ကော့ဗိန်းမြို့ဟောင်းသမိုင်း - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

ကရင်ပြည်နယ်တွင် ရှေးဟောင်းမြို့ များစွာ ရှိသည့်အနက်​ ကော့ဗိန်းမြို့ဟောင်းသည် ထင်ရှားသော သမိုင်းဝင် မြို့ဟောင်း တစ်မြို့ ဖြစ်ခဲ့ကြောင်း၊ ရှေးဟောင်း စာပေ၌လည်းကောင်း၊ ဘုရားပျက်အတွင်းမှ ပေါ်ထွက်လာသော ရှေးဟောင်းပစ္စည်းများကို လေ့လာခြင်းအားဖြင့်လည်းကောင်း ပို၍ စိတ်ဝင်စားဖွယ်ရာ သိရှိရပါသည်။ ယခုအခါ ကော့ဗိန်းရွာနှင့်ကော့ပေါက်ရွာတို့သည် မော်လမြိုင်မြို့မှ ဂျိုင်းမြစ်ကို ၂၅ မိုင်ခန့် ဆန်တက်ပါက ဂြိုင်းမြစ်ကမ်း၏တောင်ဘက် ကမ်းနဖူးပေါ်တွင် တည်ရှိနေပါသည်။ မော်လမြိုင်မှ ကျုံဒိုးသို့ ပြည်တွင်းရေကြောင်း သွားလာရေး သင်္ဘော ခရီးစဉ်၏ခရီးတစ်ဝက်မျှ ဖြစ်ပါသည်။ ကော့က ရိတ်မြို့နယ်တွင် ကော့ဗိန်းရွာသည် အကြီးဆုံး ရွာကြီးတစ်ရွာဟုလည်း ပြောနိုင်ပါသည်။

 

လွန်ခဲ့သည့် ၁၉၆၂ ခုနှစ်မှစပြီး ကော့ဗိန်းရွာသားများသည် အရောင်းအဝယ်လုပ်ငန်းဖြင့် စီးပွားရေး အခြေအနေ အလွန်အမင်း တိုးတက်ခဲ့ပါ သည်။ ရှေးအခါက အိမ်ကို တောသစ်ဖြင့် ဆောက်ကာ အင်ဖက်ဖြင့် မိုး၍ နေသူက များပါသည်။ အိမ်ကို ကျွန်းသစ်လျှာထိုး ခင်းပြီး အုတ်ကြွပ်မိုး နိုင်သူမှာ အလွန်နည်းပါးပါသည်။ ယခုအခါတော့ ကော့ဗိန်းရွာသူ ရွာသားများသည် နှစ်ထပ် သုံးထပ် တိုက်ကြီးများ ဆောက်၍ပင် နေထိုင်ကြ သည်ကို တွေ့နိုင်ပါသည်။

စာရေးသူသည် ကော့ဗိန်းရွာ ဇာတိဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝ လောက်မှ ထွက်ခွာခဲ့ပြီး မော်လမြိုင်တွင် ခြောက်နှစ်မျှ နေထိုင်ပြီး ၁၉၄၆ ခုနှစ်မှစ၍ ရန်ကုန်မြို့တွင် အခြေစိုက်နေသူ ဖြစ်ပါသည်။

စာရေးသူ အသက် ၂ဝ မတိုင်မီက ကော့ဗိန်းရွာနှင့်ယခုကော့ဗိန်းရွာသည် ထူးထူးခြားခြား ပြောင်းလဲလာသည်ကို တွေ့ရှိရသဖြင့် မိမိ၏ မွေးဖွားရာ ဇာတိချက်မြှုပ် ဖြစ်သော ကော့ဗိန်းရွာ၏ အတိတ်မှ ရှေးဟောင်း သမိုင်းစဉ်များကို နိဒါန်းအနေဖြင့် ဖော်ပြသည်မှာ

"ရန်ကုန်မြို့ ပထမ မူလရင်း မဟာဝန်ရှင်တော်မင်းကြီး မေဇင်ဖွယ်ရာ သခင်သည် ကောဇာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် မော်လမြိုင်၌ အရေးပိုင်မင်း ဖြစ်နေစဉ်အခါက ရာမညတိုင်းရာဇဝင်၊ မွန်သမိုင်း စာဟောင်းပေဟောင်း ကျမ်းဂန်များကို ရှာဖွေပေးပါဟု စစ်ကဲတော်ကြီး ဦးထော်လေး၊ အခွန်ဝန်မင်း ဦးပြော့တို့အား အမိန့်ရှိခဲ့ရာ ၄င်းအရာရှိကြီးများသည် မော်လမြိုင်၊ မုတ္တမ၊ ဟံသာဝတီမြို့ရွာ နယ်ပယ်မှာ လိုက်လံမေးမြန်း ရှာဖွေသော်လည်း စာပေကျမ်းဂန်ဟောင်းများကို မတွေ့ရပါ။ ထိုင်းပြည်သို့ လူလွှတ်ရှာဖွေစေမှ ဝလင်းခုတ် မွန်ဆရာတော်ဘုရား၊ သံခပိုင် မွန်ဆရာတော်ဘုရားတို့မှ မွန်ဘာသာ ရာမညတိုင်း ရာဇဝင် ကိုးကြောင်းပေ ၅၈ အင်္ဂါနှင့်ဘုရားသမိုင်း အင်္ဂါ ၂ဝ ကျော်မျှ ပေးလိုက်သဖြင့် ရခဲ့ပါသည်။

ထိုရှေးဟောင်း မွန်စာပေမူများကို ရရှိခဲ့ပြီးသည့်နောက် အရေးပိုင်မင်း မေဇင်ဖွယ်ရာက မြို့အုပ် ဦးရွှေကြာအား တစ်လလျှင် အခငွေ ၄ဝိ ပေး၍ မြန်မာဘာသာ ပြန်စေပါသည်။

ကျွန်ုပ် စစ်ကဲတော်မင်း မောင်ရွှေနော်နှင့်ပြည်မြို့ အခွန်ဝန်မင်း မောင်တတွက်တို့ကိုလည်း တစ်လလျှင် ၂၅ ကျပ်စီ ပေး၍ မြန်မာဘာသာ ပြန်စေပါသည်။ တစ်နှစ်ခွဲ နှစ်နှစ် ရောက်မှ အပြီးရောက်ပါသည်။

ကျွန်ုပ်သည် ဤမွန်ရာဇဝင်နှင့်စေတီတော် သမိုင်းပေါင်းချုပ်ကို စီကုံးရေးသားရာ၌ အဆိုပါ ထိုင်းမှ ရခဲ့သည့်စာပေဟောင်းများကို များစွာ ကိုးကား၍ မြန်မာဘာသာ ရှေးဟောင်းစာပေများကိုလည်း အတော်အသင့် ကိုးကားခဲ့ပါသည် စသည်ဖြင့် ဖော်ပြခဲ့ပါသည်။

ကော့ဗိန်းနှင့်ပတ်သက်၍ ဦးရွှေနော်၏စာအုပ် စာမျက်နှာ ၁၁၁ ခုနှစ်၊ ယောနကတိုင်း ကြင်းမိုင်းမြို့သို့ ဒေသစာရီ ကြွရောက် တော်မူလာသည့်အခါ ရွှေဆံတော် တစ်ဆူစီ ရရှိထားသော ရှမ်းမင်းသား(၁ဝ)ပါးတို့သည် မိမိတို့ထံ ဆံတော်ကို မြစ်ဆိပ်ကမ်းနား သာယာကောင်းမွန် ထင်ပေါ်သော တောင်ထိပ် တောင်စွန်းမှာမှ ဌာပနာ၍ ဘုရားစေတီ တည်လုပ်ကိုးကွယ်မည်ဟု စိတ်စေတနာ သဒ္ဓါအာရုံ ထားရှိကြသည့်အတိုင်း ကျေးကျွန် ရဲမက်ဗိုလ်ပါ အပေါင်းတို့နှင့်တောင်ဘက်တစ်ခွင် လိုက်လံရှာဖွေကြရာ  ယခု မော်လမြိုင်ခေါ်သော မြို့အ​ထက် မြစ်မကြီး နှစ်ကွေ့ခွဲအကွာ အရှေ့ဘက်ကမ်းနား ဓမ္မသ ဟူသော တောင်အခြေအနေ ကောင်းမွန်သည်ကို သဘောကျ တွေ့ကုန်၏။

ထိုတွေ့ပြီး နောက်နေ့ရက် မရှည်မကြာမီအတွင်း အလှူအတန်း ပွဲလမ်းသဘင် အကြီးအကျယ်နှင့်ဘုရားစေတီဖိနပ်တော် တစ်ဆယ့်ငါးတောင် တိုင်းထွာခင်းကျင်း၏။ ဌာပနာတိုက်လည်း ကောင်းစွာ စီမံလုပ်ကိုင်၍ ဆံတော် ၁ဝ ဆူ၊ ရွှေကြုတ် ၁ဝ ခု ကို တစ်ခုတည်း ဌာပနာ၏။ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ် ပုံသဏ္ဌာန်၊ မင်းသား ၁ဝ ပါးတို့ ရွှေပန်း ငွေပန်းနှင့်ကန်​တော့ ပူဇော်လျက်နေသော ပုံသဏ္ဌာန် ရုပ်ပွားတော်များ ကိုလည်း ဌာပနာ၏။

ထိုဌာပနာပြီးသည့်ကာလ အုတ်စေတီ တည်လုပ်ကိုးကွယ်တော်မူကြ၏။ ၁၁၅ ခုနှစ်မှ စ၍ ၁၁၇ ခုနှစ်တွင် အပြီးသို့ ရောက်၏။ ဘုရားစေတီ ဘွဲ့တော်မှာ မူလပထမရင်းက ဆံတော် ၁ဝ ဆူကို ဗေဒင်အခေါ်အားဖြင့် (သုံဒသ) ဖြစ်သောကြောင့် "ကျိုက်ဒသ" ဟုခေါ်၏။ နောက်လူတို့က "ကျိုက်ဓမ္မ"ဟူ၍ ခေါ်ကြ၏။ ထိုဘုရားစေတီ တည်လုပ်ထားသော ဆံတော် ၁ဝ ဆူ ဘုရားစေတီကို ငါတို့ နေ့စဉ် မပြတ် အာရုံပြု၍ ဖူးမြော်ပူဇော် ကန်တော့နေရအောင် ဤတောင်အနီးအနားတွင် မြို့တည်ထောင် နေလိုသည်ဟု တိုင်ပင်ရာ ညီတော် ကိုးပါးတို့က နောင်တော်စကားအတိုင်း သဘောတူကြ၏။

သည်ကာလ ၄င်းဘုရားစေတီ တည်ထားသော တောင်၏မြောက်ဘက် ခရီးတာပေါင်း ၇၅ ကွာ "ကော့ဗိန်း"အရပ်တွင် ​ကောဇာသက္ကရာဇ် ၁၁၇ ခု၌ မြို့တည်ထောင်၍ နောင်တော်အကြီးဆုံး အုပ်ချုပ်မင်းလုပ်၏။ မြို့အမည်မှာ "ရမ္မာပူရ"ဟုတွင် စေ၏။ ထိုရမ္မာပူရ၌ မင်းပေါင်း ၁ဝ ဆက် နှစ်ပေါင်း ၁၉ဝ တိုင်အောင် ကြီးစိုးအုပ်ချုပ်နေ၏။ "ရမ္မာဝတီ"ဟူ၍လည်း မြို့အမည် တွင်၏။

၄င်းနောက် ဘုရား ပရိနိဗ္ဗာန် စံယူပြီး သာသနာသက္ကရာဇ် ၁၅၇ ခု၊ ၁၁ ဆက်မြောက် မွန်မင်း မှိန်းပွံဒုရပ်က ထိုမြို့ ချောင်ကျ သည်။ ရောဂါဝေဒနာ ထူပြောသည်။ မြစ်လေးမြွာဆိုင်သော "ပွန်ဇလိုင်" အဝနားကို ရွှေ့ပြောင်း မြို့တည်ပြန်လျှင် လျော်ကန်မည် အကြံရှိကာလ မှူးမတ်တို့အား တိုင်ပင် သည်တွင် သဘောတူကြ၏။

သို့သဘောတူချက်အရ ​ယခုမော်လမြိုင် ခေါ်သော​ နေရာဒေသသို့ ရွှေ့ပြောင်း မြို့တည်ထောင်နေလေ၏။ မြို့အမည်မှာ "ရမ္မဝတီ" "ရမ္မပူရ" ဟူ၍ နှစ်မျိုးနှစ်မည် တွင်၏။ နောက် ၄င်းမြို့တည်သောမင်း "မှိန်းပွံဒုရပ်"သည် နှစ်လ မကြာမြင့်မီ စက္ခုကွယ်သဖြင့် "ဒုံမွတ်ဘလုံး" ဟု အမည်တွင်ပြန်၏။ မြန်မာပြန်သော် "မျက်စိကန်း"မြို့ ဆို၏။ (ဒုံမွတ်ဘလုံး-ဍုင်မင်မွဲလို-မျက် စိတစ်လုံးပျက်မြို့)

အထက်ပါ ဦးရွှေနော်၏စာအုပ်အရ ကော့ဗိန်းမြို့ကို သက္ကရာဇ် ၁၁၇ ခုနှစ်တွင် ဓမ္မသအရပ်မှ ပြောင်းရွှေ့ တည်ထောင်ခဲ့ကြောင်း၊ မင်း ၁ဝ ဆက်မျှ အုပ်စိုးခဲ့ကြောင်း၊ ကော့ဗိန်းမြို့ကို ရမ္မာပူရမြို့ဟူ၍ ပါဠိလို တွင်ခဲ့ကြောင်း၊ သက္ကရာဇ် ၁၅၇ ခုနှစ်တွင် မှိန်းပွံဒုရပ်လက်ထက် ရောက်မှ မြစ်ငါးသွယ် ဆုံသည့် ပွန်ဇလိုင်(ပဉ္စလိန္ဒ) ကျွန်းအဝရှိ မော်လမြိုင်ဟု ယနေ့တွင်သော ဒေသသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ထိုမင်း မျက်စိတစ်လုံး ကွယ်ခဲ့သည်ကို အကြောင်းပြုပြီး ရမ္မပူရ (ဝါ) ရမ္မဝတီ ဟုတွင်ရာက ဒုံမွတ်ဘလုံး (ဍုင်မတ်မွဲလို)ဟူ၍ ယနေ့ထိ တွင်ခဲ့ကြောင်း ဖော်ပြခဲ့ရာ ယနေ့ မော်လမြိုင်သည် ရှေးက ကော့ဗိန်းမြို့မှ ပြောင်း ရွှေ့တည်ထားခဲ့သည်ဟု ဖော်ပြထားသဖြင့် စိတ်ဝင်စားဖွယ် ဖြစ်နေပါသည်။

ကော့ဗိန်းဟူသော ​မွန်ဝေါဟာရ၏အနက်မှာ ကော့ကား "ကုန်း"ဖြစ်၍ "ဗိန်း"ဟူသည်မှာ ဗိန် ဟူသော မွန်စကားမှ သက်ပြီး "အိုး" ဟု အနက် ရှိပါသည်။ အိုးဖိုရှိသော ကုန်းမြေဟု အဓိပ္ပါယ် ရှိပါသည်။ မှန်ပါသည်။ ကော့ဗိန်းရွာတွင် အိုးဖိုအဖြစ် အိုးများ ဖုတ်ခဲ့သော ကုန်းဟောင်း သုံး​ကုန်းရှိပါသည်။ ယင်းကုန်းဟောင်းများတွင် မြေကို တူးဆွပါက အိုးခြမ်းကွဲများ တွေ့ရှိပါသည်။ ကော့ဗိန်းရွာ၏အရှေ့ဘက် တစ်မိုင်ကွာတွင်လည်း အိုးဖိုဟောင်းများကို တွေ့ရသည့်ပြင် ယနေ့ထိ ကော့ဒုံ(မြို့ကုန်း)ဟု ခေါ် နေသေးသည်။ ရွာငယ်ကလေးတွင် ရှေးကျသော အဝိုင်းအဝန်း သဏ္ဌာန် မြို့ရိုးဟောင်း အကြွင်းအကျန်ကို လေ့လာတွေ့ရှိရပါ သည်။

မြတ်စွာဘုရား၏ဆံတော်ကို ဌာပနာခဲ့ပါသည်။ ယနေ့ ဘုရားကြီးဟု ခေါ်သည့် စေတီကြီးတစ်ဆူလည်း ရှိပါသည်။ ကော့ဗိန်း၏တောင်ဘက် လေးမိုင် အကွာတွင် ကျောက်တောင်ဂူ ရှိပါသည်။ ယင်းကျောက်တောင်ဂူတွင် ရှေးမင်းများ ပြုလုပ်ပူဇော်ခဲ့သည့် ကျောက်ဆင်းတုတော်များနှင့် သစ်သား ဆင်းတုတော် အများအပြား ရှိနေပါသေးသည်။

လွန်ခဲ့သည့် ၁၉၈၃ ခုနှစ်တွင် ကော့ဗိန်းနှင့်ကော့ပေါက်ရွာအကြားရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းတွင် ရှေးဟောင်းစေတီငယ် တစ်ဆူကို ပြုပြင် ရန် မြေကို တူးဆွကြရာ၌ အလွန်ရှေးကျသည့်အုတ်ချပ်ကြီးများနှင့်မြေအိုးတစ်လုံးအတွင်းမှ အလွန်တန်ဖိုး ကြီးသည့် ရွှေလက်ဝတ်လက်စားများ တွေ့ရှိခဲ့ပါသည်။ ၄င်းတို့ရွှေသည် ပရပိုက်ခေါက် ဖြစ်ပြီး အဖိုးတန် ပတ္တမြားနှင့်နီလာ ကျောက်များဖြင့် မွမ်းမံထားပါသည်။ ကျောက်ပုတီးများ လည်း ပါဝင်ပါသည်။

ယင်းသို့ ရှေးကျသော သမိုင်းဝင် ပစ္စည်းများကို တူးဖော်ရရှိကြောင်းသတင်းကို စာရေးသူ ကြားသည်နှင့်အဆောတလျင် သွားရောက် ကြည့်ရှုခဲ့ပါ သည်။ ယင်းပစ္စည်းများနှင့်အုတ်ချပ်ကြီး (အလျားတစ်ပေခွဲ၊ အနံတစ်ပေ၊ ထု ရှစ်လက်မ)များကို လေ့လာရာ၌ အေဒီ ၆ ရာစုမှ ၉ ရာစုတွင်း ထွန်းကားခဲ့သော သရေခေတ္တရာရှိ ပျူယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းများ နှင့်ခေတ်ပြိုင် ဖြစ်နေကြောင်း အံ့ဩဖွယ် သုံးသပ်မိပါသည်။ ယခု တွေ့ရှိရသော ရှေးကျသည့်အုတ်ချပ်ကြီးများနှင့်လက်ဝတ် လက်စားများမှာ များပြားလှသည် မဟုတ်သော်လည်း သမိုင်းအထောက်အထား အတွက် တန်ဖိုး မဖြတ်နိုင်သော သက်သေခံ ပစ္စည်းများ ဖြစ်ပါသည်။

အထက်ဖော်ပြပါ စစ်ကဲဦးရွှေနော်၏ရာဇဝင်စာအုပ်တွင် ကော့ဗိန်းမြို့ကို ရှမ်းမင်းသား ၁ဝ ပါးတို့က သက္ကရာဇ် ၁၁၇ ခုနှစ်တွင် ဓမ္မသအရပ်မှ ပြောင်းရွှေ့ တည်ထားခဲ့ကြောင်း ဆိုထားရာ ကော့ဗိန်းမြို့သည် အရှင်ဂေါတမ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ရှိခဲ့ကြောင်း ဆိုသည့် သမိုင်းအထောက်အထားများကို မတွေ့ရစေကာမူ အေဒီ ၆ ရာစု သက်တမ်းရှိသော ပျူနှင့်ခေတ်ပြိုင် အုတ်ချပ်ကြီးများနှင့် လက်ဝတ် လက်စားများကို တွေ့ရှိရပြီ ဖြစ်သဖြင့် ကော့ဗိန်း၏သမိုင်းအထောက်အထားမှာ အထူးအားရဖွယ် ဖြစ်ပါသည်။

ထို့ပြင် ကော့ဗိန်းတွင် နောက်ဆုံး အုပ်စိုးခဲ့သော "မှိန်းပွံဒူရပ်"၏အမည်သည် စိတ်ဝင်စားဖွယ် ဖြစ်နေပြန်သည်။ ၄င်းမင်းသည် ကော့ဗိန်းမှ မော်လမြိုင်သို့ ပြောင်းရွှေ့ အုပ်စိုးသောမင်းလည်း ဖြစ်ပါသည်။

သထုံမြို့၌လည်းကောင်း၊ ဘားအံမြို့အနီးရှိ ကော့ဂွမ်းဂူ၌လည်းကောင်း ကျောက်ဘုရားဆင်းတုတော်များ၏သင်္ဃန်းစွန်းတို့ တွင် ရှေးဟောင်း မွန်ကျောက်စာများ ပါရှိပါသည်။ ယင်းသင်္ဃန်းစွန်းများတွင် ပါရှိသည့် မွန်ကျောက်စာတို့တွင် "ဍုင်ဒုဝေါပ်" မြို့၌ နေသော မိဖုရားတစ်ပါးက လှူဒါန်းထားကြောင်း ဖော်ပြထားပါသည်။ ယင်းကျောက်စာများသည် အေဒီ ၁ဝ ရာစု အတွင်းက ကမ္ပည်း ထိုးခဲ့ခြင်း ဖြစ်သည်။ ယင်းကျောက်စာ၌ ဖော်ပြသည့် ဍုင်ဒုဝေါပ်မြို့သည် ဦးရွှေနော်၏စာအုပ်တွင် ဖော်ပြ သည့် ကော့ဗိန်းမြို့ကို အုပ်စိုးသော မှိန်းပွံဒုရပ် အုပ်စိုးခဲ့သည့်ကော့ဗိန်းမြို့ (သို့မဟုတ်) "ဒုံမွတ်ဘလုံး"ဟု ခေါ်သော မော်လမြိုင်မြို့ ဖြစ်လေသလောဟု တွေးတောဖွယ်ရာ အကြောင်းများ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ "ကော့ဗိန်း"သည် ရှေးဟောင်းသမိုင်းဝင် မြို့ဟောင်းတစ်မြို့ ဖြစ်ခဲ့ကြောင်းကို အကြောင်းအားလျော်စွာ တင်ပြလိုက်ရပါသတည်း။

ကော့ဂရိတ်မြို့နယ်၊ လူငယ်မဂ္ဂဇင်း။ ၁၉၈၆။