နွေရက်တွင် သာမိုင်းခမ်းသို့
- Details
- Category: Article in Shan
- Published on Monday, 03 October 2016 14:32
- Written by Shanyoma
- Hits: 1710
သာစည်အထွက်
လှိုင်းတက်ကစ၊ အေးမြလေတိုး
သိုးမွေးထည်ထုတ်၊ ဆွယ်တာထပ်ဆင်
ရှုမြင်ကွင်းများ၊ ခြားနားသွားပြီ
မီးရထားခုတ်သံ၊ တောင်နံရံနှင့်
ပဲ့တင်ဆင့်၍၊ အကွေ့အကောက်
ပြတင်းပေါက်ဘေး၊ တွေ့ရာငေးမော
ထင်းရှူးမွှေးနံ့၊ လွှင့်ပျံ့ဝေရီ
မြေနီဝင်းပ၊ ရွှန်းမြစိမ်းရွက်
ကိုင်းခက်မျှင်ပါး၊ တံခါးလာပွတ်
တံတားဖြတ်ကျော်၊ အပေါ်မှ ငုံ့ကြည့်
တည့်တည့်အောက်မှာ၊ ကျောက်ခဲရွရွ
ဖြူပြာလုံးကြွ၊ မြင်ရ ရေတွင်
ကြည်လင် စမ်းတိမ်၊ ဖြတ်သန်းစီးရစ်
နေရောင်အသစ်၊ ကောင်းကင်အသစ်
မူးယစ်ရပါသော ရှမ်းခရီးသည်။
ဆွယ်တာကြယ်စေ့
ပို၍ကျပ်ယင်း၊ အဆင်းအတက်
လွန်းထိုးယှက်၍၊ အကွေ့တထောင်
တောင်တခြမ်းလင်း၊ တောင်တခြမ်းမှောင်ရိပ်
နေရောင်ဝင်းက၊ အစင်းအစင်း
အကွင်းအတန်း၊ တောင်ခါးပန်းထင်
စိန်ပန်းနီ စိန်ပန်းပြာ၊ ခရမ်းပြာနု
ငုဝါငုစပ်၊ ရွက်ဖတ်စိမ်းလွင်
နီးလျှင်နုပါး၊ ဝေးကား မှိုင်းရင့်
အဆင့်ဆင့် စိမ်းရောင်ပြေး။
ခွေးရုပ်ဘူတာ
အတော်ကြာရပ်၊ အာလူးကပ်တလက်
ပူနွေးကျွတ်အား၊ မတ်တပ်ရပ်စား
ရထားအထွက်၊ အပြေးလုတက်
ဥမင်လိုဏ်ဆီ၊ ဝင်ရသည်တွင်
တရွှီရွှီသံ၊ လက်ခေါက်မှုတ်သံ
အော်သံ ဟေးသံ၊ ဆူညံမှောင်ထဲ
သဲသဲမဲမဲ၊ ပိန်းပိတ်ဆဲမှာ
အလင်းရောင်မှန်ကွဲ၊ ဘွားကနဲ ပြူလက်
ဂျုံးဂျုံးဂျက်ဂျက်၊ ဆက်၍မောင်းလာ
ပျော်စရာပင်၊ ဆင်တောင်ကျော်လျှင်
မြေပြင်မြင့်လာ၊ မြေရောင်နီလာ
သစ်တောနက်လာ၊ အအေးစူးလာ
ထင်းရှူးရနံ့၊ သင်းပျံ့ရီယစ်
ကလောအဝင် စိတ်လှုပ်ရှားမှု အသစ်။
ခြူသံတချွင်ချွင်
မြင်းလှည်းနှင်ရာ၊ လာခဲ့ခါလျှင်
ဝဲယာကြည့်မြင်၊ အယင်တခေါက်
ရောက်စဉ်နှင့်ခြား၊ ထင်းရှူးပင်များ
ပါး၍ကျဲနေ၊ တည်းခိုနားရာ
ဗိုလ်ကုန်းသာမှ၊ မျှော်ရာရှုခင်း
ထင်းရှူးချွန်မြ၊ ရွက်မျှင်ကြားမှ
မမြင်ရတော့၊ ရွှေဥမင်ဘုရား
ထုံးဖြူဖြူများ၊ ထင်ရှားတွေ့နေ
ထင်းရှူးပင်များ၊ ဆင်သထားသော
ကလောအလှ၊ သင်္ကေတ၊ လျော့ပါးရဟု
ဝမ်းနည်းသလို ခံစားရ။
ကလော အောင်ပန်း
လမ်းတလျှောက် တောင်စောင်း၊ လဲလျောင်းထင်းရှူးပင်
မြေတွင် ငြိမ်သက်၊ တုံးလုံးပက်လက်
လှဲထားလျက် တွေ့ရ။
အောင်ပန်းမှထွက်
ပင်းတယလမ်း၊ ဖြတ်သန်းခဲ့ရာ
စိမ်းပြာ ညိုမှောင်၊ ကဆုန်တောင်ရှိရာ
မျှော်ကာတမ်းတ၊ မွေးနေ့တရက်
တောင်တက်စဉ်က၊ အမှတ်တရ
လက်ဆောင်ရသော၊ သစ်ခွခရမ်းပြာနု
အိမ်မှာဆွဲထား၊ မော ကိုယ်စားပြု
ပျိုနုလန်းသစ်၊ တနှစ်ကြာမှ
သူခိုး ခိုးခံရ၊ အလှ စိတ္တဇ
သက်သာစတွင်၊ သစ်ခွအဝါ
အဝါရင့် အဝါနု၊ ဝန်းစုပွင့်ခိုင်
ဆိုင်၍ပွင့်ခက်၊ လက်ဆောင်ရပြန်
သစ်ခွပန်းများ တဝေဝေ။
တောင်ပို့ကြီးရွာ
စိမ်းနက်ပြာလမ်း၊ တောင်တန်းကမ်းခြေ
လှေဖြင့်လှော်လာ၊ ရေမှော်ခွင်းလျက်
အင်းတိမ် ချောင်းထိပ်၊ စျေးဆိပ်စည်ကား
ဝန်တင်နွားအုပ်၊ ခြူလှုပ်သွားနေ
အင်းတိမ်ဘုရား၊ ရှည်လျားတန်ဆောင်း
ရွှေဥဒေါင်းတောင်ခြေ၊ စေတီဆူဆူ
ထုံးဖြူဖွေးဖွေး၊ ပင့်ကူမြှေးယှက်
ရှေးဟောင်းပုထိုး၊ ခြုံမိုးဂူထွတ်
ရစ်ပတ်တွယ်တက်၊ ပျက်ပြယ် ဟင်္သာပြဒါး
ကွက်ကြားရွှေအို၊ မဲညို ကြာလန်
လဲလျောင်းစံပယ်၊ ပုဂံနဂရ
သတိရမိ၊ ရှေးတခါက
မြို့ပြတည်ထား၊ ထွန်းကားလေဖူး
စိတ်ကူး လှုပ်ရှားနေမိသည်။
နမ့်ပန်စျေးကား
လှေများ ထူထပ်၊ သွပ်မိုးလက်လက်
ဆိုင်ထွက် စည်ကား၊ တိုးကြိတ်သွားလာ
ပစ္စည်းများစုံ၊၊ ကုန်စိမ်းကုန်ချော
တောကုန် မြို့ကုန်၊ အပုံထဲမှ
အင်းလေးပြေက၊ ရွှံ့တေလက်လုပ်
စဉ့်ခွက်တခွက် ဝယ်ခဲ့သည်။
ဖောင်တော်ဦးတွင်
ဝက်သားချဉ်ထမင်း၊ သားရေပွကြော် စားယင်း
နားနေ နားခိုက်၊ ဓာတ်ပုံရိုက်ကြ
မိုးတပြိုက်ရွာ၊ နေရောင်စိမ်းပြာ
ရေလွှာနက်ပြာ၊ စက်လှေဦးမော့
ဖော့ဖော့ရွရွ၊ ဖွဖွပေါ့ပြေး
လှိုင်းဂယက်ဖွေး၊ ရေစက်ထိစင်
ပျော်ရွှင်စရာ အင်းလေးလမ်း။
အင်းမှပြန်လာ
သာမိုင်းခမ်းမြေ၊ ရောက်ရပြီလေ
နွေရက်ရောက်လျှင်၊ ခရီးပြင်မိ
မြို့တွင်နေသူ၊ နေမင်းကပူ
အုတ်နံရံက ပူ၊ ပလက်ဖောင်းက ပူ
ယခုမူကား၊ အပူမရှိ
ပကတိလွတ်လပ်၊ ငြိမ်းချမ်းရပ်မြေ
ထင်းရှူးစိမ်းမြ၊ သစ်ခွတွဲလဲ
ချိတ်ဆွဲအိမ်တံစက်မြိတ်၊ ဝါရိပ်ပြာရိပ်
တောရိပ် တောင်ရိပ်၊ သစ်ရိပ် ဝါးရိပ်
စိတ်ထားဖြူစင်၊ ကြင်နာရိုးသား
လူများအကြား၊ သွားကာလာကာ
စျေးနေ့တခါ၊ ဝယ်ကာ ခြမ်းကာ
စိမ်းလန်းလတ်ဆတ်၊ နုဖတ်မွှေးထုံ
ပျားအုံသစ်မှ၊ ပျားရည်ညှစ်ချ၊ ဝယ်ယူကြ
ရွှင်ပျချမ်းသာ၊ နွေလရောက်တိုင်း
သာမိုင်းခမ်းဝယ်၊ လည်ပတ်ပြီးသော်
တပ်ခေါက်၍ပြန်၊ ရန်ကုန်အသွား
ရထားထိုင်ခုံ၊ ပန်းခိုင်တွဲလောင်း
မဆံ့မပြဲ၊ ဝါးခြင်းထဲမှ
ထွက်ရိုးတံ၊ ထိုးထောင် ကြိုးပြတ်
ယိမ်းလှုပ်သောခါ၊ ပါးကိုလာထိ
အခက်ကငြိ၊ အရွက်က ကလိ
ယားကျိလန့်နိုး၊ မိုးလင်းပြီလား
သာစည်ကတည်းက၊ လေက ပူနွေး
ချွေးစီးအိုက်ချိန်၊ အိမ်အပြန်လမ်း၊
သစ်ခွပန်းတွေ တပွေ့တပိုက်။
တခါတလေ
နွေမှဆုတ်ခွာ၊ သက်သာရာရ
နွေလကုန်လျှင်၊ မိုးဝင်ချေမည်
ပြန်လည်ပျိုမြစ်၊ ဖူးသစ် အားကျွမ်း
လန်းဆန်းရွှန်းနုနေရမည် မဟုတ်ပါလား။ ။
ဒဂုန်တာရာ
ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ ၃၆၊ အမှတ် ၄၂၂၊ ၇၆-၇၈ ထိ။