အနိရုဒ္ဓ (၁ဝ၄၄-၁ဝ၇၇) - ဒေါက်တာသန်းထွန်း

မှတ်တမ်းရှိမှ သမိုင်း။ မှတ်တမ်း မရှိတဲ့ကာလကို အကြိုသမိုင်း (Pre-history) ​ခေါ်ပါတယ်။ မြန်မာ့မှတ်တမ်းတွေကို ခရစ်နှစ် တစ်ဆယ့်တစ်ရာစုနှစ် ရောက်တဲ့အခါမှ စတင်တွေ့တဲ့အတွက် ခရစ်နှစ် တစ်ဆယ့်တစ်ရာစုနှစ် ပထမထက်ဝက် အထိ ခေတ်ပြိုင် မြန်မာဘာသာအက္ခရာတင် (ရေးသားပြီး) မှတ်တမ်းမရှိလို့ ထိုအစောပိုင်းကို အကြိုသမိုင်းဝင် ကာလဟု သတ်မှတ်သည်။ အက္ခရာတင် ရေးသားပြီး ရှိတဲ့ ပျူကျောက်စာ၊ မွန်ကျောက်စာနဲ့ခရစ်နှစ် ကိုးရာစုနှစ်လောက် စောတဲ့ တရုတ်မှတ်တမ်းတွေ ရှိတယ်။ မြန်မာမှတ်တမ်းများကို ခရစ်နှစ် တစ်ဆယ့်တစ်ရာစုနှစ်ထက်​ စောပြီး မတွေ့တာပါ။ ခပ် လွယ်လွယ်ပြောရရင်တော့ အနိရုဒ္ဓ မတိုင်မီက မြန်မာစာနဲ့ ရေးသားတဲ့ အမှတ်အသား မရှိပါ။ မြန်မာလိုရှိတဲ့ မှတ်တမ်း တွေကလည်း ခေတ်ပြိုင် မဟုတ်လို့ ကျွန်တော်တို့ အားမကိုး အသုံးမပြုပါ။ မောင်ချစ်စကုန်းမှာ တွေ့တဲ့ မြေပုံဘုရား (အများခေါ် အုတ်ခွက်စာ) တွေကို ခရစ်နှစ် တစ်ဆယ့်တစ်ရာစု နှစ်လယ်လို့ သတ်မှတ်ပြီး စာတစ်စောင် ရေးခဲ့ဖူးပါပြီ။

 

အနိရုဒ္ဓ (အနော်ရထာမင်းစော) ကိုယ်တိုင် မွန်ဘာသာ၊ ပါဠိ သက္ကတဘာသာတွေနဲ့ မြေပုံဘုရားငယ်များမှာ စာရေးထိုးခဲ့ တာတွေ ရှိတယ်။ ဒီမှတ်တမ်းတွေမှာ ဘုရင့်နာမည်ကို အနိရုဒ္ဓလို့ ရေးတာတွေ့တာနဲ့ အများသုံး နော်ရထာလို့ မရေးမခေါ် ဘဲ အနိရုဒ္ဓလို့ ရေးသား ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ အနိရုဒ္ဓ နန်းသက်ကိုလည်း ထိလိုင်ရှင် (ထီးလှိုင်ရှင် ကျန်စစ်သား) မင်းဖြစ်တဲ့ နှစ်ကို ခရစ်နှစ် ၁ဝ၈၄ ဟု (ရာဇကုမာရကျောက်စာ) အရ ရေးပါသည်။ ဝဇြာဘရဏ(စောလူး) နန်းသက်ကို (ဇာတာတော်ပုံအရ) နန်းသက် ခုနစ်နှစ် ဖြစ်လို့ မင်းဖြစ်တဲ့ ခရစ်နှစ်ဟာ ခရစ်နှစ် ၁ဝ၇၇ နှစ် ဖြစ်မည်ဟု ဖော်ပြပါသည်။

အနိရုဒ္ဓ (ဇာတာတော်ပုံအရ) နန်းသက် သုံးဆယ့်သုံးနှစ် ဖြစ်သည့်အတွက် ခရစ်နှစ် ၁ဝ၄၄ မှာ ဖြစ်မည်ဟု တွက်ယူခြင်း ဖြစ်ပါသည်။ နန်းသက်ကို ဘာပြုလို့ ဇာတာတော်ပုံက ယူသလဲဆိုရင် ထိလိုင်ရှင် (ထီးလှိုင်ရှင်) ကစပြီး ကျောက်စာပါ အထောက်အထားနဲ့ ဇာတာတော်ပုံ အမှတ်အသားများ တိုက်ဆိုင်ညီညွှတ်သည်ကို တွေ့ရသည့်အတွက် ယူငင်သုံးစွဲခြင်း ဖြစ်ပါသည်။ အခု ပြောခဲ့တဲ့အတိုင်း အနိရုဒ္ဓ (၁ဝ၄၄-၁ဝ၇၇) လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ထို့ပြင် အနိရုဒ္ဓသည် မြန်မာ မင်းများအနက် ခေတ်ပြိုင်မှတ်တမ်း အစောဆုံး ရှိတဲ့မင်း ဖြစ်ပါတယ်။

မြန်မာများ ယခု မြန်မာနိုင်ငံအတွင်း ဝင်ရောက်မလာမီ အချိန်များ၏အကြောင်းကို အတတ်နိုင်ဆုံး အကျဉ်းချုံ့ပြီး ကျွန်တော်ရေးဖူးတာကို ပြန်၍ တင်ပြပါရစေ။ (သန်းထွန်း "မြန်မာသမိုင်း၊ လူမှုရေးရာအယူအဆ" အင်္ဂလိပ်ဘာသာနဲ့ရေး သားပြီး Asian Research Trends, A Humanities and Social Science Review, UNESCO, No.4 (1994) pp.  55-70 ကြည့်ပါ။)

တရုတ်တွေ ဖိလို့ တိဗက်မြန်မာအနွယ်ဝင်တွေဟာ (တရုတ် အနောက်မြောက်ထောင့် တိဗက်နယ်စပ်က) အရှေ့တောင်ကို ဆင်းလာကြတယ်။ သူတို့အထဲက ပျူတွေဟာ ခပ်စောစောကာလ ခရစ်မပေါ်မီ ငါးရာစုနှစ်လောက်က စပြီး ရွှေ့ပြောင်းကြ ပါတယ်။ သိုးထိန်းတွေအနေနဲ့ "ရေကြည်ရာ မြက်နုရာ" ရှာပြီး ဟွမ်(Huang) နဲ့ ဝေ(Wei)မြစ်ဆုံကို ရောက်လာကြတယ်။

ဇီချွမ်(Szechwan) ကို ခရစ်မပေါ်မီ လေးရာစုနှစ်ဆိုရင် ရောက်နေကြပြီ။ အဲဒီမှာ သိုးထိန်းဘဝက တောင်သူဘဝကို ပြောင်းခဲ့လို့ ရွာတည်ပြီး အခြေတကျနေစပြုပါတယ်။ ငြိမ်းချမ်းသာယာရှိလို့ လူဦးရေလည်း ပွားများလာတယ်။ ယန်ဇီ (Yangtze) မြစ်ကို ကူးပြီး ယူနန်(Yunnan) အရှေ့မြောက်ပိုင်းထိအောင် ပွားများ(Budding) လာပါတယ်။ ထိုအခါမှာ လည်း ဖိစီးနှိပ်စက်သူတွေနဲ့ ထပ်ပြီး ကြုံတွေ့ရပြန်သည်။ ကိုးရာစုနှစ် တရုတ်မှတ်တမ်းများအရ သူတို့အပေါ် မင်းမူသူ​ တွေက နန်ကျောင်(Nan Chao) တွေဖြစ်တယ်။ ရက်ရက်စက်စက် နှိပ်ကွပ်စေခိုင်းတာကို ခံကြရတယ်။ ဒါပေမဲ့ နန်​ ကျောင်ရှေ့ချီတပ်ဦး (Vanguards) မှာ သူတို့​ပါဝင်ပြီး သတ္တိဗျတ္တိနဲ့ အမှုထမ်းခဲ့ကြတယ်။ သူတို့အပေါ်မှာ ဖိစီးရက်စက်သူ တွေ ခရစ်နှစ် ကိုးရာစုနှစ်နှောင်းပိုင်း ရောက်တဲ့အခါ အင်အား ယုတ်လျော့ချိန် ဖြစ်လာလို့ သူတို့နဲ့လွတ်ရာ မြန်မာမြေပြန့် ကို ရွှေ့ပြောင်းလာပါတယ်။ (လု့စ် ၁၉၄ဝ-၃၂၃)

ပျူဒေသကို နန်ကျောင်တပ်က ခရစ်နှစ် ၈၃၂-၈၃၅ မှာ ဝင်ရောက်လုယက် ဖျက်ဆီးစဉ်က သူတို့လည်း ပါဝင်ခဲ့ကြတာဖြစ် လို့ ပျူဒေသမှာ သူတို့ကို ဟန့်တားနိုင်သူ မရှိ၊ အလွယ်တကူ ဝင်ပြီး သိမ်းယူနေနိုင်တယ်လို့ သိပြီး ဖြစ်တယ်။ တိုင်းနိုင်ငံ အသစ်ကို ငါတို့ ထူထောင်ခွင့် ရပြီလို့ သိ မသိ ​မပြောတတ်ပါ။ ဒါပေမဲ့ သူတို့ မြန်မာမြေပြန့်နဲ့ကျောက်ဆည်နယ်မှာ စတင် နေထိုင်ပြီ။ ထူထောင်တဲ့နိုင်ငံဟာ (ပျူပြည်ထောင်စု ပေါ်ထွန်းပြီးနောက်) နောက်ထပ် ပြည်ထောင်စုတစ်ခု ဖြစ်လာပါ တယ်။ ပျူရပ်ဌာနီကို သန့်စင်ခြင်း အနက်အဓိပ္ပါယ် ရှိတဲ့ ဗြာဟ္မဝသ္တုလို့ အိန္ဒိယတိုင်းသားတွေက ခေါ်တဲ့နာမည်ကိုပဲ မြန်မာ​က ယူပြီး သုံးလို့ ဗြာဟ္မလို့ ​အခေါ်ခံတယ်။

အစပထမ သိုးထိန်း၊ နောက် ပိုးမွေးသူ၊ မြင်းမွေးသူ၊ မုရင်းစပါးစိုက်သူ၊ အရှေ့တောင်အာရှ၌ ပြည်နယ်တွေကို တိုက်ခိုက် လုယက်တဲ့ တပ်များမှာ ပါဝင်တိုက်ခိုက်သူ၊ နောက်ဆုံး မြန်မာမြေပြန့်မှာ ဆည်ရေသောက် လယ်စိုက်သူတွေ ဖြစ်လာပါ တယ်။ (သန်းထွန်း ၁၉၉၄၊ ၆၃)

မြန်မာတွေအပေါ်မှာ အုပ်ချုပ်သူက (မင်း)အခေါ်ခံတယ်။ ပုဂံမင်းကြီး အနိရုဒ္ဓလက်ထက်မှာ ပျူတွေ ထူထောင်ခဲ့ဖူးတဲ့ ပြည်ထောင်စုမျိုးကို ခရစ်တစ်ဆယ့်တစ်ရာစုနှစ် နှစ်လယ်မှာ ထူထောင်ခဲ့ပါတယ်။

အနိရုဒ္ဓနန်းသက်ကို (၁ဝ၄၄-၁ဝ၇၇)လို့ သတ်မှတ်တာဟာ သိပ်မမှားနိုင်။ သေချာလှပြီလို့လည်း မပြောရဲပါ။ အနိရုဒ္ဓရဲ့ မူလပိုင်နက်ဟာ တမ္ပဒီပ ဖြစ်တယ်။ မြစ်သားဆယ့်တစ်ခရိုင်နဲ့မင်းဘူးခြောက်ခရိုင်တွေပဲ ပါမယ်။ တောင်ပိုင်းရဲ့မြောက် ဖျားဟာ တောင်တွင်း ဖြစ်တယ်။ ဧရာဝတီမြစ်ကြောင်းမှာတော့ မိကျောင်းရဲအောက် ပြည်တော်သာကျွန်းဟာ တောင် ဘက်နယ်ကုန်။ မြောက်ဘက်မှာ ဧရာဝတီ-မြစ်ငယ်ဆုံရာ၊ တောင်ပြုံးခရိုင်ဟာ နယ်ဆုံး။ ကျောက်ဆည်နယ် မြောက်ဖျား မှာ ရောက်နေတဲ့ မွန်တွေ၊ ဧရာဝတီမြစ်ရိုးက ပျူတွေဆီက မြန်မာတွေဟာ ဗုဒ္ဓသာသနာနဲ့အတူ စာရေးစာဖတ်ပညာကို လည်း ရတယ် ပြောရင် ဖြစ်တယ်။

ပုဂံမှာ အစောဆုံး တွေ့ရတယ်လို့ ဆိုနိုင်တဲ့ ဘူးဘုရားဟာ ပျူပုံစံစေတီ၊ ပျူလက်ရာစေတီ ဖြစ်မယ်။ အရင်က စွဲလမ်းခဲ့တဲ့ နတ်ကိုးကွယ်မှုလည်း ရှိနေမှာ ဖြစ်တယ်။ သရပါတံခါးရဲ့အစောင့် မဟာဂီရိနတ်မောင်နှမကို ကြည့်ရုံနဲ့ နတ်ကို ဆက်လက် ယုံကြည်မြဲ ဖြစ်တယ်လို့ ပြောခွင့်ရပါတယ်။ စောစောက ပြောခဲ့တဲ့ မြောက်-တောင်ပြုံး၊ တောင်-ပြည်တော်သာကျွန်း၊ ဧရာ ဝတီတောင်ပိုင်းဟာ အနိရုဒ္ဓ နန်းရစ တမ္ဗဒီပလို့ ခေါ်တဲ့ ပုဂံပြည်နယ် ဖြစ်ပါတယ်။

အဲဒီအချိန်ကို ​ဗုဒ္ဓသာသနာ သက်ဝင်ယုံကြည်တဲ့ နိုင်ငံသမိုင်းတွေအရ ဗုဒ္ဓသာသနာကျဆင်းချိန်နဲ့ တိုက်ဆိုင်နေတယ်။ တရုတ် စုန့်(Sung) မင်းဆက်ဟာ ၁၁ ရာစုနှစ်မှာ ဗုဒ္ဓအယူ မှေးမှိန်ပြီး ကွန်ဖြူသစ် စတင်ထွန်းကားနေပြီ။ တိဗက်မှာ ပဒ္မ သမ္ဘဝဂိုဏ်းဟာ နတ်အယူ(Demonology) ဘက် သိပ်ပြီး ယိမ်းယိုင်နေပြီ။ ဗင်္ဂလား၊ ပါလ(Pala) က တန္တြမဟာယာန ဂိုဏ်း ပျံ့နှံ့လွှမ်းမိုးလာတယ်။ မြောက်အိန္ဒိယကို မူဆလင်တွေ ဝင်လာပြီ။ စန္ဒြမင်းဆက် အကျမှာ ဗုဒ္ဓသာသနာလည်း ပြိုလဲစ ပြုတယ်။ ဗြာဟ္မဏဝါဒ ပြန်လည်ထွန်းကားလာတာကလည်း ဗုဒ္ဓသာသနာရဲ့အကြီးဆုံးအန္တရာယ် ဖြစ်ခဲ့ပါတယ်။ မဟာယာနဂိုဏ်းနဲ့ဟိနယာန(ထေရဝါဒ)ဂိုဏ်း ကွဲပြားနေတာဟာလည်း ပိုပြီး နက်ရှိုင်းလာတယ်။ အိန္ဒိယတောင်ပိုင်းမှာ စောဠ(Cola) နိုင်ငံ ကြီးပွားလာတော့ သိဝဂိုဏ်း(Saivite) က ခရစ်နှစ် တစ်ဆယ်ရာစုနှစ်ကပဲ အကြီးကျယ်ဆုံး ဖြစ်လာ ပါတယ်။ သီရိလင်္ကာ(Ceylon) မှာလည်း စောဠတွေဟာ ၁ဝ၁၇ က ၁ဝ၇ဝ ထိ တစ်ကျွန်းလုံးလိုလို အုပ်ချုပ်ခဲ့ကြတယ်။

ပထမဝိဇယဘာဟုက (၁ဝ၅ဝ) လောက်ကစပြီး စောဠတွေကို ပုန်ကန်ခဲ့ပေမယ့် ဗုဒ္ဓသာသနာ ပြန်ပြီး မစည်ကားတော့ပါ။ စောဠတွေဟာ ဩီဝိဇယ(Palem Bang) ကို ၁ဝ၂၅ ကစပြီး တိုက်ခဲ့တာ စုမတြ(Sumatra) မြောက်ပိုင်းနဲ့ကြ(Kra) အထိ မလယ(Malaya) ကို လွှမ်းမိုးခဲ့တယ်။ တရုတ်ရဟန်းတော် ယိစင်(I-Tsing) ခုနစ်ရာစုနှစ်က ရောက်စဉ်က အံ့ဩချီးမွမ်း တဲ့ ဗုဒ္ဓသာသနာနယ်ကြီးဟာလည်း အရှေ့ကမ်းခြေ၊ ကြ(Kra) တောင်ဘက် ဩီဓရ်မရာဇာ(Ligor) မှာပဲ နည်းနည်းကျန် ရစ်ပါတယ်။ တောင်ပိုင်း တိုင်းနိုင်ငံမှာရှိတဲ့ ထေရဝါဒနိုင်ငံကြီး ဒွါရာဝတီလည်း ခရစ်နှစ် တစ်ဆယ့်တစ်ရာစုမှာ ခမေရ်တို့ တိုက်ခိုက်ဖြိုခွဲတာကို ခံနေရပါတယ်။ မဟာနဂရ(Angkor) က ပထမသူရိယဓရ်မန်မင်းဟာ လောပ္ဗုရိ(Lopburi) ကို သိမ်းယူပြီး ၁ဝဝ၂ က ၁ဝ၅ဝ တွင်း ကမ္ဘောဇအာဏာဟာ ထိုင်းတစ်နိုင်ငံလုံးကို လွှမ်းမိုးခဲ့ပါတယ်။ ဗုဒ္ဓသာသနာကို နှိပ် ကွပ်တယ်လို့ တိုက်ရိုက် အထောက်အထား မရှိပေမယ့် ထောက်ပံ့ခြင်း မရှိတာကတော့ သေချာပါတယ်။ မြန်မာနယ်ပယ် တွေကို ခမေရ်တို့ ဝင်ရောက်ဖို့ ကြိုးစားတာကို​လည်း တွေ့ရပါတယ်။ ကြွမ်း(ဂြွမ်း) စစ်သည်ဆိုတာ အဲဒီခမေရ်တွေကို ဆို လိုပါတယ်။ ဗုဒ္ဓသာသနာကို ထိန်းနိုင်သူဟာ သီရိလင်္ကာမှာ ဝိဇယဗာဟု၊ မြန်မာမှာ အနိရုဒ္ဓပဲ ရှိပါတယ်။ အနိရုဒ္ဓ အကြောင်းကို အမှန်ပြောရရင် သိပ် မသိပါ။

ပါဠိ အနုရုဒ္ဓဘွဲ့ကို နှစ်သက်သည်၊ မဆန့်ကျင်သည်လို့ အနက်ပေးတယ်။ သက္ကတ အနိရုဒ္ဓဘွဲ့ကတော့ မချုပ်တည်း၊ မတား ဆီးသည်လို့ အဓိပ္ပါယ် ရှိတယ်။ မြေပုံဘုရားစာတွေမှာ အနိရုဒ္ဓလို့ အကြိမ်ကြိမ် ရေးတယ်။ အနိရုဒ္ဓလို့ သူ့ကို ဆက်ခံသူတွေ ကသာ ရေးတယ်။ မြေပုံဘုရားမှာ အနိရုဒ္ဓမင်းက ဂေါတမ မြတ်စွာဘုရားပုံတော်ကို လက်မြေထိဟန်နဲ့ ပုံနှိပ်သလို လောက နာထ ဘုရားလောင်းပုံတော်ကိုလည်း ညာလက်တော်က ဝရဒမုဒြာ၊ ဘယ်လက်တော်က ကြာပန်းကိုင်ထားပြီး ညာခြေ တွဲလွဲနဲ့ လလိတာသနံ ပုံနှိပ်မြဲ ဖြစ်ပါတယ်။ ဒါတွေကို တွေ့တော့ အနိရုဒ္ဓကို ထေရာဝါဒတစ်ခုတည်း ထောက်ခံအားပေး တယ်လို့ မယူသာ။ ဒီမြေပုံဘုရား နှစ်မျိုးစလုံးကို မြန်မာနိုင်ငံ အနှံ့အပြား တွေ့နေရတာကတော့ ပုဂံမင်းကြီးက မြန်မာ အားလုံးကို ဗုဒ္ဓသာသနာဝင် ဖြစ်အောင် ဟောပြောဆုံးမ သိမ်းသွင်းစေတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဟိနယာနဲ့မဟာ ယာန နှစ်ဂိုဏ်းလုံးကို အားပေးတဲ့မင်း ဖြစ်တယ်။

ကလျာမဂ္ဂဇင်း၊ ဇွန်လ၊ အမှတ် ၁၄၆၊ ၁၉၉၇။