မော

 

တောင်ခိုးဝေသည်

မောပြေဌာ​န၊ ကြည်လင်စွတည့်။ ။


မော၏သမီး၊

စိမ့်ကြီးမြိုင်သူ၊ လှနတ်တူလျှင်

ကျူသည်ညှင်းညှင်း၊ သီချင်းတောဘွဲ့

သွယ်​ဝဲ့ပျူငှါ၊ ခွန်းသာသာဖြင့်

လာပါခလှည့်၊ ခေါ်ရှာတည့်၏။


မော၏သားပျို

တောင်ညိုရင့်သွေး၊ လူကလေးလည်း

မေးရိုးကျယ်ကား၊ ရင်အုပ်ထွားနှင့်

မြေသားကိုထွင်၊ ယာသစ်ပြင်လျက်

ခေါ်ငင်လာလှည့်၊ ကြိုရှာတည့်၏။


မော၏တောင်ရိပ်၊ တမှေးအိပ်၍

တဆိတ်ချိုလျှမ်း၊ မော၏စမ်း၌

သောက်ဆမ်းချိုးနှစ်၊ ကိုယ်လုံးသစ်လျက်

ညို့ညစ်မထင်၊ မောပုံပြင်နှင့်

စီးသွင်ပျူငှါ၊ မောမေတ္တာကို

ငါ့မှာမျှော်လှမ်း၊ ရချင်စမ်းလည်း

တင်းကျန်းမောက်ဝှန်၊ ပြည့်တာဝန်ကြောင့်

စမ်းသွန်ရစ်လည်၊ မောတို့ပြည်သို့

ချဉ်းသီနိုင်ဘဲ၊ ရောက်နိုင်ခဲဘိ

ပြာမွဲနက်ကြော၊ မြေမြင့်မောသို့

တွေးမောကြံဆ မောစွတကား။ ။

ဗန်းမော်ညိုနွဲ့

ရန်ကုန်တက္ကသိုလ် တိုင်းလူငယ်စာစောင်၊ ၁၉၅၅-၁၉၅၆။ နှာ ၁။