ကက္ကူမွေတော် ၃ဝဝဝ - ဒေါက်တာသန်းထွန်း

တောင်ကြီးအနောက် ၂၆ မိုင်ကွာမှာ ဘုရားစေတီငယ် သုံးထောင်နီးပါး တစ်စုကြီး တွေ့ရလို့၊ ကက္ကူဘုရားတောနာမည်နဲ့ စာတမ်းတစ်ခုကို ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၂ဝဝ၃) ၃၇-၃၉ မှာ ထည့်လိုက်တယ်။ အချုပ်ကို ပြောရရင်

 

(၁) ကက္ကူမွေတော်အကြောင်း ဘိုးတော်ဘုရား (ပဒုံမင်း) ၁၇၈၂-၁၈၁၉ လက်ထက်၊ ပေစာတစ်စောင်မှာ ဖတ်ရဖူးတယ် လို့ ပြောစကား ကြားဖူးတယ်။

(၂) ၁၇၉၃ ခေါင်းလောင်းစာမှာ ကုန်းတော်ပေါ်က စေတီကို ရွှေဂူကြီးလို့ ခေါ်တယ်။

(၃) ၁၇ ဖေဖေါ်ဝါရီ ၁၈ဝ၂ က၊ စေတီကြီးကို ထီးတင်တယ်။

(၄) စေတီစုအလယ်မှာ ၁၈၉၃ ခေါင်းလောင်းက၊ ကက္ကူမွေတော် ခေါ်တယ်။

(၅) စေတီတွေက ဉာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်ပဲ ရှိတယ်။

(၆) စေတီအရေအတွက်ကို ဖေဖေါ်ဝါရီ ၂ဝဝ၁ က ရေတွက်တဲ့အခါ ၂၄၇၈ ဆူ ရှိတယ်လို့ စာတစ်စောင်မှာ ပါတယ်။

ဒီလိုဆိုရင် ခရစ်နှစ် ၁၈ဝဝ လောက်ကလို့ ခန့်မှန်းရတော့မယ်လို့ ထင်မိတယ်။ ဘုရားတွေမှာ နတ်ရုပ်တွေ ပါတော့ အရုပ်အနေအထားကို ကြည့်ပြီး ဒီလက်ရာတွေဟာ ၁၈ဝဝ ဝန်းကျင်ကပဲ ဖြစ်ဖို့များတယ်လို့ တွက်ဆလိုက်တယ်။

၁၂ မတ် ၂ဝဝ၃ နေ့လယ်က၊ စိုင်းအောင်ထွန်းက တောင်ကြီးမြို့ ရေအေးကွင်း ရေထွက်ဦးလမ်းမှာ နေတဲ့ ဖိလစ်စော တောက်ကို ခေါ်လာတယ်။ အဲဒီလူက ခရီးရောက်မဆိုက် ကက္ကူဘုရားထီးတွေမှ ရှမ်းလိုရေးတဲ့ ခေါင်းလောင်းစာတွေ ယူလာတယ်။ စာတွေကို သူတို့ဖတ်ပြီး ဘာသာပြန်ပေးတယ်။

စာတစ်ခု - ဘုန်းကြီးလူထွက် ဦးနွိုက် သွန်းလောင်းထားသည်၊

နောက်တစ်ခုက - လူထွက်ဦးစိုင်းက သွန်းလုပ် ပူဇော်ပြီးစီးပါကြောင်း၊

နောက်ထပ်တစ်ခုက - ၁၁၅၈ တပေါင်းလဆန်း ၂ ရက် သွန်းသည်၊ (ခရစ်ရက် ၂၇ ဖေဖေါ်ဝါရီ ၁၇၉၇)

ဆင်ခံဘုရားတစ်ဆူမှာ - တြိသုခအလို့ငှာ ခင်ကြီးအရိယဝံသ ကောင်းမှု။

ဖိလစ်စောတောက် ကျေးဇူးကြောင့် တိကျတဲ့ ရက်စွဲတစ်ခု ရပြန်တယ်။ ၂၇ ဖေဖေါ်ဝါရီ ၁၇၉၇။ ကက္ကူဘုရားတောက ကုသိုလ်တော်တွေကို ခရစ်နှစ် ၁၈ဝဝ ဝန်းကျင်က တည်ထား ကိုးကွယ်ခဲ့တယ်လို့ ဆက်လက် ယူဆဖွယ် ရှိပါတယ်။


စတိုင်သစ်၊၊ မေ ၂ဝဝ၄၊ ၁၆-၁၇။


Related Articles


ကက္ကူမွေတော်သမိုင်း နှင့် အနုပညာဗိသုကာလက်ရာများ - ကြည်ကြည်ချို (တောင်ကြီးတက္ကသိုလ်)

စွယ်တော်ကတ်ကူဘုရားဖူး - မောင်သာနိုး

ပိုၼ်းၵွင်းမူး ဝတ်ႉၵူႇမူၸွႆႈ (ထုင်ႉပူင်း) - ၶိူဝ်းသႅၼ်