ပူတာအို

ငွေနှင်းမှုန်ဖွဲ၊ မိုးသဲသဲနှင့်

ရေခဲတောင်များ၊ ဝန်းရံထားသည့်

သီးခြားကမ္ဘာ ပူတာအို။


မြစ်လည်းကာဆီး၊ တောလည်းပိတ်ကာ

တောင်မှာမြင့်သီ၊ မှိုင်းပြာရီမို့

မှိုင်းညို့တောင်ကြီး၊ ကြားကဆီး၍

မြစ်ကြီးမြစ်ငယ်၊ ကြားကကွယ်လည်း

ခင်တွယ်လေးစား၊ သွေးချင်းများနှင့်

ခံစားညီတူ၊ အေးအပူကို

ဖေးကူမျှမည် ရောက်ခဲ့ပြီ။


စာပေမတတ်၊ စာမဖတ်၍

စာငတ်ပါဘိ၊ မြင်မရှိမို့

အသိမြင့်မား၊ အားသစ်ပွားကာ

နိုးကြားရင်ဝယ်၊ အမြင်ကျယ်အောင်

ဖလှယ်ဆွေးနွေး၊ သင်ကြားပေးရ

သွေးချင်းအားလုံး ပျော်မဆုံး။


မိုးနှင်းရနံ့၊ ပျံ့သောထုံသော

တောစိမ်းတောင်ရိပ်၊ တမှေးမှိတ်၍

ချွေးသိပ်တွေ့ကြုံ၊ ဓလေ့စုံကို

တွေ့ဆုံပြောကြား၊ မမောအားနိုင်

သွားလာလှုပ်ရှား၊ သွေးချင်းများနှင့်

စကားကောင်းတုန်း၊ ဖြတ်ခဲ့ရ။


နေပါဦးလား၊ သူတို့တားလည်း

စကားသွက်သွက်၊ ပြောမထွက်ပြီ

လက်ဝှေ့ယမ်းကာ၊ နှုတ်ဆက်ခဲ့။


ဝင့်ကြွားဖူးသစ်၊ သမိုင်းခေတ်ကို

အားသစ်နှင့်ကြို၊ ပူတာအိုကား

နုပျိုစိမ်းလန်း၊ တခေတ်ဆန်းလျက်

တခန်းလှစ်ဖွင့်၊ တဆင့်နိုးထ

ဘဝတထစ်၊ အလှသစ်လိမ့်

စနစ်သစ်လွှမ်း၊ ခေတ်သစ်လမ်းဝယ်

ပန်းတိုင်းပွင့်ကြပါတော့မည်။

အေးငွေ

မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ ဩဂုတ်လ၊ အတွဲ ၂၉၊ အမှတ် ၁ဝ။ နှာ ၁၃၆။