ဒဂုန်ဦးလှဘေ (၁၂၆၁-၁၃၄၈)

  • Print

ဒဂုန်ဦးလှဘေသည် ရေတာရှည်မြို့ ဇာတိ ဖြစ်၍ ၁၂၆၁ ခုနှစ်၊ ပထမဝါဆိုလဆန်း ၈ ရက် (၁၈၉၉ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက်) တွင် ဖွားမြင်သည်။ ဖခင်မှာ တောင်သူ လုပ်ကိုင်သော ဦးရေချမ်း ဖြစ်၍ မိခင်မှာ ဒေါ်ပန်းဥ ဖြစ်သည်။ သွေးချင်း ၇ ယောက်တွင် တတိယမြောက် ဖြစ်သည်။

ဒဂုန်ဦးလှဘေသည် တောင်ငူမြို့ ဦးလက္ခဏာနော်မန်ကျောင်းတွင် ပညာသင်ရာ ခေတ်ပညာနှင့်သဒ္ဒါသင်္ဂြိုဟ် စသော ဘုန်းကြီးကျောင်း ပညာများကိုပါ ဆည်းပူးခဲ့သည်။ ၁၉၁၈ ခုတွင် အင်္ဂလိပ်-မြန်မာ ကိုးတန်းအောင်မြင်သည်။ ထို့နောက် မန္တလေးမြို့ သမဝါယမပညာနှင့်စာရင်းစစ် ပညာသင်ကျောင်း၌ ပညာသင်ကြားသည်။ ၁၉၂ဝ-၂၁ တွင် အထက်တန်း သမဝါယမပညာနှင့်စာရင်းစစ် စာမေးပွဲ အောင်မြင်သည်။

 

၁၉၂၁ ခုမှစ၍ မန္တလေးတိုင်း သမဝါယမဝန်ထောက် ဦးမောင်မောင်ပြားထံတွင် တွဲဖက် စာရင်းစစ်အဖြစ် အမှုထမ်း သည်။ ထိုစဉ်မှာပင် မြန်မာစာ မြန်မာမှုဆိုင်ရာ နိုင်ငံခြားပညာရှင်၊ မြန်မာပညာရှင်တို့၏လေ့လာမှုများကို အနီးကပ် လေ့လာခွင့် ရခဲ့သည်။ မြန်မာစာညွှန့်ပေါင်းကျမ်းနှင့်မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းတို့ကို တည်းဖြတ်ရာတွင် အကူ အညီ ပေးခဲ့ရသည်။

ဒဂုန်ဦးလှဘေသည် ထိုစဉ်ကပင် သစ္စာဝါဒီသတင်းစာနှင့်အခြား စာနယ်ဇင်းများ၌ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၂၉ ခုတွင် ဒဂုန်မဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း ဒဂုန်ဦးလှဘေ ကလောင်အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၄ဝ ပြည့်တွင် ဗြိတိသျှဘားမား ရုပ်ရှင်စာစောင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ၁၉၄၅-၄၆ တွင် ဟံသာ​ဝတီသတင်းစာ တွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။

၁၉၅၇ ခုနှစ်တွင် ဗိုလ်တထောင်သတင်းစာ တည်ထောင်သူ တစ်ဦးအဖြစ် ပါဝင်သည်။ မြန်မာစာကော်မရှင်(ယခု မြန်မာစာအဖွဲ့) တွင် အဖွဲ့ဝင်အဖြစ် ကွယ်လွန်သည်အထိ ဆောင်ရွက်ခဲ့သည်။

ဒဂုန်ဦးလှဘေ၏စာပေဆောင်းပါးများကို စာတံခွန် ရွှေပြည်တန်နီတိစာပေယဉ်ကျေးမှု စသည်ဖြင့် စာအုပ်များ ထုတ်ဝေခဲ့သည်။

ဒဂုန်ဦးလှဘေသည် ၁၃၄၈ ခု၊ ဝါဆိုလဆန်း ၃ ရက် (၁၉၈၆ ခု၊ ဇူလိုင်လ ၉ ရက်) ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။


-ကျမ်းကိုး-

(၁)၁၃၄၇ ခုနှစ်၊ ရန်ကုန်တိုင်း စာဆိုတော်နေ့အခမ်းအနား၊ အကန်တော့ခံ သက်ကြီးစာပေပညာရှင်များ၏အတ္ထုပ္ပတ္တိ။ ၁၉၈၅။ စာ ၁၅။

(၂)မလိခ။ မြန်မာစာပေအဘိဓာန် ၃။ စာ ၁၄၉-၁၅ဝ။

(၃)မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၇။ စာ ၂၉၃-၂၉၄။


ဗိုလ်မှူးဘသောင်း(မောင်သုတ) ရေးသော စာဆိုတော်များအတ္ထုပ္ပတ္တိစာအုပ်၊ နှာ ၃၇၄-၃၇၅ မှ ​ထုတ်နှုတ်ချက် ဖြစ်ပါ သည်။