ရှမ်းဌာနေခရီး

အညာသူအပူရိပ်က၊ တိတ်တဆိတ်ရှောင်ဖယ်

ပန်းလောင်ရေငွေတံတား၊ ဝင့်ကြွားမြစ်ငယ်

ချည်စက်သံညံတယ်၊ ပလိပ်နယ် အထည်တော

ချောင်းဇော်ဂျီပတ်လည်ဖောက်၊ ကျောက်ဆည်တကြော။


မိတ္ထီလာတစခန်း၊ ဝမ်းတွင်းနဲ့သဲတောဆီ

ယက်ကန်းသံဝေလျှံဖြိုး၊ ကုန်တိုးထုတ်မည်

သမပေါင်းစုံစုံညီ၊ သာစည်နယ်အင်အား

ယင်းမာ​ပင်တောင်စဉ်စ၊ ကမ္ဘောဇတံခါး။


မြပန်းခွေလည်တံကြော့နဲ့၊ ရွက်သစ်နော့တဝေဝေ

တောင်ပြာစဉ်ငယယ်မူနု၊ စိမ်းလုလုခြေ

ယာမီးခိုးဖြူပြေပြေ၊ လမ်းမြွေလိမ်မြွေကောက်

ကလောသာယာပေရဲ့၊ ရွှေညောင်မြေအရောက်လှမ်း

အောင်ပန်းတထောက်။


မိုးတိမ်ကို မျက်နှာပြု၊ နေရာလုထင်းရှူးမြိုင်

ပင်အောက်ခြေအမြင်ရှင်း၊ တောင်မင်းနဲ့ပြိုင်

စိန်ပန်းပြာအခိုင်ခိုင်၊ ငုဝါကိုပြိုင်ဝင့်

ရှမ်းပြည်နယ်အလှပွဲ ကြဲစွမ်းကုန်ဖွင့်။


လင်းအရုဏ်မှုန်တပျ၊ ချီမခဲ့ယွန်းဗျပ်နီ

ပန်းဇာချည်ပတ်လည်လွှမ်း၊ ဆွမ်းသစ်သီးစီ

ကျောင်းကန်ရိပ်အလီလီ၊ နှစ်သစ်ရည်ဒါန

ထုံဗေဗေအိုးစည်ဟည်းတယ် တောင်ကြီးအလှ။


မြို့ညောင်ရွှေတထောက်နား၊ နောက်ပါးကရေပြင်ကြည်

​ဧရာညီတောင်တွေကြား၊ ပုန်းထားဟန်ချီ

အင်းလေးခေါ်တွင်မည်၊ ရေပေါ်ဆီနေတဲ့ရပ်

ရေငြိမ်မှာလှေတိမ်ပဲ့ကို ခြေနဲ့လှော်ခတ်။


ကျွန်းမျောတွေရေပြင်စု၊ အိမ်ယာပြု လူ့စွမ်းအင်

သီးနှံ​စုံဝေဆာလျှမ်း၊ ယက်ကန်းသံလွင်

ဖောင်တော်ဦးမြတ်ရှင်ပင်၊ သဒ္ဓါရွှင်ရိုကျိုး

ကြည်ညိုဖွယ်မြတ်ရုပ်ပွား ရွှေသားအုပ်မိုး။


အင်းလုံချည်ပင်နီစနဲ့၊ လွယ်အိတ်လှရွေးကာဝယ်

အင်းပျိုဖြူပါးမို့လေး၊ ဆေးဘယ်သူခြယ်

လာအုံးနော့ မှာရှာတယ်၊ ခရီးသည်ဧည့်တဦး

စကားသံချိုချိုဝဲရယ် စွဲမမေ့နိုင်ဘူး။


သူတို့မြေခွာလို့ထွက်၊ ခရီးဆက်မမောနိုင်

မင်္ဂလာကန်မြမင်းနဲ့၊ ပင်းဒယလိုဏ်

သစ်ခွပန်းအခိုင်ခိုင်၊ ဆူဆူပြိုင်လှူဒါန်း

ကျောက်သားစိုင် သဘာဝနဲ့

ရွှေဥမင် သာအလှကို

တမ်းတ ပြန်လမ်း။

ခင်ငြိမ်းချမ်း

မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ ဩဂုတ်လ၊ အတွဲ ၂၉၊ အမှတ် ၁ဝ။