ပုဂံသင်္ကြန် - ဒေါက်တာသန်းထွန်း

သင်္ကြန်ဆိုတဲ့ စကားအရင်းအမြစ်က ပါဠိ သင်္ကန္တ၊ သက္ကတ သင်္ကြန္တ ဖြစ်လို့ ခေါင်းလျှော်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ကုန်းဘောင်ခေတ် ဘုရင်တွေ ခေါင်းလျှော်တာကို ပွဲတစ်ခုအနေနဲ့ သင်္ကြန်တော်ခေါ်တယ်လို့ ရာဇဝင်ကျမ်းတွေမှာ တွေ့နေ ပါတယ်။ အညစ်အကြေး စင်အောင် ဥပုသ်စောင့် ခေါင်းလျှော် လုပ်ကြတယ်။ ဇာတာကို တွက်စစ်ပြီး ကံဇာတာ ညံ့တဲ့အခါ လုပ်တယ်။ လူအများကတော့ အတာနှစ်သစ်ကူးချိန်မှာ ဥပုသ်စောင့်တယ်။ လူကြီးတွေကို ခေါင်းလျှော်ပေးတယ်။ ဘုရား ဆင်းတုကို ရေသပ္ပါယ်တယ်။ အဲဒါနဲ့ဆက်ပြီး တနင်္ဂနွေဂြိုဟ် တစ်ရာသီက တစ်ရာသီကို ပြောင်းရွှေ့တာကိုလည်း သင်္ကြန် လို့ခေါ်မယ်။ အထူးသဖြင့် မိန်ရာသီက မိဿရာသီကို ပြောင်းတဲ့အခါ သင်္ကြန်ရက်လို့ ဖြစ်လာပါတယ်။ ပုဂံခေတ်ကလည်း လူအများဟာ အတာကူးရက်တွေမှာ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီး လူကြီးမိဘကို ခေါင်းလျှော်ပေးမယ်။ ဘုရား ဆင်းတုကို ရေသပ္ပါယ်မယ်။

 

ပုဂံခေတ်က သင်္ကြန်အကြောင်း သိပါရစေတဲ့။ မပြောတတ်ပါ။ အားကိုးဆိုလို့ ကျောက်စာပဲ ရှိတယ်။ တွေ့ဖူး ဖတ်ဖူးသမျှ ကျောက်စာတွေထဲမှာ သင်္ကြန်အကြောင်း မပါဘူး။ ဘယ်​နေ့ ဘယ်ရက် ဘယ်အချိန် သင်္ကြန်ကျ၊ ဘယ်တော့ သင်္ကြန်တက် ဆိုတာ မတွေ့ပါ။ ဒီနှစ် ဝါကြီးထပ်၊ ဝါငယ်ထပ်၊ ဝါမထပ်လို့လည်း မသိရ။ ဝါထပ်ရင်လည်း ပထမတန်ခူး၊ ဒုတိယတန်ခူး ကိုပဲ သုံးသလား။ ပထမဝါဆို ဒုတိယဝါဆိုပဲ သုံးသလား မသိရ။ ဝါဆို ဆိုတဲ့နာမည်ကိုတောင် မသုံးဘူး။ ဝါဆိုက မ္လယ်တာ ၊ ဝါခေါင်က နံကာ၊ သီတင်းကျွတ်က သန္တူ လို့ခေါ်တယ်။

ပညာရှိတွေက တွေးတောကြံဆပြီး မ္လယ်က မြေ၊ တာကတော့ အတိုင်းအတာ ယူတာ၊ လယ်စိုက်ပျိုးဖို့ မြေကို ထွန်၊ ကန်သင်းတင်၊ အဲဒါတွေ လုပ်တာကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ ဟုတ်ချင်မှ ဟုတ်မယ်။ နံကာ ဆိုတာမှာ နံကာက အလုပ်၊ လယ်ထဲမှာ အလုပ်များလှတယ်လို့ ဆိုပါတယ်။ သန္တူ ဆိုရင် သန်က စပါးပင်။ တူက ထူ၊ အပင်တွေ ဖြစ်ထွန်းနေ ပြီ။ ဒီလို ပြောတာက အဖြေကို တိုက်ရိုက် မရှိတဲ့အခါ ဟိုလိုတွေး၊ ဒီလိုကြံဆိုတာမျိုး ဖြစ်ကြရပါတယ်။ ပုဂံခေတ်က ဘာ ကို စံထားပြီး ပြက္ခဒိန် တွက်သလဲဆိုရင် (စန္ဒြမာသ) လပြက္ခဒိန်ကို စံပြုမယ် ထင်တယ်။ ဒီလိုပြောတာ ဟုတ်မှ ဟုတ်ရဲ့ လားလို့လဲ တွေးစရာ ရှိပါတယ်။

သူရိယ သိန္ဓကျမ်းကို ၁၇၈၇ မှာ ဗာရာဏသီက ပညာရှိ ဗြဟ္မဏဘဝါနိဒိန် ယူပြီး အမရပူရကို ရောက်လာလို့ အဲဒီအခါမှ သူရိယသိန္ဓန္တကို မြန်မာပြန်ရတယ်။ အသုံးပြုတတ်တယ်။ ဒီလို ပြောလိုက်ရင် ပုဂံခေတ်က သူရိယသိန္ဓန္တကို မသုံးသေးဘူး ပေါ့။ ဒါပေမယ့် ခရစ်နှစ် ၆၃၈ ကစတဲ့ သက္ကရာဇ်ကို ပြန်ပြီး ခရစ်နှစ် ၂​​ဝဝဝ ထိ ပြက္ခဒိန်ကို လုပ်မယ်ဆိုရင် စောစောပိုင်း က မကာရန္တနည်းကို သုံးမယ်။ ခရစ်နှစ် ၁၈၅၄ ရောက်မှ သိန္ဓတ္ထနည်းကို သုံးပါတယ်။ ဒီနာမည်တွေ ဘာကို ညွှန်းသလဲ ဆိုရင် ပထမနည်းအရ တစ်နှစ်မှာ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၆ စက္ကန့် ရှိတယ်။ ဒုတိယနည်းအရ တစ်နှစ်မှာ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၆.၅၆ စက္ကန့် ရှိတယ်လို့ အဖြေထွက်လာတယ်။ ဒါဖြစ်ရင် ဒီနှစ် သင်္ကြန် တက်တဲ့ရက်၊ လ၊ နေ့၊ နာရီ၊ မိနစ်၊ စက္ကန့်မှာ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၆.၅၆ စက္ကန့်ပေါင်းရင် နောင်နှစ် သင်္ကြန်တက်တဲ့ရက်ကို ရတယ်။ အဲဒါ လောက် လွယ်ပါတယ်။ အတာတက်ပြီး နောက်တစ်ရက် နှစ်ဆန်းတစ်ရက်လို့ အခု အားလုံး ယူကြတယ်။ အတာ တက်တဲ့ စက္ကန့်ကို နှစ်ဟောင်း ကုန်တယ်။ နောက်တစ်စက္ကန့်ဟာ နှစ်သစ်လို့ယူရမယ်လို့ ဆိုရင်လည်း ဖြစ်နိုင်စရာ ရှိပါတယ်။

ဂျူးတွေက နေဝင်ရင် နောက်တစ်ရက် စတယ်။

အင်္ဂလိပ်တွေက သန်းခေါင်မှာ နောက်တစ်ရက် စတယ်။

မြန်မာက အရုဏ်လာမှ နောက်တစ်ရက် စတယ်။

အဲဒါမျိုးလိုပေါ့၊ ဥပုသ်ပြုတဲ့ တချို့ရဟန်းက လပြည့်မှာ တကယ် မပြည့်သေးဘူး။ လပြည့်ကျော်တစ်ရက်မှ တကယ်ပြည့် တာ။ မယုံရင် တွက်ကြည့်ကွယ်လို့ ပြောတာလည်း ကြားဖူးပါတယ်။ ငြင်းမနေနဲ့ ရာဇပဓာနံ ဆိုတော့လည်း ပြတ်တာပဲ။

ဒီနှစ် သင်္ကြန်တက်တဲ့ လရက် လနေ့ မိနစ် စက္ကန့်မှာ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၆.၅၆ စက္ကန့် ပေါင်းရင် နောင်နှစ် သင်္ကြန်တက်တဲ့ရက်ကို ရတယ်ဆိုရင် အတက်ရက် နာရီ မိနစ် စက္ကန့်မှာ ၂ ရက် ၃ ရက် ၅၇ မိနစ် ၃၆ စက္ကန့်ကို နုတ်ရင် "ကျချိန်ကို အတိအကျ သိရပါလိမ့်မယ်"တဲ့။ အေဒီ ၃၆၈ က အေဒီ ၂ဝဝဝ ထိ အင်္ဂလိပ်-မြန်မာပြက္ခဒိန် တွက်ပေးခဲ့တဲ့ အာဝင် (Sir Alfred Irwin) ကတော့ ပုဂံခေတ်မှာ မကာရန္တနည်းကို သုံးတယ်လို့ (အလုပ် ဖြစ်အောင်) ယူဆပြီး တွက်ယူ ခဲ့ပါတယ်။ အဲဒီအယူအဆကို ကျွန်တော်တို့ ဆက်ခံပြီး တွက်ယူနေကြပါတယ်။ ပုဂံခေတ်က နှစ်ဟောင်း ကုန်ပြီ၊ နှစ်သစ် ကူးပြီလို့ ကျောက်စာထဲမှာ မတွေ့ရပါ။ ဒါပေမယ့် နှစ်တွေကို နာမည် မှည့်ထားပါတယ်။

ပိသျက် (ဝိသာခါ)

စိဿ (ဇေဋ)

အာသတ် (အသဋ္ဌီ)

သရဝန် (သရဝဏ်)

ဘဿ (ဘဒြ)

အာသိန် (အဿယုဇ္ဇ)

ကြတိုက် (ကြတ္တိက္ကာ)

မြိုက္ကသိုလ် (မိဂသီ)

ပုဿ (ဖုသျှ)

မာဃ (မာဃ)

ဖ္လကိုန် (ဘရဂုဏ္ဏီ)

ဘယ်နှစ်ကို ဘယ်နာမည် ခေါ်မလဲ သိချင်ရင်-

သက္ကရာဇ်တည်၊ ၂ ခုနုတ်၊ ၁၂ နဲ့စား၊ အကြွင်းကို နှစ်နာမည်လို ယူရပါတယ်။ ပုဂံခေတ်ကျောက်စာထဲမှာ နှစ်နာမည် မှန်အောင် မရေး၊ မှားတာကို မကြာခဏ တွေ့ရပါတယ်။ အဲဒါအပြင် နှောင်းတန်ခူး၊ ဦးတန်ခူးလည်း ဘယ်တော့မှ ပြတ်သားအောင် ခွဲမရေးဘူး။ ပထမဝါဆို၊ ဒုတိယဝါဆိုလည်း မဖော်ပြဘူး။ နယုန်လဆုတ် ၁၄ ရက် လကုန်တယ်၊ နယုန် လဆုတ် ၁၅ ရက်မှ လကုန်တယ်လို့လည်း မဖော်ပြဘူး။ ဝေါဟာရလည်း ပုဂံကျောက်စာတွေထဲမှာ မတွေ့ဘူး။ သင်္ကြန်ကျ တယ်၊ သင်္ကြန်တက်တယ်၊ နှစ်ဆန်းတစ်ရက် ဆိုတာတွေလည်း မဖော်ပြဘူး။ ဒါပေမယ့် စောစောက ပြောခဲ့သလို မြန်မာ သက္ကရာဇ်ကို အေဒီ ၆၃၈ ကစပြီး သုံးလာခဲ့ချိန်ကပဲ မကာရန္တနည်းကို သုံးခဲ့ပါတယ်လို့ ယူဆပြီး အာဝင် (Sir Alfred Irwin) က တွက်ပြင် (ဇယားအင်းစောက်) လုပ်ခဲ့ပါတယ်။ (Irwin, A, "The Elements of the Burmese Calender, from A.D. 638 to 1752", The Indian Antiquary, November 1910, pp. 284-314).

အဲဒီတွက်ပြင်ထဲမှာ မြန်မာရက်၊ ခရစ်ရက်၊ ဝါငယ် ဝါကြီး သိသာအောင် နယုန်ရက်ကုန် ၂၉/၃ဝ ကို ဖော်ပြပြီး နှစ်ဆန်း ၁ ရက်ဟာ ဘယ်ရက်လို့ ပြောပြပါတယ်။ ဥပမာ - မြန်မာသက္ကရာဇ် အစနှစ် (A.D. 638) မှာ တန်ခူးလဆန်း ၁ ရက်ဟာ စနေနေ့၊ မတ်လ ၂၁ ရက်၊ တန်ခူးလဆန်း ၂ ရက်၊ တနင်္ဂနွေနေ့၊ ဂျူလီယံပြက္ခဒိန် ၆၃၈ ခု မတ်လ ၂၂ ရက်၊ စက် ၁၁ နာရီ ၁၁ မိနစ် ၂၄ စက္ကန့်မှာ သင်္ကြန်တက်တယ်၊ ဝါမထပ်။

မြန်မာသက္ကရာဇ် ၂ ခု (A.D. 640) မှာ တန်ခူးလဆန်း ၁ ရက်ဟာ တနင်္ဂနွေနေ့၊ ဖေဖေါ်ဝါရီ ၂၇ ရက်၊ တန်ခူးလဆုတ် ၉ ရက် အင်္ဂါနေ့၊ ဂျူလီယံ (JULIAN) ပြက္ခဒိန် ၆၄ဝ ပြည့်၊ မတ်လ ၂၁ ရက် အင်္ဂါနေ့၊ စက်ည ၁၁ နာရီ ၃၆ မိနစ် ၃၆ စက္ကန့် မှာ သင်္ကြန်တက်တယ်။ ဝါငယ်ထပ်။ မြန်မာသက္ကရာဇ် ၅ ခု (A.D. 643) မှာ တန်ခူးလဆန်း ၁ ရက်ဟာ တနင်္ဂနွေနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်၊ တန်ခူးလဆုတ် ၁၃ ရက် စနေနေ့၊ ဂျူလီယံ ပြက္ခဒိန် ၆၄၃၊ ဖေဖေါ်ဝါရီ ၂၃ ရက် စနေနေ့၊ စက် ညနေ ၆ နာရီ ၁၄ မိနစ် ၂၄ စက္ကန့်မှာ သင်္ကြန်တက်တယ်၊ ဝါကြီးထပ်။ အနိရုဒ္ဓ(အနော်ရထာ) နန်းတက်တဲ့နှစ်ကို အေဒီ ၁ဝ၄၄၊ သက္ကရာဇ် ၄ဝ၆ လို့(ယာယီ) သတ်မှတ်ထားတဲ့အတွက် အဲဒီနှစ်က တန်ခူးလဆန်း၊ သင်္ကြန်တက်ရက်တွေကို ဒီလို ပြထားပါတယ်။

မြန်မာသက္ကရာဇ် ၄ဝ၆ ခု(A.D. 1044) မှာ တန်ခူးလဆန်း ၁ ရက်ဟာ ကြာသပတေးနေ့၊ မတ်လ ၁ ရက်၊ တန်ခူးလဆုတ် ၁ဝ ရက်၊ တနင်္ဂနွေနေ့၊ ဂျူလီယံပြက္ခဒိန် ၁ဝ၄၄၊ မတ်လ ၂၅ ရက် တနင်္ဂနွေနေ့ စက်မွန်းတည့် ၁၂ နာရီ ၂၇ မိနစ်၊ စက္ကန့် ပြည့်မှာ သင်္ကြန်တက်တယ်၊ ဝါကြီးထပ်။ ပုဂံခေတ်ကုန် (သက္ကရာဇ် ၆၆၂၊ A.D. 1300) မှာ မြန်မာသက္ကရာဇ် ၆၆၂ ခု တန်ခူးလဆန်း ၁ ရက်ဟာ တနင်္လာနေ့၊ မတ်လ ၂၁ ရက်၊ တန်ခူးလဆန်း ၇ ရက် တနင်္ဂနွေနေ့၊ ဂျူလီယံ ပြက္ခဒိန် ၁၃ဝဝ၊ မတ်လ ၂၇ ရက် တနင်္ဂနွေနေ့ စက်ညနေ ၆ နာရီ ၁၂ မိနစ် ၃၆ စက္ကန့် သင်္ကြန်တက်၊ ဝါမထပ်။

သင်္ကြန်တက်တဲ့ရက်ဟာ အေဒီ ၆၃၈ က မတ်လ ၂၁ ရက်၊ အေဒီ ၁၃ဝဝ မှာ မတ်လ ၂၇ ဖြစ်လာပြီ။ အေဒီ ၁၉၉၇ မှာ ဧပြီ ၁၆ ဖြစ်မယ်။ အေဒီ ၂ဝဝဝ မှာ ဧပြီ ၁၅ ဖြစ်မယ်။ (အေဒီ ၁ဝဝ၁ က အေဒီ ၂ဝဝဝ ထိ အင်္ဂလိပ်-မြန်မာ နှစ်တစ်ထောင် ပြက္ခဒိန်ကို ကျွန်တော် တွက်ပြီးထားပါတယ်။ ၁၁ ရာစုနှစ်၊ ၁၂ ရာစုနှစ်၊ ၁၃ ရာစုနှစ်၊ ၁၇ ရာစုနှစ် ပြက္ခဒိန်ကို ရှေးဟောင်း စာပေသုတေသီက ​ဖယောင်းစက္ကူမူပွား Mimeograph လုပ်ခဲ့ဖူးတယ်။ ၁၈ ရာစုနှစ် (၁၇ဝ၁-၁၈၂ဝ) ကို မြန်မာသမိုင်း ကော်မရှင်က ဒေါက်တာရီရီ တည်းဖြတ်ပြီး ပုံနှိပ်ဖူးတယ်။ အခု ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ယခင်ဖြန့်ချိပြီး ၁၁ ရာစုနှစ်-၁၃ ရာစုနှစ်နဲ့ ၁၇ ရာစုနှစ်ကြားက ၁၄၊ ၁၅၊ ၁၆ ရာစုနှစ်တွေကို ပုံနှိပ်ပြီး ရှိနေပါပြီ။ ဦးတိက္ခ၊ ဒေါက်တာရီရီတို့ အကူအညီနဲ့ ကျွန်တော်တွက်တဲ့ ပဒုံမင်း ၁၇၈၂-၁၈၁၉ ပုံတော်ပြက္ခဒိန်လည်း အမိန့်တော်ပေါင်းချုပ် ROB အတွဲ ၄ မှာ ပုံနှိပ်ပြီး ရှိပါတယ်။)

ကလျာမဂ္ဂဇင်း၊ ၁၉၉၇၊ မတ်လ၊ အမှတ် ၁၄၆။