မြို့မိုးညှင်းသူ မောင့်ချစ်သူ

ချစ်တဲ့သူငယ်လေ

အမူငယ်ပျောင်း သူငယ်ချင်းကောင်း ယောက်မတို့လေ...

နှမလေးမယ်တို့ မိုးညှင်းမြို့ကို

ညှို့ညှို့ဆိုင်းဆိုင်း၊ ရှုတိုင်းသာမော လွမ်းဖွယ်ပေါသည့်

ဂျင်းဖောကချင်ပြည်နယ်တွင်၊ မေးလျှင် လူတိုင်းသိပါသည်။


နှမလေးတို့ မြို့ဝန်းကျင်၊ စပါးပင်နှင့် လယ်ပြင်နှင့်

မြို့တောင်ကမူ၊ ရထားလမ်းနှင့် တောင်တန်းနှင့်

မြို့ရှေ့ကမူ၊ ကောက်ကြီးကွင်းနှင့် ကန်သင်းနှင့်

မြို့မြောက်ကမူ၊ ဘုရားကြီးနှင့် သိမ်ကြီးနှင့်

မြို့လယ်ကမူ၊ နတ်ယင်းချောင်းနှင့် ကျောင်းကြီးနှင့်

နတ်ယင်းချောင်းမှ ရေကောင်းကို လိုပါလျှင်

ဝါဆိုငယ်မှ ဝါခေါင် ရေဖောင်ဖောင်ကို ​

ရှောင်ဖြစ်အောင် ရှောင်ခဲ့ရှင်။


ရေကိုလည်း လို၊ အလှပဂေး နှမလေးမယ့်ကိုပါ လိုမူ

ဝါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့

ဘုံထွတ်ကယ်ဥကင်၊ ပွင့်စံပယ် ရွှင်သောခါ

ဖခင်မိမောင်ဖား၊ သူတို့နားကို

ဖောက်ကြားလှည့်ရှင့်။


အလိုလေ့အိုင်... မလေးငယ်ပျိုဖြူ တမူလှနတ်မွမ်း

သူနှင့်ကျွမ်းသည်

ပြည်နန်းကချင်၊ သဘင်မနောမှာလေး။

တင်ဝင်း(ကသာ)

ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၃-ခုနှစ်၊ အောက်တိုဘာလ၊ အမှတ်-၂၉၊ နှာ-၇။