မြန်မာရှေးဟောင်း သုတေသန (မြန်မာမြေထဲသမိုင်း) ပြဿနာ - ဒေါက်တာသန်းထွန်း

နှစ်တွေ ရာစုနှစ် ထောင်စုနှစ် ကြာသထက် ကြာတော့ အကြိုသမိုင်း(Prehistory)၊ အစသမိုင်း(Protohistory)နဲ့ သမိုင်း (History)ကို မပြောတတ်တော့ဘူး။ ဒီအခါမှာ မြေကြီးထဲမှာ မြှုပ်နေတဲ့ ကျောက်လက်နက် အိုးကွဲ၊ အရိုး၊ ကျောက်ဖြစ် ရုပ်ကြွင်း၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ခဲ၊ ပစ္စည်းအတိုအစ၊ အိုးထဲက အစားအစာ၊ သစ်စေ့၊ ဝတ်မှုန်ဝတ်ဆံဆိုတာတွေကို တူးပြီး ကောက်ယူလေ့လာရတယ်။ ဒီလို မြေမြှုပ်ပစ္စည်းကို အားကိုးပြီး ဖော်ထုတ်ရလို့ မြေထဲသမိုင်း(Archaeology)ဆိုတဲ့ ပညာရပ်တစ်ခု ပေါ်ပေါက်လာတယ်။ သိပ်မကြာသေးဘူး။ နှစ် နှစ်ရာတွင်းပဲ ရှိသေးတယ်။ မြန်မာနိုင်ငံမှာတော့ ၁၈၈၁ ရောက်မှစလို့ နှစ်ပေါင်း တစ်ရာ့ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး မြေထဲသမိုင်းအရာရှိက ၁၈၈၁ မှာ ခန့်တဲ့ဂျာမန်လူမျိုး ဧမိလ်ဖိုခင်မာ(EMIL FOR CHHAMMER)    ဖြစ်ပါတယ်။ ၁၈၈၉ မှာ ဖိုခင်မာ သေဆုံးသွားပါ တယ်။ သူမသေခင် ဘာတွေ လုပ်သွားသလဲ ကြည့်ပါ။

 

ရွှေတိဂုံဘုရားဆိုင်ရာလေ့လာချက် ၁၈၈၃။ သုဝဏ္ဏဘူမိရောက် ပထမဗုဒ္ဓသာသနာပြု​အကြောင်း မှတ်သားချက် ၁၈၈၄။ မြန်မာမြေထဲသမိုင်း ရှာဖွေရန် ပစ္စည်းစာရင်း ၁၈၉၂။ ရခိုင်ရှေးဟောင်းဒေသ(မဟာမုနိ၊ မြို့ဟောင်း၊ လောင်းကြက်၊ မင်းပြား၊ ဥရစ်တောင်၊ စစ်တွေနဲ့သံတွဲ ၁၈၉၉။

​ဒါကမြေထဲသမိုင်းရဲ့လုပ်ငန်းနံပါတ်တစ် ရှာဖွေခြင်း(Exploration) ဖြစ်တယ်။ ဒီနေရာတွေဟာ မြေထဲသမိုင်းဝင်တွေ ဖြစ် တယ်။ ဆက်ပြီး တူးဖော်မယ်(Excavation)၊ တူးဖော်ပြီး ပစ္စည်းကို ရက်စွဲဖော်မယ်(Dating)၊ ဘာအတွက် ဒီပစ္စည်းကို ဘယ်သူတွေက လုပ်ခဲ့ပါသလဲ(Identification)လို့ ဓာတ်ခွဲခန်း(Laboratory)၊ စာဖတ်ခန်း(Library)၊ ပြတိုက် (Museum) တွေမှာ တူရာတူကြောင်း လှည့်လည်ရှာဖွေပြီး အဓိပ္ပါယ်ရှိအောင် ရှေးဖြစ်စဉ်ထဲက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ဓလေ့တွေကို ရနိုင်သမျှ ဖော်ထုတ်တယ်(Research)၊ အဲဒီနောက် အသစ်ရရှိလာတဲ့အသိပညာကို ရဟန်းရှင် လူသိနိုင်အောင် ရေးသားဖော်ထုတ် ဖြန့်ဖြူးရမယ်(Publication)၊ ကျောက်စာတွေ ရှိလာတော့ ဒါတွေဟာ ခေတ်ပြိုင် မှတ်တမ်း(Contemporary Records) တွေ ဖြစ်လို့ သိပ်အဖိုးတန်တယ်။ ဒီသုတေသနအခန်းကဏ္ဍကို ရှေးစာ (Epigraphy) လေ့လာရေးလို့ ခေါ်မယ်။ ကျောက်စာကို ဖတ်ပြီး အဓိပ္ပါယ်ဖော်နိုင်မယ် (Decipher)ဆိုရင် သိပ်ကျေးဇူး ရှိတယ်။ ကျောက်စာမှာ လိုချင်တာ အကုန်ပါမယ် မဟုတ်ပေမဲ့ ပါသလောက်ကိုပဲ တန်ဖိုးထားပြီး လေ့လာရပါတယ်။ အဲဒါတွေအပြင် ရှေးပစ္စည်း(အထူးသဖြင့်) အဆောက်အအုံ(Monuments)တွေမှာ ဟောင်းနွမ်းပျက်စီးတာ သဘာဝဆို ပေမဲ့ တတ်နိုင်သလောက် ကယ်ဆယ်ဖို့(Preservation) လိုတယ်။ သူအိုသူနာကို ချက်ချင်းမသေအောင် ဆေးကုတဲ့ သဘော​ပဲပေါ့။ နံရံဆေးရေးပန်းချီလိုဟာမျိုးကို ဓာတ်ပစ္စည်းသုံးပြီး ကြေးချွတ်တာမျိုး(Conservation) လုပ်ရပါတယ်။ အခုခေတ် သိပ္ပံပညာ ထွန်းကားတော့ နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီး ဒီကိစ္စကို ဆောင်ရွက်တဲ့အခါ သိသိသာသာ အကျိုးရှိတာကို တွေ့ရပါတယ်။ စေတီကို ရှေးမူမပျက် ပြန်ဖော်(Restoration) ရင် ပင်ပန်းသလောက် အရာရောက် အသုံးဝင်လို့ ကျေနပ်စရာ တွေ့ရမယ်။ အပျက်ကို ပြင်လိုက်လို့ သုံးမရတော့ဘူးလို့ မဖြစ်စေရ။ မူရင်းကို မမှတ်မိနိုင် လောက်အောင် အဆမတန် သားနားတောက်ပသွားမှာကို စိုးရိမ်ရပါတယ်။

မြေထဲသမိုင်း(Archaeology)မှာ အသစ်ပြင်(Repair)တာကို လက်မခံပါ။ ရှေးမူမပျက် ပြန်ဖော်(Restoration) တာကိုပဲ လက်ခံတယ်။ ကိုးကွယ်ယုံကြည်မှု အတွေးအခေါ်ဘက်က ဒီလိုပြောတာကို မကြိုက်၊ ဒီလိုဆောင်ရွက်တာကိုလည်း ရှုတ် ချပါသေးတယ်။ ဥပမာ - စေတီကြီးတစ်ဆူ ပြိုပျက်ပြီး ချုံတွေ ဖုံးနေမယ်။ တောရှင်း၊ ချုံခုတ်၊ ဖရိုဖရဲ ဖြစ်နေတဲ့အုတ်တွေ ရှင်း၊ ပြီးတော့ ဆက်မပြိုအောင် နည်းမျိုးစုံ ကြံဆပြီး ထိန်းပေးပါ။ အဲဒီအခါမှာ ရှေးဟောင်းပုံစံနဲ့ဟန်ကို မထိခိုက်စေရ ဆိုတဲ့အချက်ကို သိပ်သတိထားပြီး လိုက်နာရမယ်။ အဲဒီအခါ ဂေါပကနဲ့ညှိမရနိုင်အောင် ပြဿနာတွေ့နိုင်ပါတယ်။

ဂေါပက(Pagoda Trustees)ရယ်လို့ ရှေးက မရှိပါ။ ကျောင်းဘုရား သာသနာငါးထောင်တည်အောင် အလှူရှင်တွေက မြေနဲ့ကျွန်လှူတယ်။ မြေကရတဲ့အခွန်အခနဲ့ ကျောင်းဘုရားပျက်ရင် ဆိုင်ရာသံဃာအကြီးအကဲက ကြီးကြပ်ပြီး ပြုပြင်စေ တယ်။ ပဋိဝေဒလို့ခေါ်ရမယ်ထင်ပါတယ်။ သဒ္ဓါကြည်ညိုလို့ မူလထက် အဆမတန်သာအောင် လုပ်ချင်လုပ်မယ်။ မတားနဲ့ ဆိုတဲ့သဘော ဝင်လာတယ်။ အဲဒါမျိုးကို မြေထဲသမိုင်း(Archaeology)အမြင်နဲ့ တားချင်ပါတယ်။ ကိုလိုနီခေတ်မှာ ဗုဒ္ဓ ဝေယျာဝစ္စ ဆောင်ရွက်သူတွေကို စာရင်းအင်းနဲ့ ဘုရားငွေကို သုံးပါ။ ဆိုင်ရာနယ်ရှင် (အစိုးရအမှုထမ်းထဲက မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်)နဲ့ ညှိပြီး ပြုပြင်တာတွေ လုပ်ပါလို့ ဥပဒေလုပ်တယ်။ သိပ်မကြိုက်ပါ။

ဒါမှမဟုတ်ရင်လည်း မြေထဲသမိုင်းသမားက သစ္စာဖောက်ပြီး (ကိုယ့်ဆိုင်ရာ လေးစားလိုက်နာရမယ့် ထုံးနည်းဥပဒေတွေ ကို ပစ်ပယ်ပြီး) သူဌေးကြီးအလှူကို သာဓုအနုမောဒနာ ပြုမယ်။ အမျှဝေတာကို ယူမယ်ဆိုရင် ထိန်းသိမ်းခြင်းဥပဒေကို သစ္စာဖောက်တယ်၊ ချိုးဖျက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအရ ဆည်ကြီးဆောက်မယ်။ မြစ်ကူးတံတားကြီး သွယ်တန်းမယ်။ နိုင်ငံတကာ လေဆိပ် ကြီးလုပ်မယ်။ ဘုရားသော်မှ ပရိနိဗ္ဗာန် စံရသေးတယ်ဆိုတဲ့သဘော ဆိုက်ရောက်ပါတော့တယ်။ ဒီလိုအခါမျိုးမှာ စီမံကိန်း ဘက်က အနိုင်ရပါတယ်။ ကယ်တင်ခြင်း(Salvage Archaeology) လုပ်တာ မတွေ့ဖူးပါ။ အဲဒါ လုပ်သင့်ပါတယ်လို့ နှိုးဆော်လိုပါတယ်။

ရှေးဟောင်းပစ္စည်း ခိုးရောင်းတာ၊ ရှေးဟောင်းပစ္စည်း အတုလုပ်ပြီး ညာရောင်းတာတွေကိုလည်း နိုင်အောင် ပိတ်သင့်ပါ တယ်။ ပုဂံကျောက်စာ အတုထိုးသလို ရှေးဗိသုကာပန္နက်ပုံ အတုလုပ်ထားတာကိုလည်း သတိထားပြီး ရှောင်သင့်ပါတယ်။ ပညာရှင်​ အတုတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အတွေးအမြင်၊ ဇန်နဝါရီလ၊ ၂ဝဝဝ။