လောကနတ် - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

မြန်မာပညာရှိ ဇေယသင်္ခယာက ရွှေဘုံနိဒါန်းတွင် လောကနတ်နှင့်ပတ်သက်၍-

"ရာဇပလ္လင်၊ ဥကင် လက်ဝဲ-​လက်ျာ၊ လောကနတ်၊ ဆင်ပျံ၊ ခြင်္သေ့ ထုလုပ်သည့်အကြောင်းမှာ အကြောင်းလေးပါးတွင် တစ်ပါးပါးကြောင့် ရတနာ ရွှေဂူမှ ကေသရာခြင်္သေ့မင်း ထွက်လေလျှင် ကောင်းကင်ပျံဆင်နှင့်တွေ့၍ အစာဖြစ်သော တိမ်ညွန့်ကြောင့် ခိုက်ရန် ဖြစ်သဖြင့် ဆင်ပျံဦးကင်းကို ခြင်္သေ့နင်းလျက် နှာမောင်းကို စုတ်သည်တွင် လောကနတ်သည် ရန်နှစ်ဦးကို မြင်၍ ခြေတွင် စည်းဆုပ်တီးလျက် သီချင်းသီ၍ ကခုန်မြူးသော အသံသည် သာယာလှသည်ကို နာမခံကြ၍ ဆင်ပျံခြင်္သေ့နှစ်ဦး ရန်ငြိမ်းကြလေသည့်နိမိတ်ကို ထောက်၍ လောကနတ် ခြေတွင် စည်းဆုပ်နှင့် ကဟန်၊ ဆင်ပျံဦးကင်းကို ခြင်္သေ့နင်းလျက် နှာမောင်းကို စုတ်ဟန် ထုလုပ်လေ၏။"

ဟူ၍ ရေးသည်။ ဇေယသင်္ခယာ အမတ်ကြီးက ဧကရာဇ်မင်းတို့၏ရွှေနန်း အသုံးအဆောင် အခေါ်အဝေါ်များအကြောင်းကို မှတ်သား သိလွယ်စိမ့်သောငှာ ရွှေဘုံနိဒါန်းကို ရေးသားခဲ့ခြင်း ဖြစ်ပေသည်။

 

မကြာမီက သိန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ဆောက်ပြီး ဖွင့်လှစ်ခဲ့သော ကန်တော်ကြီးစောင်းရှိ ကရဝိက်ဆောင်တွင် မြန်မာ့ဟန် ယဉ်ကျေးမှု၌ ပါဝင်သည့်လောကနတ်ရုပ်ကို ပြုလုပ်ပြသထားပါသည်။ စိတ်ဝင်စားဖွယ် အရုပ်တစ်ခု ဖြစ်ပေတ ကား။

လောကနတ်ဟူသည်မှာ "လောကနာထ" ဟူသော ပါဠိနှင့်သက္ကတမှ သက်လာသည်။ လောကကို အစိုးရသော ဘုရားလောင်း နတ်သားဟု အနက်ရသည်။ ဤဘဒ္ဒကမ္ဘာတွင် သကျမုနိ ဂေါတမဘုရားသခင် ပရိနိဗ္ဗာန် စံယူပြီးနောက် နောင်ပွင့်လတ္တံ့သော အရိမေတ္တယျ မြတ်စွာဘုရား မပေါ်မီ စပ်ကြား၌ လောကကို စောင့်ရှောက်နေသော ဘုရားလောင်းတစ်ဆူ ဖြစ်သည်။

မဟာယာဉ်ဂိုဏ်းကို ပူဇော်သက္ကာရ ပြုကြသော ဗောဓိသတ္တ ဘုရားလောင်း များစွာ ရှိသည့်အနက် လောကနတ်(လောက နာထ) ဘုရားလောင်း သည် အထင်ရှားဆုံး ဖြစ်သည်။ သက္ကတဘာသာတွင် ဤနတ်ကို "အဝလောကိတေသွရ"ဟူ၍လည်း ခေါ်ကြသည်။ မဟာယာဉ်ကျမ်းအဆိုအားဖြင့် လောကနတ်သည် လောကတွင် ရှိရှိသမျှ သတ္တဝါအပေါင်းတို့အား ဗောဓိဉာဏ် ရစေကာ နိဗ္ဗာန်သို့ ပို့ဆောင်ပေး​ပြီးမှသာ မိမိသည် နောက်ဆုံး လိုက်ဝင်မည်ဟု ဆိုသည်။ လောကနတ်သည် ငရဲခံနေရသူများအားလည်းကောင်း၊ လမ်းမှား၍ ချောက်ကမ်းပါး ကျသော ဒုက္ခသည်များ အားလည်းကောင်း ကယ်တင်ရှင် ဖြစ်သည်။

ဟိန္ဒူဘာသာဝင် သီဝမဟေသရဂိုဏ်းသားတို့အတွက် သူပင် မဟေသရနတ် ဖြစ်သည်ဟူ၍လည်းကောင်း၊ ဗိဿနိုးနတ် ဖြစ် သည်ဟူ၍ လည်းကောင်း၊ အနောက်နိုင်ငံသားများအတွက် သူသည် ခရစ်တော်နှင့်တူမျှသည်ဟူ၍လည်းကောင်း၊ အရှေ့တိုင်းရှိ တရုတ်-ဂျပန် မဟာယာဉ် ဂိုဏ်းဝင်များအား သူပင် ကရုဏာရှင် ဖြစ်သည်ဟူ၍လည်းကောင်း သူ့အား အမျိုးမျိုး ယုံကြည်ကြ သည်။

နီပေါနိုင်ငံ ခတ်မဏ္ဍူမြို့ မစ္ဆာန်ဒါဝိဟာရကျောင်းတွင် အဝလောကိတေသွရ ခေါ်သော လောကနတ်ရုပ်ပုံကို ၁ဝ၈ မျိုးမျှ သစ်သား မှန်ကူကွက် ဆေးရေးရုပ်ပုံများကို ပြုလုပ်ထားလေသည်။ ဆင်စွယ်ဖြင့်လည်း လှပစွာ ထုလုပ်ထားသည်။

မြန်မာနိုင်ငံတွင် ၆ ရာစုက ထွန်းကားသော သရေခေတ္တရာ ပျူမြို့၌ လောကနတ်ရုပ်ကို ဗွေဆော်ဦး တွေ့ရှိသည်။ ၁၁ ရာစုတွင် အနော်ရထာမင်းကြီး ပူဇော်ပြုလုပ်ခဲ့သော လောကနတ်အုတ်ခွက်နှင့်ကြေးရုပ်များကို ပုဂံ၊ ပခုက္ကူ၊ မင်းဘူး၊ ပဲခူးနှင့်တွံတေး စသော အရပ်တို့တွင် တွေ့ရသည်။ လောကနတ် ရုပ်ပုံများအား (လာလီတသန) ခေါ်သော မင်းထိုင် ထိုင်လျက် တွေ့ရသည်။ ခြေတစ်ဖက် အောက်သို့ တွဲလောင်း ချထားသည်။ ၄င်း၏ခေါင်းဆောင်းတွင် (ဓျာနိ)ဗုဒ္ဓပုံကို တွေ့ရသည်။ ဓျာနိဗုဒ္ဓသည် လောကနတ်ကို ဖန်ဆင်းသော တန်ခိုးရှင် ဖြစ်သည်ဟု ယုံကြည်ကြသည်။

အချို့ အုတ်ခွက်များတွင် ဂေါတမ မြတ်စွာဘုရား၏ဘေးနှစ်ဖက်၌ လောကနတ်ဘုရားလောင်းက တစ်ဖက်၊ အရိမေတ္တယျ ဘုရားလောင်းက တစ်ဖက်၊ ထိုင်နေသည်ကို တွေ့ရှိရသည်။ ပုဂံဂူဘုရားများ၏အတွင်းနံရံပေါ်၌ ရေးဆွဲထားသော အရုပ်များအနက် အရိမေတ္တယျ ဘုရားလောင်းနှင့် လောကနတ် ဘုရားလောင်းပုံများကို ယှဉ်တွေ့ရသည်။

အပယ်ရတနာဂူ​စင်္ကြံ ဘေးနံရံတွင် လောကနတ် ထိုင်နေပုံရုပ်များ၊ ချောက်ဘုရားလှ (ဂူအမှတ် ၁၁၂)တွင် အရိမေတ္တယျဘုရားလောင်းပုံနှင့် လောကနတ်ဘုရားလောင်းပုံများကို ယှဉ်၍ ရေးဆွဲထားသည်။  တာမနိဂူအစုရှိ ဂူအမှတ် ၄၆၂ ငလုသင်ဂူအဝင် ပေါင်းကူးတွင် လောကနတ် ရုပ်အောက်၌ "ဤကာပုရှာလောင် လောကဏတ်တေအ်"ဟူသော ရှေးမြန်မာမင်စာကို ကမ္ပည်းထိုးထားသည်။ ၄င်း၏မျက်နှာချင်းဆိုင်တွင် အရိမေတ္တယျဘုရားပုံ တွေ့ရပါသည်။ အနော်ရထာမင်းကြီး၏ကောင်းမှု အုတ်ခွက်များတွင် "ဧသော လောကနာထော"ဟူ၍လည်းကောင်း၊ "ဧသောဘ​ဂဝ" ဟူ၍လည်းကောင်း၊ နှစ်မျိုးနှစ်စား တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ပုဂံခေတ်ဦး အနော်ရထာမင်းလက်ထက်မှစ၍ လောကနာထော(လောကနတ်)ကို ဂေါတမဘဂဝါဘုရားနှင့်လည်းကောင်း၊ အရိမေတ္တယျဘုရားလောင်းနှင့်လည်းကောင်း ယှဉ်တွဲ၍ ပူဇော်ခဲ့သည့်သာဓကများကို ထောက်၍ မဟာယာဉ် အငွေ့အသက် မည်မျှရှိသည်ကို သိသာနိုင်ပေသည်။

သို့သော် နှောင်းခေတ်များတွင် လောကနတ်ကို အဆင့်နိမ့်ချ၍ ဘုရင်မင်းတရားတို့ ထိုင်သည့် မြင့်မြတ်သော ရာဇပလ္လင်၏ လက်ဝဲ လက်ျာတို့၌ ထားကာ ရန်ငြိမ်းရလေသည့်နိမိတ် အဖြစ်ဖြင့် အစဉ်အလာပုံပြင်အရ လောကနတ်ကို မည်သို့ သဘောထားခဲ့ကြပုံ သမိုင်းအကျဉ်းကို တင်ပြ အပ်ပေသတည်း။

လုပ်သားပြည်သူ့နေ့စဉ်။ ၄-၁ဝ-၁၉၇၅။