ရှေးအကျဆုံးသော မွန်ကျောက်စာ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

 

မွန်ဘာသာစာပေအက္ခရာသည် အိန္ဒိယပြည်တောင်ပိုင်း ပလ္လာဝအက္ခရာမှ ရရှိလာကြောင်း ဆို၏။ ရာဇဝင်အရဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်က အိန္ဒိယပြည်၌ အသောက (ဝါ)သီရိဓမ္မာသောကမင်းတရားကြီး တတိယသင်္ဂါယနာ တင်ပြီးနောက် ဘီစီ ၂၄၁ လောက်တွင် ကမ္ဘာအနှံ့အပြားသို့ သာသနာပြုစေလွှတ်ရာ သထုံပြည် သုဝဏ္ဏဘူမိသို့ သောဏ မထေရ်နှင့်ဥတ္တရထေရ် ခေါင်းဆောင်ပြီး သာသနာပြုရဟန်းများ ကြွရောက်ကြသည့်အပြင် ထိုစဉ်ကပင် အိန္ဒိယပြည်တွင် အက္ခရာ အရေးအသားများလည်း ရှိကြ၏။

 

အဘယ်ကြောင့်ဆိုသော် အိန္ဒိယပြည်အနှံ့အပြား၌ တူးဖော်တွေ့ရှိသော ကျောက်စာများအနက် အသောကမင်းကြီး၏ကျောက်စာသည် အလွန်များပြားသည်ကို တွေ့ရှိရသဖြင့် ထိုခေတ်တွင် အိန္ဒိယပြည်၌ စာပေအက္ခရာ ရှိပြီး စာပေအဆင့်အတန်းလည်း ရှိနေပြီးဖြစ်၍ ထိုခေတ်တွင် သထုံသို့ ကြွလာသော သာသနာပြုရဟန်းတော်များသည် စာပေအက္ခရာ ယူဆောင်ခဲ့မည်ဟု ထင်မြင်ပါ၏။

သောဏထေရ်နှင့်ဥတ္တရထေရ်တို့ သုဝဏ္ဏဘူမိသို့ လာခြင်းကို ကျောက်စာ၌ မတွေ့ရသဖြင့် ခေတ်သစ်သုတေသနဆရာများက ဧကန် ဧကန် မပြောနိုင်ကြပါ။ သထုံပြည်၌ မွန်စာပေ ထွန်းကားနေပြီဟုယူဆရသော ခရစ်တော်နှစ်(၅ဝဝ)လောက်တွင် သထုံမှ ရှင်ဗုဒ္ဓဃောသသည် သာသနာထွန်းကားနေသော သီဟိုဠ်ကျွန်းသို့ ကူးသွားပြီး ပိဋကတ်သုံးပုံကို ပါဠိဘာသာဖြင့် ကူးယူခဲ့သည်ဟု မွန်သမိုင်းက ဆိုပြန်၏။ မွန်ရာဇဝင်၌ ဗုဒ္ဓဃောသကို မွန်ဟုဆိုသော်လည်း အချို့ဆရာများက ရှင်ဗုဒ္ဓဃောသသည် ဗြဟ္မဏလူမျိုး ဖြစ်သည် ဆို၏။ ထိုအရှင်မြတ်သည် မွန်ခမာများဆီသို့ ဗုဒ္ဓဘာသာနှင့်စာပေကို ယူဆောင်ပေးသော ဆရာ ဖြစ်သည်ဟုလည်း ဆို၏။

သထုံသို့ ပိဋကတ်သုံးပုံ ရောက်ရှိပြီး မွန်စာပေ သာသနာထွန်းကားလျက်ရှိရာ နှစ်ပေါင်း (၅ဝဝ)မျှ ကြာပြီးသည့်နောက် ခရစ် တော်နှစ် ၁ဝ၅၇ တွင် သထုံမှ ပိဋကတ်တော်များ၊ ဓာတ်တော်မျာ၊ ရဟန်းပညာရှိများ၊ လူပညာရှိများ ပုဂံသို့ ​ပျံ့နှံ့သွားလေ၏။

ထိုသို့ မွန်ယဉ်ကျေးမှုများ ပုဂံသို့ရောက်ရှိသွားခြင်းမှာ သထုံမှ မွန်သာသနာပြုရှင်အရဟံ ခေါင်းဆောင်သော သာသနာပြုအဖွဲ့၏လမ်းပြမှုပင် ဖြစ်၏။ ထိုစဉ်က ပုဂံ၌ မြန်မာစာပေသည် ပြောပလောက်အောင် မထွန်းကားသေးဟုဆို၏။ ပုဂံ၌ရှိသော အရည်းကြီးများ၏သာသနာသည် လူကြိုက်နည်းသဖြင့် ပျောက်ကွယ်ကုန်ပြီး သထုံမှရရှိသော ရှင်အရဟံ၏ဗုဒ္ဓသာသနာ အစစ်ကို ကြိုက်နှစ်သက်ကြသဖြင့် မြန်မာများသည် မွန်ယဉ်ကျေးမှု မွန်စာပေအက္ခရာများကို လက်ခံသုံးစွဲလာကြသည်ဆို၏။

သထုံမြို့၌ မနုဟာမွန်ဘုရင် ထိုးထားသော မွန်ကျောက်စာ နှစ်ချပ်မှာ ပုဂံခေတ်မွန်ကျောက်စာများထက် များစွာ ရှေးကျပြီး အဆင့်အတန်း မြင့်သည်ကို တွေ့ရှိနိုင်၏။ ၄င်းစာမှာ လင်္ကာဖြင့် ရေးထား၏။ ပုဂံခေတ် မြန်မာဘုရင် ကျန်စစ်သားမင်းသည် မွန်စာကို ရုံးသုံးလုပ်ခဲ့ဟန်လည်း တူ၏။ ကျန်စစ်သား၏နန်းတည်စာတမ်း၊ ဘိသိက်စာတမ်းများကို မွန်ဘာသာဖြင့် ကမ္ပည်း ထိုးခဲ့သည်ကို ထောက်ရှုပါသည်။ ထိုကျောက်စာအရ မြန်မာဘုရင် ကျန်စစ်သားမင်းသည် မွန်ယဉ်ကျေးမှုဓလေ့ထုံးစံကို လိုက်နာသုံးနှုန်းခဲ့ကြောင်း ထင်ရှားစွာ သိရှိရ၏။

မြန်မာနိုင်ငံတွင် အကြီးဆုံးကျောက်စာတိုင်ကြီးဟု ဆိုရလောက်သော ရွှေစည်းခုံ မွန်ကျောက်စာတိုင်ကြီးနှစ်တိုင်သည် ကျန်စစ်သားက မိမိ ကောင်းမှုတော်များ အကြောင်းကို ရေးထား၏။ ပျူတို့၏​မြို့တော် ပြည်မြို့ ရွှေဆံတော်ဘုရား၌လည်း ကျန်စစ်သားက မွန်ကျောက်စာဖြင့် မိမိ ကောင်းမှုတော်အကြောင်းကို ရေးထား၏။ ကမ္ဘာပေါ်တွင် အဆင့်အတန်း အလွန်မြင့် သည်ဟု ဆိုရလောက်သော ပုဂံရှိ အာနန္ဒ၊ ပုထိုးသားများ၊ နဂါးရုံ၊ အပါယ်ရတနာ၊ နန်းဘုရား၊ ပြာသာဒ်ရွှေဂူ စသော လိုဏ်ဂူ ဘုရား၌ ထုထွင်း ရေးသားထားသော ၅၅ဝ ဇာတ်နိပါတ်တော်များ၊ ဗုဒ္ဓဝင်များ၊ စဉ့်ကွင်းများ၊ ကျောက်အုတ်အင်္ဂတေ လက်ရာ များ၊ နံရံစာများသည်လည်း မွန်ဘာသာစာပေ ဖြစ်ကြောင်း ယနေ့ထိ တွေ့မြင်လေ့လာနိုင်သေး၏။

ကျန်စစ်သားမင်း၏သားတော် ရာဇကုမာရ် ထိုးထားသော မြစေတီ ခေါ် ဂူပြောက်ကြီး ကျောက်စာတွင် မွန်၊ မြန်မာ၊ ပျူနှင့် ပါဠိဘာသာတို့ဖြင့် တစ်မျက်နှာစီ ကမ္ပည်းထိုးထားရာဝယ် မွန်စာနှင့်မြန်မာစာကို နှိုင်းယှဉ်ကြည့်ပါလျှင် အက္ခရာချင်း တူညီကြသည်ကို တွေ့ရှိရပြီး မွန်စာမျက်နှာ၏ အဆင့်အတန်းနှင့်မြန်မာစာ၏အဆင့်အတန်းကို စစ်ဆေးကြည့်ပြန်လျှင် မွန်စာသည် မြန်မာစာထက် များစွာ အဆင့်အတန်း မြင့်နေသည်ကို တွေ့ရှိသည်ဟု ကျောက်စာဝန် ဦးလူဖေဝင်းက ပြောပြပါသည်။ ကျောက်စာဘက်တွင် ​အလွန်ဝါသနာထုံသော ပါရဂူကြီး ဒေါက်တာ စီအို ဘလက်ဒင်က ပြောသည်မှာ ပြောသည်မှာ မွန်ကျောက်စာသည် မြန်မာပြည်၌ ရှေးအကျဆုံး ဖြစ်သည်သာမက အင်ဒိုချိုင်းနား တစ်ခွင်လုံး၌လည်း ရှေးအကျဆုံး စာပေ တစ်ရပ်ဖြစ်ကြောင်း ဆိုနိုင်သည်ဟု ဆို၏။

သထုံနှင့်ပုဂံခေတ် မွန်ကျောက်စာထက် နှစ် ၅ဝဝ ခန့် ရှေးကျသော မွန်ကျောက်စာကို ထိုင်းပြည် ဗန်ကောက်မြို့ အနောက် ဘက် မိုင် ၄ဝ ခန့်ရှိ ပရပထုံ ခေါ် နခုံပထုံမြို့တွင် တွေ့ရှိရသည်ဟု ပြင်သစ်ကျောက်စာ ပါရဂူကြီး မစ္စတာဇေဒီးက ပြင်သစ်ဘာသာဖြင့် ဖော်ပြခဲ့လေသည်။ ထိုင်းပြည်တောင်ပိုင်းကို ရှေးခေတ်အခါက ဒွါရဝတီ ခေါ် မွန်တို့၏ပြည်နယ် ဖြစ်ပြီး ၄င်းပြည် ကို ဒွါရဝတီပြည်ဟုခေါ်၍ မြို့တော်ကို လော့ဗူရီ (Lopburi) မြို့ဟု တွင်ခဲ့၏။ လော့ဗူရီမြို့၌လည်း ကျောက်စာများ တွေ့ရှိနိုင် ၏။ ထိုမွန်ကျောက်စာများကို လွန်ခဲ့သော နှစ် ၁ဝဝဝ ကျော်က ထိုးထား၏။

ပရပထုံ၊ လော့ဗူရီ၊ သထုံ၊ ပုဂံမြို့များ၌ တွေ့ရှိသော မွန်ကျောက်စာများကို ရှေးခေတ် မွန်စာပေဟု ဆိုကြပါသည်။

သရေခေတ္တရာကျော်စာ ပျူနှင့်ပရပထုံမွန်ကျောက်စာများသည် အဘိုးတူ၊ အဘွားတူပင်လော။

မွန်အက္ခရာစာပေသည် သရေခေတ္တရာ ပျူအက္ခရာစာပေထက် ရှေးကျသည်ဆိုသော အချက်တွင် အင်ဒိုချိုင်းနားကျောက်စာအရ (Dr. Finot) ဖင်နောက ညွှန်ပြသည်မှာ ဗြိတိသျှပြတိုက်၌ ထားရှိသော ပြည်မြို့ မောင်းဂွန်အက္ခရာစာပေသည် ၆ ရာစု၌ ထိုးထွင်းသောစာဟု တည်းဖြတ်ကြ၍ ၄င်းအက္ခရာသည်လည်း ကနာရီမြောက်ပိုင်း ကာဒမ္မအက္ခရာနှင့်ထပ်တူထပ်မျှ တူညီကြသည်ဆို၏။

ထိုပညာရှိ ကျောက်စာပါရဂူ ဒေါက်တာဖင်နောက ၁၉၁၂ ခုနှစ်ထုတ် အာရှတိုက်ဂျာနယ် စာမျက်နှာ ၁၂၁ နှင့် ၁၃၆ တွင် ဖော် ပြသည်မှာ ဝိဘင်္ဂနှင့်တခြားဗုဒ္ဓသာသနာရေးဆိုင်ရာ ပါဠိစာပေများသည် ပြည်မြို့ (သရေခေတ္တရာပြည်)၌ ခရစ်သက္ကရာဇ် ၆ ရာစုလောက်က ထင်ရှားနေပြီ ဖြစ်ကြောင်း။ ပါဠိအက္ခရာစာပေများသည် မြန်မာပြည်သို့ ကုန်းလမ်းခရီးဖြင့် ရောက်လာခြင်း မဟုတ်ပဲ ပင်လယ်ကို ဖြတ်၍ ရေလမ်းခရီးဖြင့်သာ အိန္ဒိယမှ လာခြင်း ဖြစ်သဖြင့် ပြည်မြို့သည် ဧရာဝတီမြစ်ကမ်းပေါ်၌ တည်ရှိသောကြောင့် ထိုအရပ်သို့ ပါဠိစာပေ မရောက်ရှိခင် မြစ်ဝကျွန်းပေါ်၌ ရှိသော မွန်ဒေသတစ်ဝိုက်၌ ကြာမြင့်စွာက ရောက် ရှိနေပြီးသည်ဟု ထင်ကြပါ၏။

သို့ရာတွင် ယနေ့ထိ တူးဖော်တွေ့ရှိသော ကျောက်စာများအနက် မြန်မာနိုင်ငံတွင် ပျူကျောက်စာက ရှေးအကျဆုံး ဖြစ်၏။ မြန်မာပြည်၌ မွန်စာပေ အက္ခရာများသည် ပျူကျောက်စာထက် ရှေးကျသော ကျောက်စာ မပြနိုင်သော်လည်း စစ်အတွင်း ဗိုလ်တထောင်ဘုရား ဗုံးဒဏ်ထိ၍ ပေါ်ထွက်လာသော ဘုရားအုတ်ခွက်၏ကျောဘက်၌ တွေ့ရှိသော ပါဠိအက္ခရာသည် မွန်အက္ခရာ ဖြစ်ကြောင်း ကျောက်စာပါရဂူဦးလူဖေဝင်းက ဆို၏။ ၄င်းအက္ခရာသည် ထိုင်းပြည် ပရပထုံ၌ တွေ့ရှိသော မွန်အက္ခရာနှင့်တူညီ ကြောင်းကို ​ပါမောက္ခလုစ်က ဆို၏။ ထိုအက္ခရာများသည် ဗုဒ္ဓဘာသာအကြောင်း ဖြစ်သော (ယေဓမ္မာဟေတုပ္ပဘဝါ) ဂါထာ အမျိုးအစား ဖြစ်၏။ ပရပထုံ မွန်ကျောက်စာသည်သာလျှင် သရေခေတ္တရာ ပျူခေတ်နှင့်တန်းတူ ရှေးကျသော သာဓက ဖြစ်သည်ဟု ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန် ဦးသာမြတ်က ကျွန်ုပ်နှင့်သဘောချင်း တူညီလျက် ရှိကြောင်း ဖော်ပြလိုက်ရပေ သတည်း။

ယဉ်ကျေးမှုစာစောင်၊ အတွဲ ၁၊ အမှတ် ၂၊ ၁၉၅၅ ခုနှစ်၊ ဇွန်လ။