ပုပ္ပါးဦးကျော်ရင် (၁၂၆၉-၁၃ဝ၈)

ပုပ္ပါးဦးကျော်ရင်သည် ကျောက်ပန်းတောင်းမြို့နယ် ရသေ့တောင်ရွာ ဇာတိဖြစ်၍ ဦးကြာခိုင်၊ ဒေါ်အုန်းရီတို့၏သား ဖြစ် သည်။ ၁၂၆၉ ခု၊ နတ်တော်လဆန်း၊ ၅ ရက် (၁၉ဝ၇ ခု၊ ဒီဇင်ဘာလ၊ ၉ ရက်) တနင်္လာနေ့တွင် ဖွားမြင်သည်။

ပညာဆည်းပူးချိန်တွင် ရသေ့တောင်ရွာမှ တည်ပင်တဲရွာသို့ ပြောင်းရွှေ့ခဲ့ပြီး ဦးရီးတော်သူ ဆရာတော်ဦးကေသရထံ၌ စတင် ပညာသင်သည်။ ခုနစ်နှစ်သား အရွယ်တွင် သာမဏေ ပြုရာ ရှင်ကောသလ္လ ဟုတွင်သည်။ (၁၃)နှစ်သားအရွယ် တွင် ပထမလယ်တီဆရာတော်နှင့် ဒုတိယလယ်တီဆရာတော်တို့ထံ၌ ဆက်လက် ပညာဆည်းပူးသည်။ ဘွဲ့အမည်မှာ လည်း ရှင်ကောဝိဒ ဖြစ်သွားသည်။ အသက်(၂ဝ)တွင် ရဟန်းခံပြီးနောက် အမရပူရ တူးမောင်းတိုက်ဆရာတော်ဦးနန္ဒိယ ထံတွင် ပညာဆည်းပူးသည်။ ထို့နောက် ပခုက္ကူမြို့သို့ ပြောင်းရွှေ့ပြီး မဟာဝိသုတာရာမတိုက် ဆရာတော်ဦးပညာနှင့် ဦးနန္ဒဝံသတို့ထံတွင် ဆက်လက် ပညာဆည်းပူးသည်။

 

အရှင်ကောဝိဒသည် အသက် ၂၂ နှစ်တွင် ပထမပြန်စာမေးပွဲ အကြီးတန်းကိုလည်း​ကောင်း၊ အသက် ၂၃ နှစ်တွင် အမျိုးသား ပရိယတ္တိပထမကျော်စာမေးပွဲကိုလည်းကောင်း၊ အသက် ၂၅ နှစ်တွင် အစိုးရ ပထမပြန်စာမေးပွဲ၌ ပထမ ကျော်ကိုလည်းကောင်း ကောင်းစွာ ပေါက်မြောက် အောင်မြင်သည်။

ထိုနှစ်မှာပင် မန္တလေးသို့ ပြောင်းရွှေ့၍ စကုကျောင်းတိုက်၌ စာချဆရာတော်အဖြစ် ဆောင်ရွက်သည်။ အသက် ၂၆ နှစ် တွင် မန္တလေး ပရိယတ္တိသာသနဟိတအသင်းက ဆက်ကပ်သော ဓမ္မာစရိယဘွဲ့နှင့်အစိုးရက ဆက်ကပ်သော ပထမ ကျော်ဘွဲ့တို့ကို ရရှိသည်။ ထို့နောက် မုံရွာလယ်တီကျောင်းတိုက်သို့ ပြန်ရောက်ပြီး စာပေ ပို့ချပေးသည်။ လယ်တီ ဦးကောဝိဒ ဟူ၍ ထင်ရှားသည်။

အရှင်ကောဝိဒသည် ပခုက္ကူ၌ သီတင်းသုံးစဉ် ပါဠိဂဝေသီအသင်းကိုလည်းကောင်း၊ မန္တလေးနှင့်မုံရွာတို့၌ သီတင်းသုံး စဉ် ပါဠိဘာဏီအသင်းကိုလည်းကောင်း တည်ထောင်ခဲ့သည်။ မန္တလေး စကုတိုက်၌ သီတင်းသုံးစဉ် ကဗျာသင်တန်း ဖွင့်ခဲ့သည်။

၁၉၂၄ ခုနှစ်မှစ၍ ဒဂုန်မဂ္ဂဇင်းတွင် အရှင်ကောဝိဒသည် "ပုပ္ပါးဦးကျော်ရင်" အမည်ဖြင့် ဒုတိယအယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ အယ်ဒီတာချုပ် လယ်တီပဏ္ဍိတဦးမောင်ကြီး ကွယ်လွန်ပြီးနောက် ၁၉၃၉ ခုနှစ်မှစ၍ ပုပ္ပါးဦးကျော် ရင်က အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ လယ်တီပဏ္ဍိတဦးမောင်ကြီး၏တိုက်တွန်းချက်အရ ဒဂုန်မဂ္ဂဇင်းတွင် လယ်တီဦးကောဝိဒ အမည်ဖြင့် လောကီ လောကုတ္တရာ အကျိုးပြုဆောင်းပါးများကို လည်းကောင်း၊ ပုပ္ပါးဦးကျော်ရင် အမည်ဖြင့် ကာလပေါ်ဝတ္ထုများ၊ ဆောင်းပါးများ၊ ကဗျာများကို လည်းကောင်း၊ မန္တလေးမောင်သန်းမြ အမည်ဖြင့် မိဖုရားစော ရာဇဝင်ဝတ္ထုကို လည်းကောင်း၊ သလ္လာဝတီတင်အုံ အမည်ဖြင့် ယုဝတီမာလာခန်း ဆောင်းပါးများကို လည်းကောင်း၊ တစ်ခါတစ်ရံ လယ်တီပဏ္ဍိတဦးမောင်ကြီး၏နီတိမာလာခန်း၊ ထေရာထေရီ ဘာသာပြန်ခန်းတို့တွင် ဝင်ရေးရသည်။ အရှင်ကော​ဝိဒသည် ဒဂုန်မဂ္ဂဇင်း အယ်ဒီတာချုပ်တာဝန်နှင့်စာရေးသည့်ကိစ္စများကို မုံရွာမြို့မှာ သီတင်းသုံးရင်း ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ခေါင်းကြီးပိုင်းနှင့်လိုအပ်သော စာများကို မုံရွာမှ ရေးပို့သည်။ စာများ အချိန်မီ မရောက်လျှင် ဒဂုန်ဦးစန်းငွေ (ဒဂုန်မောင်စံသူ)က တာဝန်ယူ ရေးသားပေးရသည်ဟု သိရသည်။

အရှင်ကောဝိဒ ပြုစုသော စာပေများတွင် ကဗျာ့မျက်လုံး ဗျာကရုဏ်း ခေါ် ကဝိဘာရတီကျမ်းကာဗျဘာရတီ ကျမ်း (မပြီးဆုံး)၊ လယ်တီပဒမာလာဆန္ဒောဘာရတီ စသည့်ကျမ်းများ ထင်ရှားသည်။

၁၉၄၁ ခု၊ ဒုတိယကမ္ဘာစစ် ဖြစ်ပွားချိန်တွင် လယ်တီကျောင်းတိုက်ကို မီးသင့်သည့်အတွက် အရှင်ကောဝိဒသည် မုံရွာ အနီး ခိုသန်းရွာသို့ ပြောင်းရွှေ့သီတင်းသုံးရသည်။ ထို့နောက် စစ်ကိုင်း လေးကျွန်းမြေအုတ်ကျောင်း၊ ပုဂံမြင်းကပါ မနုဟာကျောင်း၊ တည်ပင်တဲရွာတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့သီတင်းသုံးသည်။ တည်ပင်တဲရွာအနီး ရသေ့တောင် တောရတွင် စံကျောင်းဆောက်၍ ဧကစာ သီတင်းသုံးသည်။ "ပုညကာရီ" ဓမ္မာရုံတွင် အရှင်ကောဝိဒ၏တရားပွဲများ ကျင်းပသည်။

၁၉၄၆ ခုနှစ်တွင် လူဝတ်လဲ၍ ဆွေမျိုးနီးစပ် အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင် ပြုသည်။ ၁၃ဝ၈ ခု၊ တန်ခူးလပြည့်​ ကျော် ၆ ရက် (၁၉၄၆ ခု၊ ဧပြီလ၊ ၂၂ ရက်)တွင် မိမိကို ရန်ငြိုးဖွဲ့နေသော လူဆိုးဓားပြများ၏လက်ချက်ဖြင့် ကွယ်လွန် အနိစ္စ ရောက်သည်။

-ကျမ်းကိုး-

(၁)ပုပ္ပါးဦးကျော်ရင်။ ကဗျာ့မျက်လုံး ဗျာကရုဏ်းခေါ် ကဝိဘာရတီကျမ်း၊ ပ၊ ဒု။

(၂)ငွေဥဒေါင်း။ သီးခြား စာဝင်္ကပါ။ စာ ၃၃၈-၃၄၅။

(၃)မလိခ။ မြန်မာစာပေ အဘိဓာန် ၃။ စာ ၁၃၆။

(၄)မလိခ။ မြန်မာစာပေ အဘိဓာန် ၄။ စာ ၁၂၆-၁၂၈။


မောင်သုတအမည်ခံ ဗိုလ်မှူးဘသောင်း(မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုသော စာဆိုတော်များအတ္ထုပ္ပတ္တိကျမ်း၊ နှာ-၃၉၇ -၃၉၈ မှ ထုတ်နှုတ်တင်ပြပါသည်။