ကက္ကူ - ဒေါက်တာသန်းထွန်း

"ကက္ကူ" ဆိုတဲ့နာမည်က ဆန်းလို့၊ ဘာအဓိပ္ပါယ် ရှိသလဲ မေးမိတယ်၊ တောင်ကြီး အနောက် ၂၆ မိုင်ကွာမှာ ရှိတယ်။ အစက နေ့​စဉ်စျေး မဟုတ်ဘဲ၊ တစ်ပတ်တစ်ခါ ဆိုသလို စျေးနေ့ ရှိတဲ့နေရာ၊ အရောင်းအဝယ် စခန်းငယ်ကလေး ဖြစ်ခဲ့ ဟန် တူပါတယ်။ ဉာဏ်တော် ဆယ်တောင်လောက်ရှိတဲ့ စေတီလေးတွေ အများကြီး (၂၇ဝဝ ကျော်) စုပြီး တည်ထား တာ။ လက်ရာတွေကို ကြည့်ပြီး ခရစ်နှစ် ၁၈ဝဝ ဝန်းကျင်က တည်ထားတယ်လို့ ခန့်မှန်းတယ်။

 

ဘယ်တုန်းက တည်ထားခဲ့သလဲ မေးရင်၊ အသောကလို့ စပြောချင်ပြော၊ အလောင်းစည်သူလို့ ပြင်ချင်ပြင်။ အမရပူရ ပဒုံမင်း (၁၇၉၅-၁၈၁၈) ခေတ်လက်ရာတွေနဲ့ သိပ်နီးစပ်နေလို့၊ ၁၈ဝဝ ဝန်းကျင်က လက်ရာတွေလို့ သတ်မှတ်ချင် တယ်။ ၁၇၅ဝ မှ ၁၈၅ဝ တွင်း ဖြစ်ဖို့များတယ်။ ရှမ်းပြည်နယ်မှာ ဖြစ်လို့ မြန်မာနိုင်ငံရေးနဲ့လွတ်တယ်လို့ ပြောချင်တယ် ဆိုလိုတာက မြန်မာဘုရင်တစ်ပါး နန်းရလို့ရှိရင်၊ မု​ဌောဘုရားငယ်တွေကို သူ့ပိုင်နက်၊ သူ့ဩဇာပျံ့နှံ့ရာ မြို့ရွာတွေမှာ တည်ရတယ်။ ဒီလို တည်တဲ့အခါ တစ်ရွာတစ်ဆူ ဖြစ်မယ်။ အခု တစ်ရွာတည်းမှာ စေတီငယ်သုံးထောင်နီးပါး ရှိနေ တယ်။ ဖြစ်နိုင်မယ့် အကြောင်းရင်းတွေကို တစ်ခုပြီးတစ်ခု စစ်ရပါမယ်။ ဘုရားဓာတ်တော်ကို ဌာပနာတဲ့စေတီလား မေးရင်၊ ဟုတ်ပါတယ်လို့ ဖြေရမယ်။ ဓာတ်တော်ကို ဌာပနာမြဲ ဖြစ်ပါတယ်။ ပရိဘောဂစေတီမှာ မြတ်စွာဘုရား အသုံး အဆောင်ကို ဌာပနာရမယ်။ တောင်ဝှေးတော်၊ ရေသနုပ်တော် ဆိုတာမျိုးကို ဌာပနာကြတယ်။ အဲဒါကို ပစ္စည်းတစ်ခုခု ဌာပနာရင်၊ "မွေတော်" လို့ ခေါ်ကြတယ်လို့ သိရပါတယ်။ အခု၊ "ကက္ကူမွေတော်" လို့ စာတန်းထိုးထားတာ တွေ့ရလို့ မြတ်စွာဘုရား အသုံးအဆောင်တစ်ခုခုကို ဌာပနာမယ်လို့ ယူဆစရာ ရှိပါတယ်။ ပရိက္ခရာရှစ်ပါးထဲက တစ်ခုခု ဖြစ်ရ မယ်ဆိုရင် ဘယ်လိုပစ္စည်း ဖြစ်မယ်လို့ အမှတ်အသား မထားခဲ့တဲ့အတွက် ဘာမျှ အတိအကျ ပြောမဖြစ်ပါ။ အမှန်း အဆနဲ့ ပြောရရင် ထီးတို့ သင်္ကန်းတို့ နေရာထိုင်ခင်းတို့အစား သပိတ် ဖြစ်ဖို့များတယ်။ ဓာတ်တော်အစား သပိတ်တော် ကိုလည်း စေတီထဲမှာ ဌာပနာအဖြစ်နဲ့ ထည့်လေ့ရှိပါတယ်။ ပရိဘောဂစေတီ မဟုတ်ရင်လည်း ဥဒ္ဒိဿစေတီ ဖြစ်နိုင်ပါ တယ်။ ဒီပစ္စည်းကိုပဲ ငါတို့ အလေးအနက် ထားပြီး ကိုးကွယ်တယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဆိုလိုတာက ကက္ကူ ဘုရား (စေတီ)မှာ မြတ်စွာဘုရား သုံးစွဲခဲ့တဲ့ ပစ္စည်းတစ်ခုကို ဌာပနာပြီး တည်ထားတာ ဖြစ်နိုင်ပါတယ်။

ရွှေဘိုနယ်၊ မဲအိုးစည်သာမြေ မလွယ်၊ လိန်တောက ဆိုင်းထမ်း၊ ထမ်းပိုးထမ်းနဲ့ မံဘုရားတွေကို ထမ်းယူပြီး၊ ဝယ်ယူ ပူဇော်လိုသူ ပေါ်လာတဲ့အခါ ဘုရားဒကာနာမည်နဲ့ ပူဇော်တဲ့နေ့စွဲကို ဘုရားပေါင်တော်၊ တင်ပါးတော်၊ ပလ္လင်တော် ဆိုသလို၊ သင့်တော်ရာ တစ်နေရာမှာ သစ်စေးနဲ့ ချက်ချင်းရေးပေးတဲ့ ရုပ်ပွားတော်တွေကို၊ ရှမ်းနယ် (အထူးသဖြင့် ပင်းဒယ) မှာ တွေ့ရတဲ့အခါ၊ (စက္ကူပေါ်မှာ ရောင်စုံသွင်းပြီး ပုံနှိပ်ရောင်းတဲ့ စက္ကူဘုရားတွေ မပေါ်မီက) ရွှေဘိုနယ်က မံဘုရားတွေကို၊ ရှမ်းပြည်နယ်မြေလတ်မှာ ထမ်းယူလာပြီး ရောင်းတဲ့အလေ့ ရှိတာကို တွေ့ရပါတယ်။ မံဘုရားဆိုတာ က အ​ဝတ်စကို သစ်စေးသုတ်ပြီး အောက်ခံဖြစ်တဲ့ ရွှံ့ပုံတော်ပေါ်မှာ ကပ်ပြီး ခြောက်တဲ့အခါ အထဲက ရွှံ့ကို ထုတ်ပစ်ပြီး ရွှေချထားလို့ ကြည်ညိုစရာလည်း ဖြစ်တယ်။ သယ်ယူတဲ့အခါ ပေါ့တယ်။ တန်ဖိုးနည်းနည်းနဲ့ ရောင်းနိုင်တယ်။ အဲဒီလို မံဘုရား ရောင်းတဲ့ခေတ်က စက္ကူနဲ့ရောင်စုံ ပုံနှိပ်ပြီး ဘုရားပုံတော်ကားတွေ တွင်တွင်ကျယ်ကျယ် မရောင်းမီ တစ်ဆယ့်ကိုးရာစု အကုန်ပိုင်းက ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်တဲ့ လူတွေဟာ အိမ်တိုင်း အိမ်တိုင်း မှာ ဘုရားစင်ရယ်လို့ သီးခြားအဆောင်ငယ်ကလေး မရှိတောင်၊ အိမ်ဦးရဲ့နံရံမှာ ဘုရား(ဂေါတမ)ပုံတော်ကားတွေ ချိတ်ဆွဲပြီး ပူဇော်လေ့ ရှိကြပါတယ်။ အဲဒီပုံတော်ကား ပူဇော်တဲ့အလေ့က ၁၉ဝဝ ကျော်လောက်ကမှ စမယ်လို့ ထင်ပါ တယ်။ အဲဒီအလေ့ မတိုင်မီက မံဘုရားကို အထမ်းနဲ့သယ်ယူလာပြီး လည်ရောင်းတဲ့ခေတ် ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီလို ဘုရားလည်ရောင်းတဲ့နယ်အကျယ်ဟာ ဇင်းမယ်အထိ ရောက်တယ်။ ဘုရားရောင်းတဲ့ လူငယ်တချို့ ဇင်းမယ် မှာ အိမ်ထောင်ကျပြီး ပြန်မလာတဲ့လူလည်း ရှိဖူးတယ်လို့ ပြောတာကို မှတ်ရဖူးပါတယ်။ မံဘုရားခေါင်းပွမို့ ပေါ့တဲ့ အတွက် တစ်ဖက်ကို အကြီး အသေး စဉ်ပြီး ဘုရားရှစ်ဆူလောက် သယ်နိုင်တယ်။ တစ်နှစ် သယ်ယူသွားတဲ့ဘုရားတွေ အားလုံး ဆောင်းရာသီအတွင်း ရောင်းမကုန်ရင်လည်း နွေဦးပေါက် အိမ်ပြန်ကြတဲ့အခါ လက်ကျန်ကို သင့်​တော်ရာ ဘုန်းကြီးကျောင်းမှာပဲ အပ်နှံပြီး ထားခဲ့လေ့ရှိပါတယ်။ မံဘုရားအရွယ် အလတ်စားလောက်တစ်ဆူကို၊ ရောင်းစျေး ၃ဝိ လောက် ရှိမယ်။ တစ်တောင်ပတ်လည် ကြွေရောင်စက္ကူပေါ်မှာ ရောင်စုံ ပုံနှိပ်ထားတဲ့ ဘုရားပုံတော်တွေကို ၅ ကျပ်၊   ၁ဝ ကျပ်နဲ့ ရောင်းတဲ့အခါ မယှဉ်နိုင်လို့ မံဘုရားစျေးကွက် ပျောက်သွားတယ်။ အောက်ပြည် အောက်ရွာမှာ သက္ကရာဇ် ၁၂၁ဝ (ခရစ် ၁၈၄၈) ဆောက်တဲ့ သစ်သားကျောင်းမှာ ပန်းပုံလက်ရာတွေနဲ့ အလှဆင်ထားလို့ ရုပ်စုံကျောင်း အခေါ်ခံ ရတာမျိုးတွေပါ။ မိုးများလို့ ဆွေးလွယ်တယ်ဆိုတာတောင် ကျွန်းသားပန်းပုလက်ရာတွေကက အနှစ် ၆ဝ လောက် ကောင်းကောင်း ခံပါတယ်။ အဲဒီပန်းပုတွေကို စစ်ဆေးတဲ့အခါ ဇာတ်ကြီးဆယ်ဘွဲ့က (ဥပမာ၊ ဝေ ဿန္တရာဇာတ်၊ ဝိဓူရ ဇာတ်မျိုးကို) ရွေးပြီး ဖော်ပြတာ၊ တွေ့ရတတ်ပါတယ်။ အဲဒီလို ဖော်ပြတဲ့အခါ မဟာဥမင်္ဂ (မဟောသဓ) ဇာတ်လို အဖြစ်အပျက်တွေ အများကြီးထဲက အကွက်တစ်ကွက်ပဲ ရွေးပြီး တစ်ထွာပတ်လည်လောက်ရှိတဲ့ ရွှံ့ပြား (သို့မဟုတ်) ကျောက်ပြားပေါ်မှာ ဇာတ်ထဲက အခန်းတစ်ခန်းကိုပဲ ရွေးနှုတ်ဖော်ပြခွင့် ရပါတယ်။ ဒီလို ရွေးတဲ့အခါ ရှေးက လူတွေ သိပ်ကျွမ်းကျင်တယ်ဆိုတာကို တွေ့ရပါတယ်။ ဥပမာ၊ မဟာဥမင်္ဂဇာတ်မှာ ပြသင့် ပြထိုက်တဲ့ အခန်းတွေ အများကြီး ထဲက ကေဝဋ်က ပတ္တမြားကို ကြမ်းပေါ်မှာ ကုန်းအကောက်၊ မဟောသဓက သူ့နဖူးကို ကြမ်းမှာ ဆောင့်ပစ်လိုက်တဲ့ အခန်းကို ပြတယ်။ အဲဒါ ပညာသားပါတယ်။ ရွေးချယ်ပုံ အချက်ကျတယ်။ အဲဒီလို ချီးမွမ်းရပါတယ်။ ကက္ကူမှာ အခု ပြောသလို ငါးရာကို ရေးမလား၊ ဇာတ်ကြီးဆယ်ဘွဲ့ကို ရေးမလားနဲ့ ရှာကြည့်ပါတယ်။ မရေးပါ။

တွေ့ရတာက မထင်မှတ်တဲ့ပုံပြင်တစ်ခု ဖြစ်နေတယ်။ ဘုရားသာသနာကို သိကြားမင်း စောင့်ရှောက်တဲ့ခေတ် ရောက် ပြီဆိုရင် သိကြားမင်းက လူတွေရဲ့စရိုက်ကို ကြည့်ပြီး လူကောင်းဖြစ်တယ်။ လူဆိုးဖြစ်တယ်လို့ ပုရပိုက်မှာ မှတ်တယ်။ အဲဒါကို သရုပ်ဖော်တဲ့အနေနဲ့ ပုရပိုက်မှာ ကံ့ကူတံနဲ့ လူနာမည်တွေကို သိကြားမင်း ရေးမှတ်နေပုံကို ထင်ထင် ရှားရှား တွေ့နေရပါတယ်။ လူကောင်းရဲ့နာမည်တွေကို ရွှေရေးပုရပိုက်မှာ မှတ်မယ်။ လူဆိုးကို ခွေးပုရပိုက်မှာ မှတ်မယ်လို့၊ အသေးစိတ် ခွဲခြားပြီး ပြောတတ်ကြပါသေးတယ်။ စေတီဘုရားငယ်ပေမယ့် လူပုံ နတ်ပုံ သိကြား ဗြဟ္မာပုံတွေကို လူလောက်နီးနီး ပီသထင်ရှားအောင် ထုလုပ်ထားလေ့ရှိပါတယ်။ "ဟေ့၊ ဒီမှာ မင်းနာမည် တွေ့နေတယ၊ ဒါ ခွေးပုရ ပိုက် ဖြစ်မယ်ထင်တယ်" လို့၊ ပြက်လုံးထုတ်ကြပါတယ်။ သိကြားမင်းဟာ ခွေးပုရပိုက်တွေပဲ သုံးနေတယ်လို့ ထင်မိ တယ်။


စတိုင်သစ်၊ ဇန်နဝါရီ၊ ၂ဝဝ၄၊ ၁၆-၁၈။


Related Articles


ကက္ကူမွေတော်သမိုင်း နှင့် အနုပညာဗိသုကာလက်ရာများ - ကြည်ကြည်ချို (တောင်ကြီးတက္ကသိုလ်)

စွယ်တော်ကတ်ကူဘုရားဖူး - မောင်သာနိုး

ပိုၼ်းၵွင်းမူး ဝတ်ႉၵူႇမူၸွႆႈ (ထုင်ႉပူင်း) - ၶိူဝ်းသႅၼ်

ကက္ကူမွေတော် ၃ဝဝဝ - ဒေါက်တာသန်းထွန်း