သွေးချင်းသားချင်း

သွေးချင်းသားချင်း

နှင်းချမ်းမြမြ ရှမ်းရိုးမ

တဆောင်းတသစ် ယူကလစ်

ချစ်စဖွယ် မြေယာ တောင်တန်းပြာ

သာတယ်လေ့ သာတယ်လေ့။


တီတီတွဲ့တွဲ့ ငှက်တေးဖွဲ့

ချိုနွဲ့ပလီ ဒုဋ္ဌဝတီ

ပြာရီဝေသစ် စီးဆင်းရစ်

ချစ်ဖွယ့်မြေယာ စမ်းရေပြာ

သာတယ်လေ့ သာတယ်လေ့။


ရှမ်းဘောင်းဘီနှင့်

ဆေးနီမင်ကြောင်၊ ပေါင်မှာအရုပ်

ကျားကုတ်ကျားခဲ၊ အရဲကိုးပ

ရိုးမမြေသား၊ မကြွားမဝါ

ဤမြေယာတွင်၊ သူ့တာသူ့ဝန်

ထမ်းကျေပွန်သည်

မွန်တယ်လေ့ ချွန်တယ်လေ့။


တောင်တန်းလည်း ပြာ၊ စမ်းလည်း ပြာနှင့်

ဤယာ ဤမြေ၊ သူတို့နေ၏

ဤရေကို ဖောက်၊ ငါတို့ သောက်၏

တောင်အောက် တောင်ပေါ်၊ သွေးစည်းဖော်အံ့

ကျူးကျော်သည့်ရန်၊ ငုံ့မခံချေ

တော်လှန်နေမည့်သွေးချင်းများ။

ဖျာပုံနီလုံဦး

ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၄ ခုနှစ်၊၊ အမှတ်-၄။ နှာ-၈။