နှစ်ဆယ့်တစ်ရာစုနှစ် မြန်မာ့အလားအလာ - ဒေါက်တာသန်းထွန်း

သက္ကရာဇ် ၆၄၇ (၂၇ မတ်၊ ၁၂၈၆)၊ မြိက်

သိုဝ်နှစ်။ ပြည် အနောက်ဖက် လှည်က္လ

နှိုက် မင်ကြိ နိယ်တဝ်မူ၏။ အနန္တ

ပိစည် မဟာပိုဝ် ကိုဝ် နင်တိုဝ်

တရုတ်၏ အလာ အလာကို သိ

ဩင်မူလိယ်ဟု စိယ်တ်မူ၏

အနန္တပိစည် မဟာပိုဝ် ဆိုဝ်၏။ ဤ

အမှုကား ကြီစွာ။ တုမ်ဘပဲလေ လွှတ်ရ

သည် မဟိ။ သုဝဏ္ဏလိပ် ပ္လုအံသည် သူ

လေ မဟိ။ သျှင်ဒိသာပြာမုတ်တေ ပါမူ

ကာ အမှုဆောင်နိုင်အံ့။ ဤသိုဝ်ဟု ပန်

ရကာ။ ငါ ကိုဝ် ခင်ရုယ် မင်ကြီ ဤအမှု

နှင်၏။ (ပုံ ၂၇၁ ၁-၆၊ ငြိမ်း ၃၊ ၁၉၈၃၊ ၁၄၁)

 

မွန်ဂိုကျူးကျော်စစ် ရောက်တဲ့အခါ တရုတ်ပြေးမင်းက ပုဂံက ထွက်လာပြီး ပြေမြို့(ပြည်) (သရေခေတ္တရာ)အနောက်ဘက် လှည်းကျမှာ ရှောင်တိမ်းနေရတဲ့အခါ အမတ်ကြီး အနန္တပိစည်နဲ့ မဟာပိုဝ်ကို ခေါ်ပြီး တရုတ် အလားအလာကို သွားကြည့်စမ်း လို့ ခိုင်းတယ်။ သူတို့က မသွား။ ရှင်ဘုရင် အမျက်တော် မရှအောင် အချက်လေးချက် တင်ပြတယ်။

၁။ ဒီကိစ္စက သိပ်ကြီးကျယ်တဲ့ကိစ္စ ဖြစ်တယ်။

၂။ နှစ်ဦးနှစ်ဖက် ကျေနပ်အောင် ကြားက အောင်သွယ် လုပ်ပေးမယ့်ပုဂ္ဂိုလ်လည်း မရှိဘူး။

၃။ ကူဗလိုင်ခန်မင်းကြီး ကျေနပ်လက်ခံနိုင်အောင် ရွှေပေမှာ ရွှေစာ ရေးသားစီကုံးနိုင်တဲ့ပုဂ္ဂိုလ်လည်း မရှိဘူး။

၄။ ရှင်ဒီသာပါမောက္ခကို ခိုင်းရင် ဖြစ်နိုင်တယ်။

သူတို့က ဒီလို ချောက်တွန်းလို့ ရှင်ဘုရင် ခေါ်ပြီး ခိုင်းပါတယ်။ အလားအလာ ဆိုတာကို ဘာလဲ မေးရင်-

၁။ ရန်သူအင်အား ဘယ်လောက်ရှိသလဲ။

၂။ ခန့်ညား ရိုသေလောက်တဲ့လက်နက် ဘာပါသလဲ။

၃။ ဘာကို လိုချင်လို့ သူတို့က တပ်ကြီး ချီပြီး လာတာလဲ။

၄။ လိုချင်တာပေးရင် ပြန်မှာလား၊ ဆက်နေချင်တာလား။

၅။ ငါ့ကို ဖမ်းဖို့ ပြေ(ပြည်)ထိအောင် လိုက်လာမလား။ ငါလည်း ပြေ့(ပြည့်)အောက် ပင်လယ်ဝတော့ မသွားရဲဘူး။ အနောက် ရိုးမကိုပဲ တက်ရမယ်။ တောင်ပေါ်ထိအောင် လိုက်မှာလား။

၆။ ဒီမှာ ရောက်နေတဲ့ စစ်သူကြီးနဲ့မပြီးဘူး။ ဧကရာဇ်ထိအောင် တက်ရမှာလား။

၇။ ဧကရာဇ်ကို ကျအောင် ပြောနိုင်ပါ့မလား။

ပြီးပြီ၊ ဒါတွေကို မဆက်နဲ့တော့ ရှေ့ကိုပဲ ပြောကြစို့။

ခရစ်နှစ် ၂ဝဝ၄ အခြေအနေကို (၁) ကွက်ကွက်ကွင်းကွင်း မြင်အောင်၊ (၂) အကြောင်းအကျိုး ဆက်စပ်ပြီး ပြောတာ ဖြစ်နိုင်စရာ ရှိတယ်လို့ ထင်အောင်၊ (၃) အပျင်းလည်း ပြေအောင် ရေးပြသွားတဲ့ ပုဂ္ဂိုလ်က ဝဲလ်(H.G.Well) ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် မဖြစ်မီက မြန်မာနိုင်ငံကို အလည်လာရင်း မန္တလေးကို ရောက်တော့ မန္တလေးစာရေးဆရာတွေနဲ့ဆုံတယ်။ သူက စာရေးသူ ဖြစ်တယ်။ ကြိုးစားရေးလို့ စာအုပ်သုံးဆယ်ကျော်လောက် ရေးဖြစ်ပါတယ်ပြောတော့ မြမျိုးလွင်က သူရေး တာ သုံးရာကျော်နေပြီလို့ အပြတ်ပြောပြီး အနိုင်ယူလိုက်တာကို ခံရတဲ့လူပါ။ ငါတို့က ဗိုလ်အောင်ကျော် (၂၂၊ ဒီဇင်ဘာ၊ ၁၉၃၈ ကွယ်လွန်) ကျဆုံးပြီးနောက် တစ်နှစ် ဩဂုတ် ၁၉၃၉ မှ တက္ကသိုလ်ရောက်တော့ အင်္ဂလိပ်သင်တန်းမှာ ဝဲလ်(Well) ရေးတဲ့ အချိန်ယန္တရား (Time Machine) ဝတ္ထုကို သင်ရတယ်။ သူ ရေးပုံရေးနည်း ကောင်းလွန်းလို့ ရေးတဲ့စာအုပ် အကုန်ဖတ်မယ်။ ဘာများလို့လဲ သုံးဆယ်ကျော်ပဲ ရှိတာ။ ဖတ်မိတော့ သူ့ကို အံ့ဩတယ်။ မြမျိုးလွင်ကိုလည်း အံ့ဩတယ်။ သူရေးတဲ့ စာအုပ်တွေ လည်း ဝယ်ပြီး သိမ်းတယ်။ အနှစ်ခြောက်ဆယ်ဆိုတော့ ဝါပြီး ဆွေးစပြုပြီ။ ခရစ်နှစ် ၂ဝဝ၄ မှာ စာအုပ်စင်က စာအုပ်ကို ဆွဲ ထုတ်လိုက်ရင် တစ်အုပ်လုံး ဆွေးပြီး ကြွေကျလေမလား စိုးရိမ်ရတယ်။ အနာဂတ်အကြောင်း သူပြောပုံကိုတော့ မှတ်မိတယ် ထင်တယ်။

၁။ သွေးစုပ်တဲ့လူတန်းစားနဲ့သွေးစုပ်ခံ လူတန်းစား သိသိသာသာကြီး ကွဲသွားပြီး သွေးစုပ်တွေက မြေပေါ်မှာ တိုက်မြင့်၊ လမ်း ကျယ်နဲ့ သာယာဥယျာဉ်မှာ နေတယ်။ သွေးစုပ်ခံတွေက စက်တွေနဲ့မြေအောက်မှာ နေရတယ်။ ခိုင်းတာပဲ လုပ်တတ်တယ်။ မည်းမည်းကွကွ၊ မျက်လုံးပြူးပြူး ဇီးကွက်လို ညမြင်တဲ့သတ္တဝါ ဖြစ်သွားတယ်။

၂။ မြေပေါ်မှာလည်း မီးမထွန်း၊ မြေအောက်မှာလည်း မီးမထွန်း၊ မြေပေါ်သားတွေက မှောင်ရင် သိပ်ကြောက်လို့ အုပ်စုလိုက် ဖွဲ့နေရတယ်။ ဘာပြုလို့လဲဆိုတော့ မြေအောက်သားတွေက တက်လာပြီး သူတို့တွေကို လစ်ရင်လစ်သလို ဖမ်းပြီး စားပစ်လို့ ဖြစ်တယ်။

၃။ မြေပေါ်မှာ ဧရာမတိုက်ကြီးတွေ၊ ခန်းမကြီးတွေ၊ တံခါးပေါက်ကြီးတွေ များများနဲ့စာကြည့်တိုက်၊ ပြတိုက်၊ စာသင်ဆောင်၊ ဟောပြောဆွေးနွေးခန်း၊ ဓာတ်စမ်းရုံ၊ စာအုပ်စာတမ်း ပစ္စည်းကိရိယာအပြည့်၊ ဘာတစ်ခုမှ သုံးမရ။ ပြုတ်ပြုတ်ကြေမွ၊ မ​နှမြောတတ်၊ လူတွေ ပေါသလောက် အရည်အသွေးလည်း ညံ့တယ်။

၄။ မြေပေါ်လူတွေ ဘယ်ဘဝရောက်နေသလဲ။ သိပ္ပံပညာ သိပ်ထွန်းကား အောင်မြင်လို့ လူတွေ ညံ့သွားတာ။ Rice Cooker ထမင်းချက်အိုး ပေါ်လာတော့ လူတွေ မီးမမွှေးတတ်တော့ဘူး။ ချုံစပ်တိုးပြီး တောမထိုင်တတ်တော့ဘူး။ ဒီကမ္ဘာမှာ စက္ကူပျော့ (Tissue Paper) မရှိရင် ဘဝရပ်တည်ရေး မခိုင်တော့ဘူးထင်တယ်။ အားလုံး ကလေးတွေလိုပဲ ဘာမျှ မလုပ်တတ်၊ မကိုင် တတ်။ ရယ်ကြမယ်၊ ပျော်ကြမယ်၊ အဖို၊ အမ တွဲမယ်။ အိပ်မယ် စားမယ် ဘာမျှ လေးလေးနက်နက် မစဉ်းစား။ စားစရာ အသင့်။ ဘာမှ အားမစိုက်ဘဲ နေ့တွေ၊ ရက်တွေ အဆုံးခံတယ်။ ဆေးဝါးမလို။ ဒီကောင်တွေ မဖျင်းရင် ဘယ်ကောင်မျိုး ဖျင်း မလဲ။ ဘာမျှ မလုပ်ရတော့ အထီး၊ အမတောင် ခွဲမရဘူး။ ပျော့ပျော့နွဲ့နွဲ့၊ ခုန်ပေါက်ပြေးလွှားလိုက်၊ ရယ်မောလိုက်၊ နောက် လိုက်တွေ တရုံးရုံး၊ ခေါင်းဆောင် မရှိ၊ မြင်ပြီမဟုတ်လား။ အခု ကောင်ငယ်၊ ကောင်မငယ်တွေ "နည်းမမီ စံမရ" ဝံပုလွေ​နဲ့တွေ့ ရင် သိုးတွေပါ သေဖို့ပဲ။ ပြောရင် လေကုန်တယ်။ တစ်မျိုးလုံး၊ တစ်မြို့လုံး သေရုံကလွဲလို့ ဘာမှမလုပ်တတ်။

တော်ပါပြီ။ ဝဲလ်(၁၈၆၆-၁၉၄၆)က ၁၉ဝ၄ မှာ ၂ဝဝ၄ ခုထိ နှစ်တစ်ရာကြိုပြီး ဟောကိန်းကို မြင်ကြ၊ ကြားကြ၊ ဖတ်ရပြီ မဟုတ် လား။ ဘယ်လောက်မှန်လို့ ဘယ်လောက်မှားသလဲ၊ အံ့ဩစရာ ကောင်းတာက မှန်တာများတယ်။ အင်္ဂလိပ်က စောစောက သွေးစုပ်တယ်။ နောက်သိပ်ကျပြီး အင်ပါယာကြီး ပြိုကွဲတော့မယ့်အခြေအနေ ရောက်တော့တောင် "British Empire hastily becomes a Commonwealth when England has nothing to share. " အင်္ဂလန်လည်း ချွတ်ခြုံကျရော အင်ပါယာဟာ ဓနသဟာရကို ကမန်းကတန်း ကြေညာပါရော"ဆိုတဲ့စကားလို အင်္ဂလိပ်ငုတ်သွားတာ အနှစ်ငါးဆယ် ရှိပြီ။ နောက်ထပ် နလံ ထူဦးမလား၊ ဝေးသေးတယ်။ သူများအကြောင်း တော်ပါပြီ။ မြန်မာအကြောင်း ဆက်ကြစို့။

နောက်ခြေကို အားပြုပြီး ရှေ့ခြေလှမ်းတာ ဒါလူတိုင်း သိတယ်မဟုတ်လား။ တို့နောက်ခြေကို ကြည့်ပါ။ "ဝမ်းမြောက်ဝမ်းသာ မရှိရာ"။ ပြည်ရေးပြည်ရာကို ပြောတဲ့အခါ လေးပိုင်း ခွဲပြောရင် ကောင်းမယ်။ ပထမ လူမှုရေးကို ပြောရမယ်။ လူတွေ ကိုယ် ကျင့်တရား သိပ်ပျက်လာရင် "အလားအလာ" ဘယ်ကောင်းမလဲ။ ဆိုလိုတာက လူတိုင်း သတိထားပြီး မခိုးနဲ့၊ မသတ်နဲ့၊ ကာမ မကျူးနဲ့၊ မလိမ်နဲ့၊ မမူးနဲ့။ ဒါတွေကို မလေးစားဘဲ သင့်သလို ပြောပြီး ကိုယ့်အတွက် အမြတ်ရှာ။ သတ်စရာရှိလည်း သတ်မယ်။ ခိုးစရာအကွက် လိုက်ရှာပြီး ခိုးမယ်ဆိုတဲ့လူပဲ များနေရင်၊ အခြေခံတရား သိပ်ပျက်နေရင် ရှေ့ဆက်ပြီး ဘယ်လို ကောင်းမလဲ။ စီးပွားရေးကို ကြည့်ပါ။ ပြောစရာ လိုသေးသလား။ ဂျော့အော်ဝဲလ် (George Orwell) နဲ့ ၁၉၈၄ ကို ဆန့်ထုတ်။ ၁၉၉၄ ဘယ်လိုလဲ။ ၂ဝဝ၄ ဘယ်လိုလဲဆိုတာ စစ်ကြည့်ပေါ့။ နောက်ဓလေ့သမိုင်းကို ကြည့်ပါဦး။ လူ၊ ဘုန်းကြီး ဟီရိဩတ္တပ္ပကို ဘယ်လို နားလည်ကြသလဲ၊ မကောင်းမှုကို လုပ်ဖို့ ရှက်တယ်။ ကြောက်တယ်ဆိုမှ မှန်တယ်။ တလွဲသွားရှက်နေရင်၊ ကြောက် နေရင် ရလဒ်က မှားမှာပဲ။ ရိုးရိုးလွယ်လွယ် စဉ်းစားရင် ဆုတံဆိပ်ဆိုတာ ဘာလဲလို့ အဖြေထွက်မယ်။ အားလုံးကောင်းပါ ခင်ဗျား ဆိုတိုင်း ကောင်းရမှာလား။ လူငယ့်အရေးကိုလည်း အသေးစိတ် စစ်ဆေးပြီး အဖြေရှာရမယ်။ အဲဒီလို လုပ်နိုင်ဖို့ စာရင်းဇယား လိုတယ်။ ဂျပန်ခေတ်က လူငယ်တွေက "ခုလူငယ်ဟာ နောင် ခေါင်းဆောင်ဖြစ်မယ်" လို့ သီချင်း အော်ဆိုခဲ့ကြ တယ်။

၁၉ဝဝ က မွေးတဲ့ လူဟာ ၁၉၄ဝ မှာ အကြီးအကဲ ဖြစ်ပြီ၊ ၁၉၂ဝ မှာ မွေးတဲ့လူဟာ ၁၉၆ဝ မှာ အကြီးအကဲ ဖြစ်ပြီ။ သူတို့တွေကို ပဲ လမ်းခရီးမှတ်တိုင် (Milestone) ထားပြီး တိုးတက်သလား၊ ဆုတ်ယုတ်သလား ဆိုတာကို အကဲဖြတ်ပါ။ ရှေ့အလားလာကို တွက်ပါ။ လူတစ်ဦးချင်း ချွန်ထွက်တာထက် ပတ်လည်မြင့်တက်ဖို့ ပိုအရေးကြီးတယ်။ အဲဒီလို စစ်ဆေးပြီး ရလဒ်ကို တင်ပြချင် ပါတယ်။ သမိုင်းနည်း(Historical Method) နဲ့ ၂ဝ ရာစုကို ဆယ်နှစ်စီ ၁၉ဝဝ-၁၉ဝ၉၊ ၁၉​၁ဝ-၁၉၁၉၊ ၁၉၂ဝ-၁၉၂၉ ဆိုသလို ဆယ်စု (Decade) စီ စုပြီး ဒီဆယ်စုနှစ်အတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဓလေ့ဆိုတာတွေကို ချပြီး ရေးကြည့်။ အဲဒီ မှာ ရတဲ့အချက်အလက်ဟာ အကြောင်း(Cause)။ နောက် ဒါကို အမှီပြုပြီး ဖြစ်လာမှာက ရလဒ်(Result) ဖြစ်တယ်။ ဒါဆိုရင် ရှေ့ကို ဘာဖြစ်မယ်ဆိုတာ ပြောလို့ရပြီပေါ့။

တေးကဗျာ၊ ၂ဝဝဝ၊ ဇန်နဝါရီလ။