လာခဲ့ပါ့ မောရှမ်းမြေ

 

ပန်းမျိုးစုံစီ နှင်းရည်သောက်လို့

ဆောင်းရောက်ပြန်ပေါ့ မလေးရယ်။

ထင်းရှူးညီနောင် လေဝယ်တိမ်းတော့

တောင်ပေါ်ယိမ်းလား ထင်မှားဖွယ်။

 

မြူခိုးဝေ့သီ တောင်ပြာတန်းမှာ

ချယ်ရီပန်းတို့ လန်းစွင့်တယ်။

ကမ္ဘောဇပျို ပါးအို့ရဲနဲ့

စကား​ဝဲလို့ ဖော်ရွေတယ်။

 

ရှမ်းအိုးစည်သံ ဗိန်နောင်တီးလို့

လင်းကွင်းစည်းလိုက် ညီလှတယ်။

ပျော်မြူးရင်ဖို လူတွေဝိုင်းလို့

ကျွဲရိုင်းအက ကြောက်စဖွယ်။

 

မုန်ညင်းချဉ်ရည် ပဲပုပ်ဟင်းနဲ့

ရှမ်းဆန်ထမင်း မွှေးလှတယ်။

ရှမ်းမြေဧည့်သည် မောင့်မလေးကို

ကျွေးမွေးပျူငှာ ဧည့်ခံမယ်။

 

မောင်တို့ရှမ်းပြည် ခါတခေါက်တော့

လာရောက်လှည့်ပါ မလေးရယ်။

လာခဲ့ကွယ် ကြိုနှင့်မယ်။

နောင်နှင်း

မြဝတီမဂ္ဂဇင်း၊ ၁၉၈၆ ခုနှစ်၊ ဖေဖေါ်ဝါရီ၊ အတွဲ ၃၄၊ အမှတ် ၄၊ နှာ ၁၂၁။