ပရပထုံ နှင့် ရွှေတိဂုံ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

မွန်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးသော ဒွါရဝတီနိုင်ငံ ကောင်းစားစဉ် မြို့တော်ဖြစ်ခဲ့သည့် နခုံပထုံ(နဂရပထမ-ပထမမြို့)ခေါ် ပရပထုံ (ဝရပထမ-ပထမ ဘုရား)မြို့သည် ဗန်ကောက်မြို့ အနောက်ဘက် မိုင် ၃ဝ ခန့်၌ တည်ရှိ၍ ရာဇဝင်သမိုင်းအားဖြင့်သော်လည်းကောင်း၊ ရှေးဟောင်းသုတေသန ဆိုင်ရာအားဖြင့်သော်လည်းကောင်း အလွန်အရေးကြီးသော မြို့ကြီး တစ်မြို့ ဖြစ်ပါသည်။ ထိုမြို့၌ ယခုတိုင် နေထိုင်သူ ထိုင်းလူမျိုးများ၏ ယုံကြည်ချက် သမိုင်းအရဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကတည်းက ပရပထုံမြို့၌ အလွန်ရှေးကျ၍ ကျော်စောခဲ့သော ချိုင်စိရိ(Chaisiri)မြို့ ဟုခေါ်ပြီး အသောကမင်းတရားကြီး၏သာသနာပြုများ ဖြစ်သည့် သောဏထေရ်နှင့်ဥတ္တရထေရ် နှစ်ပါးတို့ ကြွရောက်ကြသည်ဟု ဆိုပါသည်။ သို့ရာတွင် သက်သေအထောက်အထား မရှိ၍ သုတေသနဆရာများ အတည် မပြုနိုင်ကြပါ။ ၄င်းမြို့၏အနီးတွင် တည်ရှိသော ကမ်ပင်စင် Kampang Sen မြို့သည် ကုန်းပြင်မြင့်၌ တည်ရှိ၍ မြို့ရိုးပျက်အကြွင်း အကျန်များကို တွေ့ရှိနိုင်ပါသည်။ ထိုဌာနတွင် အလွန်ရှေးကျသော စေတီပျက် အုတ်မြစ်များနှင့်အိန္ဒိယငွေဒင်္ဂါးဟောင်းများကို တွေ့ရှိသည်ဟု ဒေါက်တာလီမေ ပြုစုသော Coinage of Siam ၌ ဖော်ပြပါသည်။

 

ပရပထုံမြို့သည် ရှေးအခါ၌ ကျွန်းကလေး ဖြစ်ခဲ့၍ အိန္ဒိယကုန်သည်နှင့်ခရီးသည်များ စခန်းချ နေထိုင်ခဲ့သည်ဟုလည်း ပညာရှိများ ထင်မြင်ကြ သည်။ ပရပထုံ၏မြောက်ဘက် မိုင် ၁ဝ​ဝ ခန့်ရှိသော လော့ဗူရီမြို့သည် ရှေးအခါက ပင်လယ်ကမ်းနား၌ တည် ရှိသည်ဟုပညာရှိများ ဆိုထားသဖြင့် ပရပထုံသည် ကျွန်းတစ်ကျွန်း ဖြစ်တန်ရာသည်ဟုပင် ထင်မြင်ဖွယ်ပင် ဖြစ်ပါသည်။ ဒွါရဝတီနိုင်ငံကို တရုတ်မှတ်တမ်း၌ တိုလိုပိုတီ(To-lo-po-ti) ဟုခေါ်ကြောင်း ပါမောက္ခဇေဒီးက ဆို၏။

ပရပထုံ၌ တွေ့ရှိသော မွန်ကျောက်စာသည် အေဒီ ၅ ရာစုခန့်ဖြစ်၍ လော့ဗူရီ၌ တွေ့ရှိသော မွန်ကျောက်စာသည် ၈ ရာစုခန့်ဟု တည်းဖြတ်ကြ သဖြင့် ပရပထုံမြို့သည် ရှေးပဝေသဏီကပင် တည်ရှိခဲ့ကြောင်း ထင်ရှားပါသည်။

ပရပထုံမြို့ရှိ ပရပထုံစေတီတော်ကြီးသည် အလွန်ကြည်ညိုဖွယ် ကောင်းလှပါသည်။ ဗန်ကောက်မြို့မှ မီးရထားဖြင့် ပီနန်မြို့ရှိ ရာ တောင်ဘက်သို့ ခရီးသွားခဲ့လျှင် ပရပထုံမြို့ ဘူတာရုံမှ ပရပထုံစေတီကို ​ဖူးမြော်ကန်တော့နိုင်၏။ ပရပထုံမြို့သို့ မီးရထား ဝင်လာသောအခါ ခရီးဝေးစွာမှနေပြီး ရန်ကုန်ရှိ ရွှေတိဂုံဘုရားကြီးကဲ့သို့ ရွှေရောင်တဝင်းဝင်းဖြင့် တောက်ပနေဘိအလား ပရပထုံစေတီသည်လည်း အလွန်ကြည်ညိုဖွယ် ကောင်းလှ၏။ ပရပထုံစေတီတော်ကြီးသည် ရွှေတိဂုံဘုရား၏ပုံမျိုးနှင့်မတူပါ။ ပုဂံညောင်ဦးရှိ ရွှေစည်းခုံဘုရားပုံနှင့် ပို၍ တူညီနီးစပ်ပါသည်။

၁၉၂ဝ ပြည့်နှစ်တွင် အင်ဂျင်နီယာအရေးပိုင်ဦးဖိုးသောင် တိုင်း၍ အမြင့် ၃၁ဝ ပေ၊ ၇ လက်မ ရှိသော ရွှေတိဂုံဘုရားသည် ပေ ပေါင်း ၃၂၅ ပေမြင့်သည်ဟု ဟာဗီက ဖော်ပြ၍ ပရပထုံစေတီသည် မီတာပေါင်း ၁၁၅၊ ပေပေါင်း ၃၇၄ ပေခန့် မြင့်သည်ဟု ဗိုလ်မှူး စိဒင်ဖဒင် Major Seidenfaden က ဖော်ပြသဖြင့် ပရပထုံစေတီသည် ရွှေတိဂုံဘုရားထက် ပေပေါင်း ၅ဝ ခန့်ပို၍ မြင့်သည်ဟုဆိုရပါမည်။ ​ပဲခူးရွှေမော်ဓော ဘုရားသည် ယခု အသစ်တည်ဆောက်ရာတွင် ပေပေါင်း ၃၂၁ ပေမြင့်ရာ ပရပထုံစေတီနှင့် နှိုင်းယှဉ်လျှင် ပေ ၅ဝ ကျော် နိမ့်သေး၍ ကမ္ဘာပေါ်တွင် ပရပထုံစေတီသည် အမြင့်ဆုံးစေတီဟု ဆိုရတော့မည်လော။ အမြင်အားဖြင့်ဆိုသော် ရွှေတိဂုံဘုရားကပင် ပိုမြင့်၍ ကြီးသည်ဟု ကျွန်တော် ထင်ပါ၍ အတိအကျ မဆုံးဖြတ်နိုင်သေးပေ။

မေဂျာစီဒင်ဖဒင်သည် ထိုင်းသုတေသနအသင်းဝင် ဖြစ်၍ သုတေသနဆရာတစ်ဦး ဖြစ်ပြီး ၄င်းဖော်ပြချက်ကို ဒေါက်တာလီမေကတစ်ဆင့် ဖော်ပြကိုးကားထားပါသေးသည်။ ထို့ကြောင့် ၄င်းဖော်ပြချက် မှားသည်ဟုဆိုရန်လည်း မလွယ်ပါ။ ကြီးကျယ်ခြင်း အရာဘက်တွင် ရွှေတိဂုံဘုရား သည် ကမ္ဘာပေါ်တွင် ပြိုင်ဖက်ကင်း၍ အကြီးဆုံး ဖြစ်ပါသည်။

အချို့သုတေသနဆရာများ၏အဆို၌ ပရပထုံစေတီကို မွန်များ ရှေးဦးစွာ စတင်တည်​ထားစဉ်က သီဟိုဠ်ကျွန်းရှိ ဒဂိုးဗားစေတီ Sinhalese-Dagoba ၏ပုံစံမျိုး ဖြစ်ပြီး အေဒီ ၁ဝဝဝ ခန့်တွင် ကန်ဗောဂျန် ခေါ် ခမာလူမျိုးများ အုပ်စိုးသောအခါ စိခါရ Sikhara or Cambodian Tower သို့မဟုတ် ကမ္ဘောဒီးယားမျှော်စင်ပုံသို့ ​ပြုပြင်ပြောင်းလဲခဲ့ပါသည်။

ရွှေတိဂုံဘုရားကြီးကို မွန်နှင့်မြန်မာမင်းအဆက်ဆက်က ပြုပြင်ချဲ့ထွင်ခဲ့ရာ ခရစ်တော်နှစ် ၁၅ ရာစုအတွင်းတွင် မွန်ဘုရင်မ ရှင်စောပုနှင့်မွန်ဘုရင် ရာဇာဓိပတိဘွဲ့ခံ ဓမ္မစေတီမင်းတရားတို့သည် ရွှေတိဂုံဘုရားကို ပြုပြင်၍ ရွှေပြားများ ကပ်လှူသကဲ့သို့ ပရပထုံစေတီကိုလည်း မွန်ဘုရင်၊ ခမာဘုရင်နှင့်ထိုင်းဘုရင် အဆက်ဆက်က ပြုပြင်ချဲ့ထွင်ခဲ့ဟန် တူပါသည်။

၁၈၆ဝ ပြည့်နှစ်တွင် ထိုင်းဘုရင်တစ်ပါး ဖြစ်သူ မောင်ကွတ်ဘုရင် King Mongkut သည် မြက်များ၊ ခြုံများ ဖုံးလွှမ်းနေသော ပရပထုံ စေတီတော်ကို ယခုလက်ရှိ ပုံတော်အဖြစ်သို့ ပြုပြင်ခဲ့သည် ဆို၏။ မူလစေတီ၏ပုံတော် နမူနာတစ်ဆူကိုလည်း ဘုရားဝင်းအတွင်း၌ တည်ထား ပြသထားလျက် ရှိပါသည်။

နောက်တစ်ဖန် King Chulalongkorn ချူလာလောင်ကွန်ဘုရင်က ပရပထုံစေတီကြီးကို တရုတ်ပြည်မှရသော လိမ္မော်ရောင် စဉ့်သုတ်ပြီးသည့် အုတ်များဖြင့် ပြုပြင်ချဲ့ထွင်ခဲ့သဖြင့် ရှေးကထက် ပို၍ လှပပြောင်လက်လာပြီး အလွန်ကြည်ညိုဖွယ် ကောင်းလှပါ၏။ ပရပထုံမြို့တစ်ဝိုက်၌ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ အတွင်းတွင် ရှေးဟောင်းသုတေသနဌာနက တူးဖော်ရှာဖွေ ခဲ့ရာတွင် ရှေးဟောင်း ဆင်းတုတော်များ၊ အုတ်ခွက်များ၊ မွန်အက္ခရာပါဠိဘာသာ၊ ဂရန်ထာအက္ခရာGrantha Script မွန်​ခေတ်၊ ခမာခေတ် ဆင်းတုတော်၊ ဂုပ္တခေတ်ဆင်းတုတော်နှင့် ဓမ္မစကြာပုံတော်တို့ ကိုလည်း အံ့ဩဖွယ် တွေ့ရှိသည်ဆို၏။

ခရစ်တော်နှစ် ၅ ရာစုအတွင်း ဒွါရဝတီခေတ် မွန်ကျောက်စာကိုလည်း ပရပထုံ၌ တွေ့ရှိကြောင်း၊ မကြာမီကမှ ပြင်သစ်ကျောက် စာပါရဂူ မစ္စတာဇေဒီးက ဖော်ပြခဲ့ပါသေးသည်။

ပရပထုံမြို့သည် ရှေးဟောင်းသုတေသနဆိုင်ရာ ကိစ္စအတွက် အလွန်အဖိုးတန်သော ဌာနတစ်ခု ဖြစ်၏။ ရှေ့ဆက်ပြီး တူးဖော် ရှာဖွေလျှင် အဖိုးတန်ရှေးဟောင်း ပစ္စည်းများကို ထပ်မံတွေ့ရှိလိမ့်မည်ဟု ပညာရှိများ ယုံကြည်လျက် ရှိ၏။

ပရပထုံနှင့်မဝေးလှသော Ngu Hill ငူတောင်ရှိ ဂူတစ်ခုတွင်း မွန်ကျောက်စာကို တွေ့ရှိသည်ဆို၏။ မြန်မာနိုင်ငံ ပြည်မြို့အနီး မှော်ဇာအရပ်၌ သရေခေတ္တရာခေတ် လက်ရာဖြစ်သော ဆင်းတုတော်၊ ရွှေပေလွှာ၊ ပျူအက္ခရာများ တွေ့ရှိသကဲ့သို့ ပရပထုံအနီး ပေါင်တုတ် Pong Tuk အရပ်၌လည်း ယင်းကဲ့သို့ ဒွါရဝတီခေတ် လက်ရာဖြစ်သော ရွှေနှင့်ငွေဆင်းတုတော်များ၊ ရွှေကြုတ်၊ ငွေကြုတ် စသော ရှေးဟောင်းပစ္စည်းများ အပြင် ဂဝံကျောက်ဖြင့် ပြုလုပ်သော ဘုရားစေတီ၏အုတ်မြစ်ကိုလည်း မြေအောက်၌ တူးဖော်တွေ့ရှိခဲ့သည် ဆိုပါသည်။

ထိုင်းမင်းသားတစ်ပါးဖြစ်သူ Prince Damrong ဒမ်ရောင်မင်းသားသည် ကျောက်စာနှင့်ယဉ်ကျေးမှုဗိမာန်ကို အုပ်ချုပ်သော  ညွှန်ကြားရေးဝန်ကြီး ဖြစ်ခဲ့၍ ရာဇဝင်သမိုင်းဘက်တွင် အလွန်ဝါသနာထုံသူ ဖြစ်၏။ ၄င်းအား Sir G.Scott ဆာဂျော့​စကော့ က မိမိ၏ထင်မြင်ချက် ပေးသဖြင့် ၄င်းက ယုံကြည်သည်မှာ သုဝဏ္ဏဘူမိ ခေါ် သထုံ၌ ရှေးဟောင်းပစ္စည်းနှင့်ကျောက်စာ အထောက်အထား မရှိသည့်အတွက် ပုဂံမှအနော်ရထာမင်းသည် သထုံမှ ပိဋကတ်တော်များကို ရရှိမည် မဟုတ်ဘဲ သုဝဏ္ဏဘူမိ ခေါ် ပရပထုံမှသာ ရရှိသည်ဟု ဆိုပြန်ကြောင်း။

ယင်းကဲ့သို့ အယူရှိ ယုံကြည်နေသူများ ​ယနေ့ထိပင် ရှိသေးသည်။ လွန်ခဲ့သော ၁၉၅၅ ခုနှစ်၊ မတ်လအတွင်းက ချစ်ကြည်ရေး အဖွဲ့အဖြစ် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ယဉ်ကျေးမှုဌာနဝန်ကြီးဦးထွန်းဖေနှင့်အဖွဲ့ဝင်များသည် ပရပထုံဘုရားသို့ ကြွရောက် ဖူးမြော်ခဲ့ကြသည်ဟု ကြားရ၏။ အထက်​ပါ ပြောဆိုချက်များကို ကြားသိခဲ့ရ၍ မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌအား စုံစမ်းရန် ပြောဆိုထားသည်ဟု ကြားရပါ သည်။ သမိုင်းကော်မရှင်ဥက္ကဋ္ဌ စည်သူဦးကောင်းနှင့်ယဉ်ကျေးမှုဗိမာန်ညွှန်ကြားရေး ဝန်ရုံးခန်းမ၌ ၇-၇-၅၅ နေ့တွင် ကျွန်တော်နှင့်တွေ့ဆုံကြစဉ် စကားစပ်မိ၍ အထက်ပါ ထိုင်းတို့၏ယုံကြည်ချက်သည် ဖြစ်နိုင်ပါ ကလားဟုမေးရာ ထိုစဉ်က ကျွန်တော်၏ယုံကြည်ချက်အရ မဖြစ်နိုင်ကြောင်း ဖြေပါသည်။ ယခုအခါဆိုလျှင် ဖြစ်နိုင်ပါသည်ဟု ဖြေပါမည်။

အဘယ်ကြောင့်ဆိုသော် သထုံ၌ မနုဟာမင်း၏ကျောက်စာကိုပင် ဖော်ပြနိုင်၍ ထိုကျောက်စာတွင် မနုဟာမင်း၏အမည်ကို မကုဋ ဟူ၍ ရေးထားကြောင်း ပါမောက္ခလုစ်က အတိအလင်း ဖော်ပြခဲ့ပါသည်။ ပရပထုံ၌ တွေ့ရှိသော မွန်ကျောက်စာသည် သရေခေတ္တရာခေတ်၌ တွေ့ရှိသော ပျူကျောက်စာနှင့်သက်တမ်းတူညီကြပြီး ပုဂံခေတ်မွန်ကျောက်စာနှင့်တူသော မွန်ကျောက် စာကို ပရပထုံ၌ မတွေ့ရပါ။ ပုဂံခေတ်နှင့်တူသော ရှေးဟောင်းပစ္စည်း ဂူပုထိုးများလည်း ပရပထုံ၌ မရှိပါ။ ခေတ်အရဆိုလျှင်လည်း ခေတ်ပြိုင်မဟုတ်ပါ။ ပရပထုံခေတ်သည် ၆ ရာစု ဖြစ်ပြီး အနော်ရထာခေတ်မှာ ၁၁ ရာစုဖြစ်၍ ပရပထုံခေတ်တွင် အနော်ရထာ မပေါ်သေးပါ။ ထို့ကြောင့် အနော်ရထာမင်း တိုက်ခိုက်သော သုဝဏ္ဏဘူမိသည် သထုံ မဟုတ်၊ ပရပထုံသာ ဖြစ် သည်ဟုဆိုသောစကားသည် ဖြစ်နိုင်ဖွယ် မမြင်ပါ။ အရှေ့တိုင်းရာဇ​ဝင်ပါမောက္ခ ဒီဂျီ​အီးဟော D.G.E.Hall ကလည်း မိမိ ပရပထုံသို့ ယခင်တစ်​ခါရောက်စဉ်က ယင်းသို့ ထိုင်းပညာရှိများ ပြောဆိုသည်ကို ငြင်းဆိုလျက် ​အနော်ရထာတိုက်သော သုဝဏ္ဏ ဘူမိသည် ပရပထုံ မဟုတ်၊ သထုံသာလျှင် ဖြစ်ကြောင်း ပြောပြခဲ့သေးသည်ဟု မကြာမီက ရန်ကုန်မြို့ ဗြိတိသျှကောင်စီ၌ ၄င်း ၏ဟောပြောပွဲတစ်ခုတွင် ကျွန်တော် တက်ရောက်​နားထောင်၍ မှတ်သားမိပါသည်။

သုဝဏ္ဏဘူမိ ဆိုသည်မှာ သထုံတစ်မြို့သာ မဟုတ်ဘဲ ပုသိမ်မှ တရုတ်ပင်လယ်ကမ်းနား တုံကင်းကွေ့အထိ ဖြစ်သည်ဟု ပညာရှိများ ဆိုထားချက် ရှိသဖြင့် ပရပထုံကို သုဝဏ္ဏဘူမိ ရွှေတိုင်းပြည်ဟု သထုံကို ခေါ်သကဲ့သို့ ခေါ်နိုင်ပါ၏။ သို့ရာတွင် အနော်ရထာမင်းသည် ပရပထုံမှ ပိဋကတ်တော်များ တိုက်ခိုက်ရရှိသည် ဆိုခြင်းကိုကား အထောက်အထား မပြနိုင်ပါ။ ၄င်းအချက်နှင့် စပ်လျဉ်းပြီး ၁၉၅၄ ခုနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသော တိုင်းပြည်တွင်း ဗုဒ္ဓဘာသာ Buddhism in Siam စာ အုပ် စာမျက်နှာ ၃၈ တွင် ဖော်ပြသည်မှာ အေဒီ ၁ဝ၅၇ တွင် တိုင်းပြည်သို့ တတိယအကြိမ် ဗုဒ္ဓဘာသာရောက်ရှိလာရာ၌ မြန်မာ နိုင်ငံ ပြည့်ရှင် အနော်ရထာမင်းက ဟိနယာနဗုဒ္ဓဘာသာကို ယူဆောင်ပေး၍ ပရပထုံခေါ် နခုံပထုံနှင့်မလေးကျွန်းဆွယ်ဘက် သို့ ယူဆောင်ပေးသည်ဟု ရေးသားပါသည်။

ယင်းစာအုပ်ကို ထိုင်းပညာရှိ ဒေါက်တာ လောင်သူရိယဗောင် Dr.Lung Suriyabongs က ပြုစု၏။ ၄င်းဖော်ပြချက်သည် အထက်ပါ ယုံကြည်ချက်နှင့်ဖီလာဆန့်ကျင်နေပြန်ပါသည်။ ပရပထုံ၌ တွေ့ရသော ယေဓမ္မာဂါထာပါရှိသည့်အုတ်ခွက်သည် ဗိုလ်တထောင်ဘုရား၌ ရရှိသော ယေဓမ္မာ အစချီဂါထာ ပါရှိသော အုတ်ခွက်နှင့်အက္ခရာအရေးအသား တူညီနေကြသော မွန်ပါဠိ အရေးအသား ဖြစ်နေသည်ကို တွေ့ရပြန်ကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ရာမညတိုင်း မွန်ဂိုဏ်းသုံးရပ်တို့၌ သုတေသနဌာနက စနစ်တကျ တူးဖော်သည့်အခါ အလွန်ရှေးကျသော မွန်အက္ခရာနှင့်အနုပညာလက်ရာများကို ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ရလေတော့သည်။

ယဉ်ကျေးမှုစာစောင်၊ အတွဲ ၁၊ အမှတ် ၇၊ ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ။