ဦးဖေ

ဦးဖေသည် ဝရုဏပျို့ကို ဘုရားဟောပါဠိတော် ခုဒ္ဒကနိကာယ်၊ တိံသနိပါတ် ကုမ္ဘဇာတ်တော်မှ လာသည့်အတိုင်း ပျို့ အဖြစ် ရေးသား စပ်ဆိုထားခြင်း ဖြစ်လေသည်။ သေအရက်၏မူလဘူတ ဖြစ်ပေါ်လာပုံနှင့်သေအရက်ကြောင့် ပျက်စီးရာ သော အဖြစ်တို့ကို ဟောတော်မူသည့်ဇာတ်တော် ဖြစ်သည်။ သေရည်အိုးတို့၏အဓိပ္ပါယ်ကို ဆောင်သဖြင့် ဤဇာတ်ကို ကုမ္ဘဇာတ်ဟု တွင်၍ သေအရက် သောက်မိမှားသော ဝရုဏ ရသေ့ကြီးအကြောင်း ဖော်ပြသဖြင့် ဦးဖေက သူ၏ပျို့ကို ဝရုဏပျို့ဟု အမည်ပေးခဲ့လေသည်။

ဆုရပြီးစာမူကို မြန်မာ့အလင်း သတင်းစာပုံနှိပ်တိုက်က အဖိုး ၁၂ ပဲဖြင့် ပုံနှိပ် ထုတ်ဝေသည်။

သီရိစတုရင်္ဂဗလဘွဲ့ခံ မြန်မာပညာရှိ ဦးဖေအား မန္တလေးမြို့ အောင်နန်းရိပ်သာအရပ်တွင် ၁၂၂၃ ခုနှစ်၊ ဒုတိယ​ဝါဆို လပြည့်ကျော် ၂ ရက်၊ အင်္ဂါနေ့ (၂၃-၇-၁၈၆၁)၌ ဖွားမြင်သည်။

ပထမရွှေကျင်ဆရာတော်ဘုရား အထံတော်၌ ပညာသင်ကြားခဲ့၍ ရဟန်းဝတ်ဖြင့် သုံးဝါရပြီးနောက် လူထွက်သည်။

 

သီပေါမင်းလက်ထက်တွင် ဦးဖေသည် ဗိုလ်မှူးအဖြစ် ခန့်အပ်ခြင်း ခံရ၍ တတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ပါဝင် တိုက်ခိုက်ခဲ့သူ ဖြစ်လေသည်။ အင်္ဂလိပ်မင်းများလက်ထက် စာတော်ပြန် လွှတ်တော်ရုံးတွင် အလုပ်လုပ်စေ၏။ ၁၂၆၃ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာတော်စိန်ခို၏လက်ထောက် အဖြစ်ဖြင့် ၁၅ နှစ်တိုင်တိုင် ကျောက်စာများကို စုဆောင်း ရှာဖွေ လေ့လာခဲ့၏။ ၁၂၈၃ ခုနှစ်ခန့်တွင် အငြိမ်းစား ရိက္ခာတော် ရခဲ့လေသည်။


အငြိမ်းစား ယူပြီးနောက် တောင်ခွင်သာသနာပိုင်ဆရာတော်ဘုရားကြီးထံတွင် အတိုင်ပင်ခံ အကူအညီ လုပ်ကိုင်ရင်း သီရိစတုရင်္ဂဗလ ဟူသော ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံရ၏။ ထို့ပြင် မန္တလေး ဥပစာကောလိပ်တွင် ပါဠိမြန်မာ ကထိက အဖြစ် ၁၂၉၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့၏။

ဦးဖေ ရေးသားစီရင်ခဲ့သော ကျမ်းပေါင်း များစွာတို့တွင် စေတီယင်္ဂဏဌာနကို ဆုံးဖြတ်ရာ ဥဒ္ဒေသ ၁၇ ဂါထာ၊ စေတီယင်္ဂဏဝိနိစ္ဆယယကျမ်း၊ စေတီယင်္ဂဏတ္ထ ဝိဘာဝနီဋီကာပါဌ်၊ ဝိသုံဂါမဝိနိစ္ဆယကျမ်း၊ ကဗျတ္ထစန္ဒိကာကျမ်း၊ ရာဇ ဝံသဇာလိနီ မည်သော ပုဂံရာဇဝင်ကျမ်းသစ်၊ ရွှေကူကြီးဘုရားကျောက်စာဂါထာ ၁​ဝဝ နိသျ၊ အလင်္ကာရတ္ထ ဝိဘာဝနီ ကျမ်း၊ ကဗျဝဏ္ဏနာ၊ မတတ်လိမ္မာ ဖြေစာတမ်း၊ နန္ဒစေတီယကထာ၊ ဇိဏ္ဏကာဝါသ ပဋိသင်္ခါရဏာစာတန်း၊ ဝရုဏပျို့ အစရှိသည်တို့ ဖြစ်သည်။

ဦးဖေသည် ၁၃ဝ၅ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ (၂၉-၈-၄၃)တွင် စစ်ကိုင်းမြို့ ခေမာသင်္သကချောင်၌ ကွယ်လွန်သည်။


-ဒဂုန်ရွှေမျှား ပြုစုရေးသားသော မြန်မာနိုင်ငံ စာပေဆုများစာအုပ်မှ ထုတ်နှုတ်ချက် ဖြစ်ပါသည်။