတ်ခြင်းလည်း တစ်ပါး။

(၇)မိန်းမ မဖြစ်နိုင်ခြင်းလည်း တစ်ပါး။

(၈)အချက်နည်းပါးခြင်းလည်း တစ်ပါး။

(၉)မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ခြင်းလည်း တစ်ပါး။

(၁ဝ)အတိုင်းမသိ စည်းစိမ်များခြင်း တစ်ပါး။

(၁၁)ယုံမှားကင်းခြင်းလည်း တစ်ပါး။

(၁၂)ကြောင့်ကြ ကင်းခြင်းလည်း တစ်ပါး။

(၁၃)ချမ်းသာစွာ နေရခြင်းလည်း တစ်ပါး။

(၁၄)ဘေးမရှိသည်လည်း တစ်ပါး။

(၁၅)ချစ်သောသူတို့နှင့် မကွေကွင်းရခြင်း။

(၁၆)အသက်ရှည်ခြင်း တစ်ပါး။ (ဗဟုသုတပုလဲပန်းကုံး)


ကာမဏ္ဍမြို့

ကာမဏ္ဍသည် အဝန္တိတိုင်း၌ တည်ရှိသော မြို့ ဖြစ်သည်။ အရှင်ဥဒါယီ မထေရ်သည် ကာမဏ္ဍမြို့တွင် တောဒေယျ ပုဏ္ဏား၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေထိုင်စဉ် တစ်နေ့သ၌ ဝေရဟစ္စာနိ အနွယ် ပုဏေးမသည် အရှင်ဥဒါယီ မထေရ်အား "ရဟန္တာတို့သည် အဘယ်တရား ရှိသော် ချမ်းသာဆင်းရဲကို ပညတ်ပါကုန်သနည်း။ အဘယ်တရား မရှိ ​သော် ချမ်းသာဆင်းရဲကို မပညတ်ပါကုန်သနည်း" ဟု လျှောက်ထားသဖြင့် အရှင်ဥဒါယီ မထေရ်က ဝေရာဟစ္စာနိ သုတ္တန်တရားကို ဟောကြားခဲ့သည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


ကာရန်

ကဗျာသီချင်းတို့တွင် အသံတူ ချိတ်ဆက်သော ဝဏ္ဏပုဒ် ဖြစ်သည်။


ကာရန်သင့်သည် (အကြောင်းအပေါင်း သင့်သည်၊ တိုက်ဆိုင် ပြေညီသည်)

ကဗျာလင်္ကာများတွင် အသတ်အစပ် အသံအားဖြင့် တူညီသည်ကို ကာရန်ကိုက်သည်၊ ကာရန်သင့်သည်ဟု ဆိုသည်။ "ဗေဝနာ၊ ဟေမဝါ၊ စေတနာ" တို့သည် ကာရန်ညီ စကားလုံးများပင် ဖြစ်သည်။ ထိုသဘောကို တင်စား၍ တစ်ဦးနှင့် တစ်ဦး လိုက်လျောပြေကျေခြင်း၊၊ သဘောတူညီခြင်း၊ အလိုက်အဖက် ညီခြင်း စသည်တို့ကို ကာရန်သင့်သည်ဟုဆိုလေ သည်။ ကာရန်ကိုက်သည်၊ ကာရန်လိုက်သည် ဟူ၍လည်း သုံးသည်။ တစ်ဆင့်အားဖြင့် အပေါင်းအသင်း ပြေပြစ်ခြင်း၊ ခိုက်ရန် မဖြစ်ပွားခြင်းကိုလည်း ဆိုသည်။


ကာယကံ(၃)ပါး

(၁)ပါဏာတိပါတ - သူ့အသက်ကို လျင်စွာ သတ်ခြင်း။

(၂)အဒိန္နာဒါန - အရှင်မပေးသည့်သူ၏ဥစ္စာကို ယူခြင်း။

(၃)ကာမေသုမိစ္ဆာစာရ - ကိလေသာ ကာမကိစ္စကို မှားသောအားဖြင့် ကျင့်ခြင်း။


ကာလ(၃)ပါး

(၁)အတိတ်ကာလ - လွန်ခဲ့သောကာလ။

(၂)အနာဂတ်ကာလ - နောက်ဖြစ်​ပေါ်မည့်ကာလ။

(၃)ပစ္စုပ္ပန်ကာလ - ယခုဖြစ်ဆဲကာလ။


ကာလစမ္ပမြို့

ကာလစမ္ပသည် အင်္ဂတိုင်း၌ တည်ရှိသော နဂရမြို့ ဖြစ်သည်။ ကာလစမ္ပမြို့မှ မိတ္ထီလာမြို့သို့ ယူဇနာခြောက်ဆယ် ရှည်သော လှည်းလမ်းခရီးဖြင့် ဆက်သွယ်နေသဖြင့် ဟိမဝန္တာအရပ်မှ ရသေ့ရဟန်း သူတော်စင်များသည် ဆား၊ အချဉ်၊ အစပ်၊ အမွှေးအကြိုင် စသော ယာယီ အသုံးအဆောင် ပစ္စည်းများကို အလိုရှိသည့်အခါ ကာလစမ္ပမြို့သို့ လာရောက်ကြ သည်။ ကာလစမ္ပမြို့သည် သောဏကောဠိ​ဝိသ မွေးဖွားရာ မြို့လည်း ဖြစ်သည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်း ရုပ်ကြွင်း ပုံရိပ်လွှာများ)


ကာလဒါန (၅)မျိုး

(၁)အာဂန္တုကဒါန - ဧည့်သည်များအား ကျွေးမွေးလှူဒါန်းခြင်း။

(၂)ဂမိကဒါန - ခရီးသွားများကို ​ကျွေးမွေးလှူဒါန်းခြင်း။

(၃)ဂိလာနဒါန - နာမကျန်း၍ ရောဂါ ကပ်ရောက်သသူများကို လှူဒါန်းခြင်း။

(၄)ဒုဗ္ဘိက္ခဒါန - ဆင်းရဲသူများကို မြင်သဖြင့် ပေးကမ်းလှူဒါန်းခြင်း။

(၅)သီလဝန္တနဝဖလဒါန - မြတ်သောအလှူခံပုဂ္ဂိုလ်အား သီးဦး စားဦးကို လှူဒါန်းခြင်း။ (ပဉ္စကအင်္ဂုတ္တိုရ်)


ကာ​လပေါ် တီးဝိုင်း

ခေတ်ပေါ် သီချင်းများကို သီဆိုတီးမှုတ်သော တူရိယာအဖွဲ့မျိုး ဖြစ်သည်။


ကာလပေါ် သီချင်း

ခေတ်အလိုက် ပေါ်ထွန်းလာ​ေသော (ဝါ) မဟာဂီတဝင် မဟုတ်သော သီချင်းမျိုး ဖြစ်သည်။


ကာလပေါ်အဆိုတော်

ခေတ်ပေါ်သီချင်းများကိုသာ သီဆိုသော အဆိုတော်မျိုး ဖြစ်သည်။


ကာလနဂါး (အအိပ်ကြီးသောသူ)

မြတ်စွာဘုရားသည် သ​ဗ္ဗညုတဉာဏ်တော်ကို ရပြီးနောက် နေရဉ္စရာမြစ်တွင် ဃနာနို့ဆွမ်းကို ဘုဉ်း​ပေးပြီးသော် ရွှေခွက်မျှောတော်မူရာ ရှေးဘုရားရှင်တို့၏ရွှေခွက်တို့ မြှုပ်ရာအရပ်သို့ ရောက်လျှင် ရွှေခွက်နစ်၍ ရှေးရွှေခွက်တို့နှင့်ထိလျက် အသံမြည်လေသည်။ ထိုအသံကို အိပ်ပျော်နေသော ကာလနဂါး နိုး၍ ကြားလေသော် "အော်-ဘုရားတဆူ ပွင့်ပြန်လေပြီ"ဟု ဆိုမြည်လေသည်။ ကာလနဂါးသည် ဘုရားတဆူပွင့်မှ တကြိမ်နိုး သည်ဆို၏။ ထိုနဂါးကို စွဲ၍ အိပ်ရေးကြီးသူ၊ အအိပ် အစုံမက်သူတို့အား တင်စား၍ ခေါ်သည်။


ကာလသား ရောဂါပြခန်း (Veneral Diseases)

ကာလသားရောဂါပြခန်းတွင် ထရီပိုနီးမားပါလီဒမ်(ခေါ်)စစ်ဖလစ်ရောဂါပိုးကြောင့် ခန္ဓာကိုယ် ပျက်စီးရပုံများ၊ ဂနို ကော်တိုင်းခေါ် ဆီးပူညောင်းကျ ရောဂါပိုးကြောင့် ခရုသင်းဖြစ်ပုံများ စသည်တို့ကို ပြသထားသည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၇)


ကာဝီရ၊ ကာ​ဝီရ ပတ္တနရွာ

ကာဝီရသည် ဒမိဠတိုင်း၏ အစိတ်အပိုင်း ဖြစ်သော စောဠတိုင်း၌ တည်ရှိသည့် မြစ်ဆိပ်ရွာ (ပတ္တန) ဖြစ်သည်။ လကုန္တ ကတိမ္ဗု၏ဇနီး သုမနာသည် ကာဝီရပတ္တနရွာ၏ သင်္ဘောသားတစ်ဦးအိမ်၌ မွေးဖွားခဲ့သည်။ အကိတ္တိရသေ့သည် ကာဝီရရွာ ပန်းခြံ၌ နေထိုင်သည်။ ကာဝီရရွာသည် တမီနာဒူး (Tamilnadu) ပြည်နယ် ခေတ်သစ် ​ကာဝေရီပတ္တန (Kaveripatnam) ဆိပ်ကမ်းခြေတွင် တည်ရှိလေသည်။ အမှန်အားဖြင့် ကာဝေရီမြစ်ဝ၌ တည်ရှိသော တံငါသည်များ ရွာသည် ကာဝီရရွာ ဖြစ်သည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


 


-ဆက်ရန်-

က

က


က

ဗျည်းတို့၏ရှေးဦး ပထမအက္ခရာ ဖြစ်သည်။ ဖို-မ အက္ခရာအားဖြင့် အဖိုအက္ခရာ ကကြီးဟုခေါ်သည်။ ဝဂ်အစီအစဉ် အရ က-ဝဂ်၏ပထမအက္ခရာလည်း ဖြစ်သည်။ အသံ၏ဖြစ်ပေါ်ရာဌာန ဌာန်အားဖြင့် လည်ချောင်းအရပ်၌ ဖြစ်သော ကဏ္ဌဌာန် ဖြစ်သည်။ နှုတ်ခမ်းဖြင့် ထိ၍ ရွတ်ဆိုရသော ဖုဋ္ဌပယတ်လည်း ဖြစ်သည်။ ဖြစ်ခြင်းအကြောင်းကရိုဏ်းအား ဖြင့် ၄င်း၏ဌာန်ဖြစ်သော သကဌာနကရိုဏ်း ဖြစ်သည်။ (ဗျည်း နှင့် သရ လည်းရှု။) (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

Read more: က

ကား

ကား


ကား

(၁) ပြန့်ကားတင်းမာအောင် ဘောင်ပေါ်တွင် ကြက်ထားသော ပိတ်။

(၂)ရုပ်ပုံသဏ္ဌာန် ပေါ်အောင် ဖော်ထားသော မျက်နှာပြင်မျိုး။ "ပန်းချီကား။ ရုပ်ရှင်ကား။"

(၃)ဇာတ်ခုံတွင် တင်ကာချကာ ပိတ်ကာဖွင့်ကာ သုံးရသော ကန့်လန့်ကာကြီး။

(၄)ဆီဆုံခါးတွင် ထောက်၍ ကျည်ပွေ့ကို ဘောင်းဖြင့် ဆက်ထားသော ပျဉ်ချပ်ကြီး။ ဆုံကား။

(ကြိ)၁။ပြန့်ကျယ်သည်။ ၂။ဖြန့်ချဲသည်။ ၃။အမှန်ထက် ပိုလွန်၍ ပြုမူပြောဆိုသည်။

(နဝိ)၁။ပြန့်ကျယ်သော။ ၂။အမှန်ထက် ပိုလွန်၍ ​ပြုမူပြောဆိုသော။

Read more: ကား