ကမ္ဘောဇသာဒီ - ဒေါက်တာသန်းထွန်း

 

ကျွန်တို့ ပုန်ကန်တာကို တိုက်ခိုက်နှိမ်နင်းဖို့ ဟံသာဝတီဆင်ဖြူရှင် ဇင်းမယ်က ပြန်ခဲ့ရပေမယ့် ဇင်းမယ်အရေးဟာ ပြီးဆုံး မသွားပါ။ ဇင်းမယ်မင်းရဲ့အမတ် ဗညားလကွန်း၊ ဗညားနန်း၊ ဗညားတုရိုင်းတို့ လင်းဇင်းမင်းထံ ခိုဝင်တာကို သွားရောက် ဖမ်းယူရမယ်လို့ အမိန့်တော် ထုတ်ပြန်တယ်။ မဟာဥပရာဇာ၊ အဝဘုရင်သတိုးမင်းစောနဲ့မင်းရဲကျော်ထင်တို့ကို မြင်းတပ် ဆယ်တပ်နဲ့သူရဲလေးဆယ့်နှစ်တပ်ပေးပြီး လင်းဇင်းကို ချီကြရတယ်။ လင်းဇင်းမင်းနဲ့ညီ ဥပရာဇာတို့ မိုင်းစံမှာ ရှိတဲ့ အတွက် မိုင်းစံက ရောက်တဲ့အခါ မဆိုင်းမငံ့ဘဲ ချက်ချင်းတိုက်၍ မြို့ကို ရပေမဲ့ လင်းဇင်းမင်း ထွက်ပြေးလွတ်မြောက်သွားတယ်။

 

လင်းဇင်းမင်းဦး မိုင်းစံစား ဥပရာဇာနဲ့အမတ်သုံးဆယ်ကျော်၊ လင်းဇင်းမိဖုရား ယိုးဒယား(ထိုင်း)မင်းသမီး မနုရာ၊ ကျိုင်း တုံစော်ဘွားသမီး သီရိမာ၊ လင်းဇင်းမင်းတူမ သီရိလူတာနဲ့ကိုယ်လုပ်တော် ၂ဝ ကျော်၊ ဆင် ၄ဝဝ ကျော်၊ မြင်း ၁ဝဝဝ ကျော်၊ သုံ့ပန်းလူ ကျား မ ၅ဝဝ​ဝ ကျော် ရတယ်။ လင်းဇင်းမင်း ပြေးရာကို တပ်တော်ကို လိုက်စေတဲ့အခါ လင်းဇင်းမင်းဆီမှာ ရောက်နေတဲ့ဗညားလကွန်း၊ ဗညားနန်း၊ ဗညားတုရိုင်းတို့က ဆင် ၂ဝဝဒ၊ သူရဲ ၄ဝဝဝဝ နဲ့ ချီလာပြီး နောင်ဟံမှာ တိုက်ကြရတယ်။ ဗညားနန်းကို အသေရတယ်။ ဗညားလကွန်း ထွက်ပြေးတယ်။ ဆင် ၆ဝ၊ လူ ၃ဝဝဝ ကျော် ရလိုက်တယ် လင်းဇင်းမင်းက သည်လုံအမတ်ကို ဆင် ၄ဝဝ၊ သူရဲ ၇ဝဝဝဝ နဲ့လွှတ်ပြန်တယ်။ သည်လို ကျဆုံးပြီး ဆင် ၅ဝ လူ ၂ဝဝ ကျော် ရပြန်တယ်။ နောက်ထပ် တစ်လခန့် စောင့်ပေမဲ့ လာရောက်တိုက်ခိုက်ခြင်း မပြုလို့ မိုင်းစံကို ဆုတ်ခဲ့တယ်။ မြင်း ၁ဝဝဝ၊ လူ ၁ဝဝဝဝ ကို ဟံသာဝတီကို တပ်နဲ့ဗညားကျန်း အုပ်ချုပ်ပြီး ပို့ရတယ်။ လင်းဇင်းမင်းအမတ် ဗညားသည်နာ တောက ထွက်ပြီး တိုက်လာလို့ ခုခံတိုက်ခိုက်ရာမှာ ဗညားသည်နာ သေပြီး ဆင် ၃ဝ၊ လူ ၅ဝဝ ရလိုက်တယ်။ လင်းဇင်းမင်း ပုန်းအောင်းရာကို ရှာမရလို့ တပ်မတော် ပြန်လာခွင့်ပြုပါရန် လျှောက်ထားကြတယ်။ ပြန်ခွင့်ရလို့ ၁၊ ဩဂုတ်၊ ၁၅၆၅ မှာ ပြန်ခဲ့ကြတယ်။ ၅၊ အောက်တိုဘာ၊ ၁၅၆၅ မှာ ဟံသာဝတီကို ပြန်ရောက်တယ်။

            ဟံသာဝတီမြို့ကို ကေတုမတီ တောင်ငူလောက်ကြီးပြီး ခိုင်လုံအောင် တည်မယ်လို့ ဆုံးဖြတ်ပြီး လူ တစ်အိမ် တစ်ယောက် ဆင့်ခေါ်ပြီး ၂၂၊ အောက်တိုဘာ၊ ၁၅၆၆ ကစပြီး မြို့ရှေ့က တောင်ကို တူးပြီး မြို့အနောက်က ချိုင့်ကို တူးစေ တယ်။ ၂၉၊ ဇန်နဝါရီ၊ ၁၅၆၇ မှာ မြို့ဝန်းကျင် ကျုံးကို စပြီး တူးရတယ်။ ၁၆၊ နိုဝင်ဘာ၊ ၁၅၆၆ မှာ စတုရန်း အတာ ၃၄ဝဝ ရှိတဲ့ ဟံသာဝတီမြို့၊ ရွှေမော်ဓော၊ ပိဋကတိုက်၊ (သုံးဌာန)ကို တစ်ချိန်တစ်ခါတည်း တည်တယ်။ ၂၉၊ နိုဝင်ဘာ၊ ၁၅၆၆ မှာ မြို့တော်တံခါးတိုင် စိုက်တယ်။ စော်ဘွားစော်ကန် မြို့စားအပေါင်းက မြို့တည်ရာမှာ ကွပ်ကဲနိုးဆော်ရတယ်။ မြို့တံခါး နှစ်ဆယ်ကိုလည်း ကြီးကြပ်တည်ဆောက်တဲ့ မြို့စားအမည်နဲ့ခေါ်တွင်စေတယ်။

၁။ တနင်္သာရီတံခါး

၂။ ယိုးဒယားတံခါး

၃။ မဒမ(မုတ္တမ)တံခါး

၄။ ပခန်းတံခါး

၅။ ပသိန်(ပုသိမ်)တံခါး

ဒီတံခါးတွေက မြို့မြောက်မျက်နှာက တံခါးတွေ ဖြစ်ပါတယ်။

၆။ ပြည်တံခါး

၇။ အဝတံခါး

၈။ တောင်ငူတံခါး

၉။ လင်းဇင်းတံခါး

၁ဝ။ ဒလတံခါး

ဒီတံခါးတွေက မြို့အရှေ့မျက်နှာက တံခါးတွေ ဖြစ်ပါတယ်။

၁၁။ ဇင်းမယ်တံခါး

၁၂။ အုန်းဘောင်တံခါး

၁၃။ မိုးညှင်းတံခါး

၁၄။ မိုးကောင်းတံခါး

၁၅။ ထားဝယ်တံခါး

ဒီတံခါးတွေက မြို့တောင်မျက်နှာက တံခါးတွေ ဖြစ်ပါတယ်။

၁၆။ ကလေးတံခါး

၁၇။ မိုးနဲတံခါး

၁၈။ ညောင်ရွှေတံခါး

၁၉။ သာယာဝတီတံခါး

၂ဝ။ သိန္နီတံခါး

ဒီတံခါးတွေက မြို့တော်အနောက်မျက်နှာက တံခါးတွေ ဖြစ်ပါတယ်။ တံခါးထက်က ပြာသာဒ်တင်တယ်။ ရွှေအပြည့်ချ တယ်။ တံခါးရွက်ကိုလည်း ရွှေချတယ်။ ရင်တားနှစ်ထပ်စီ တပ်ရတယ်။

နန်းတော်အတွက် သစ်ကို ၂၄၊ မေ၊ ၁၅၆၇ မှစ၍ ရွေစေတယ်။ နေတော်မူစရာ ရွှေအိမ်နဲ့ပြာသာဒ်ကို ဆောက်စေပြီး ၁၉၊ ဇူလိုင်၊ ၁၅၆၇ မှာ ရွှေအိမ်တက်တော်မူတယ်။ နန်းတော်ကို ဆောက်တဲ့အခါ ဗညားဒလက စီမံရတယ်။ နန်းတော်မှာ မူးမတ်တွေက သစ်တစ်လုံးစီ ထည့်ရတယ်။ မိဖုရားကိုယ်လုပ်တော်တွေအတွက် နန်းအဆောင်ဆောင်ကို မြို့စားတွေက တာဝန်ယူပြီး ဆောက်ပေးကြရတယ်။ မိဖုရားငါးပါးဖြစ်တဲ့ မုတ္တမမိဖုရား၊ တောင်ငူမိဖုရား၊ အဝမိဖုရား၊ သင်းတွဲမိဖုရား တွေနေရန် စကြာသုံးထပ်နဲ့အဆောင် ဆောက်ပေးတယ်။ ၁၉၊ ဒီဇင်ဘာ၊ ၁၅၆၇ မှာ နန်းတော်ရာ ကန္နာကြီးမှာ သံဃာ အများပင့်ပြီး ပရိတ်ရွတ်ရတယ်။ ၁၄၊ ဖေဖေါ်ဝါရီ၊ ၁၅၆၈ ရွှေပြာသာဒ်နဲ့ရွှေနန်းတော်ခြောက်ဆောင်ဝန်းကျင်မှာ မောင်းမ နေစရာနဲ့ဆင်တင်းကုပ်တွေကို တစ်နေ့တည်း ဆောက်တယ်။ တံခါးနှစ်ဆယ်ပေါ်က တန်ဆောင်းပြအိုးတွေမှာလည်း ပရိတ်ရွတ်တယ်။ ၁၆၊ မတ်၊ ၁၅၆၈ မှာ ဟံသာဝတီဆင်ဖြူရှင်က ရထားပြာသာဒ်စီးပြီး တောင်ဘက် ဇင်းမယ်တံခါးက ဝင်ပြီး အနောက်ကိုလည်ပြီး နန်းတက်တော်မူတယ်။ နန်းမြို့ကိုလည်း ကမ္ဘောဇသာဒိလို့ သမုတ်တယ်။ ၁၇၊ မတ်၊ ၁၅၆၈ မှာ ဗြဲတိုက်တော်ကို ထွက်ပြီး မိဖုရားမင်းညီမင်းသား အမှူးအမတ်တွေကို ဘွဲ့အမည် အစီးအရင်း အဆောင်အရွက် ပေးတော်မူတယ်။ မင်းနေပြည်တော်မှာ လူဦးရေ များလွန်းလို့ စပါးတစ်တင်းကို ကြေးစင် ငါးပိဿာ ပေးရတယ်။ (မှန် ၂၊ ၁၉၅၇၊ ၄ဝ၄)။ ဒါကြောင့် ပုဂံမင်းက ဆင် ၁ဝဝ၊ မြင်း ၁ဝဝဝ၊ သူရဲ ၂ဝဝဝဝ နဲ့လင်းဇင်းကျေးရွာတွေမှာ စပါးသိမ်းယူခိုင်းတယ်။ လင်းဇင်းသားတွေက ခုခံလို့ တပ်ပျက်ပြန်လာတဲ့အခါ ပုဂံမင်းနဲ့တပ်သားတွေကို မီးတိုက်သတ်ရမယ်လို့ အမိန့် တော်ပေးလို့ မီးတိုက်တဲ့အခါ ရဟန်းတော်တွေက မီးငြိမ်းပြီး လူတွေကို ဘုန်းကြီးကျောင်းတွေမှာ ခေါ်ထားတယ်။ ရှင်ဘုရင်က ဘာမျှ နောက်ထပ် အမိန့်မပေးဘဲ လျစ်လျူရှုတယ်။

ထိုင်း(ယိုးဒယား)မင်းကို ရဟန်းဝတ်နဲ့ထိုင်း(ယိုးဒယား)ပြန်ခွင့် ပြုလိုက်လို့ ထိုင်း(ယိုးဒယား)အရောက်တွင် ပုန်ကန်တယ်။ ဒါကြောင့် ထိုင်း(ယိုးဒယား)ကို စစ်ချီဖို့ ပြင်ဆင်ရတယ်။ ရှေ့ပြေးအဖြစ်နဲ့ ထိုင်း(ယိုးဒယား)မင်းသမက်စော်ဘွား သောင်ကျည်ကို ဆင် ၃ဝဝ၊ မြင်း ၃ဝဝဝဝ၊ သူရဲ ၆ဝဝဝဝ နဲ့ပိဿလောက်ကို ၂၉၊ မေ၊ ၁၅၆၈ မှာ ချီစေတယ်။ ရှင်ဘုရင်က တပ်ပေါင်း ၅ဝ မှာ-

ဆင်       ၅ဝဝဝ​

မြင်း      ၅၃ဝဝဝ

သူရဲ       ၅၄၆ဝဝဝ

နဲ့ ၁၁၊ အောက်တိုဘာ၊ ၁၅၆၈ မှာ ထိုင်း(ယိုးဒယား)ကို ချီတော်မူတယ်။ တပ်မတော်မှာ ကုလားဘုရင်ဂျီ ၄ဝဝဝ ကုလား ပသီ ၄ဝဝ ပါတယ်။ ထိုင်း(ယိုးဒယား)မင်းက မြို့ပြကျုံးမြောင်းပစ်စင် ရင်လျောက်တွေကို ပြင်ဆင်ပြီး အခိုင်အလုံနေတယ် မြန်မာရှင်ဘုရင်က ထိုင်း(ယိုးဒယား) ကျေးလက်က ရသမျှ စပါးကို ယူစေတယ်။ ရဲမက်တော်တို့ကို လယ်လုပ်စေတယ်။ အရှည်အကြာ ဝန်းရံဖို့ ပြင်ဆင်တယ်။ ထိုင်း(ယိုးဒယား) မြို့ရိုးအမြင့်လောက်ရှိအောင် မြေတောင်ဖို့ပြီး အမြောက်နဲ့မြို့ တွင်းကို နေ့စဉ်ရက်ဆက် ပစ်စေတယ်။

ထိုင်း(ယိုးဒယား)မြို့ကို ရံထားတာ လေးလပြည့်တဲ့အခါ ၁၆၊ ဧပြီ၊ ၁၅၆၉ မှာ ထိုင်း(ယိုးဒယား)မင်းဟောင်း ရဟန်းလူ ထွက် ဗြသာဓိရာဇာ ကွယ်လွန်တယ်။ အဲဒီအချိန်မှာ လင်းဇင်းမင်းက စစ်ကူလာတယ်။ ၂၃၊ ဧပြီ၊ ၁၅၆၉ မှာ လင်းဇင်းတပ်ကို ဆီးကြိုတိုက်ခိုက်ရာ လင်းဇင်းတပ်ပျက်၍ လင်းဇင်းမင်း လက်လွတ်ပြေးရတယ်။ ရှင်ဘုရင်ကိုယ်တိုင် လိုက်ဖမ်းပေ မယ့် "ယနေ့ နေကုန်ပြီ၊ မနက်ဖြန်လာပြီး အဖမ်းခံမယ်" လိမ်ပြောပြီး ညတွင်းမှာပဲ ထွက်ပြေးလွတ်မြောက်သွားတယ်။ ထိုင်း(ယိုးဒယား)မြို့ကို လုပ်ကြံရာမှာ ​ရဲမက် ၁ဝဝဝဝ ကျော် သေပေမယ့် မရနိုင်ရှိလို့ ဥပါယ်တံမျဉ်ကြံမှ သင့်မည်ဟု တွေးတောကြံဆပြီး အောက်ဗြစက္ကိ ထိုင်း(ယိုးဒယား)အမတ်ဟောင်းကို အကျဉ်းက လွှတ်ပြီး သစ္စာပေးကာ ထိုင်း(ယိုးဒယား) မြို့တွင်းကို ဝင်စေတယ်။ အဲဒီအမတ် မြို့တံခါး ဖွင့်ပေးလို့ ၃၁၊ ဇူလိုင်၊ ၁၅၆၉ မှာ ​ထိုင်း(ယိုးဒယား)မြို့ပျက်တယ်။ ၂၉၊ စက်တင်ဘာ၊ ၁၅၆၉ မှာ စော်ဘွားခေါင်ကျည်ကို ထိုင်း(ယိုးဒယား)မြို့ကို ပေးတော်မူတယ်။ နောင်အရေးမျှော်ခေါ်ပြီး လင်းဇင်းမင်းကို အမိအရဖမ်းယူဖို့ ၃ဝ၊ အောက်တိုဘာ၊ ၁၅၇ဝ မှာ ချီတော်မူတယ်။ မိုင်းစံကို ​ရပေမယ့် လင်းဇင်းမင်း လွတ်ထွက်ပြီး တောမှာ ပြေးပုန်းပြန်တယ်။ ပုန်းအောင်းရာအရပ်ကို တွေ့တဲ့အခါ မတိုက်ဘဲ တစ်ညဆိုင်းခိုက် လင်းဇင်း မင်း ပြေးပြန်တယ်။ နောက်ဆုံး မိုင်းစံကို ပြန်ခဲ့ကြရတယ်။ မိုင်းစံက ပိဿလောက် ရောက်လာပြီး ပိဿလောက်က ၂၉၊ မေ၊ ၁၅၇၁ ပြန်ခဲ့လို့ ၁၊ ဇွန်၊ ၁၅၇၁ မှာ ဟံသာဝတီ ပြန်ရောက်တယ်။ ဟံသာဝတီကို ရောက်ပြီးမှ ၄၊ ဒီဇင်ဘာ၊ ၁၅၇၁ မှာ လွှတ်တော်ဆောက်ရတယ်။ ၁၅၊ ဇန်နဝါရီ၊ ၁၅၇၂ မှာ လွှတ်တက်တယ်။ အဲဒီတော့မှ ၂၅၊ အောက်တိုဘာ၊ ၁၅၆၆ က စတည်တဲ့ မြို့တော် ကမ္ဘောဇသာဒီဟာ အခု ၄၊ ဒီဇင်ဘာ၊ ၁၅၇၁ ရောက်လို့ လွှတ်တော်သိမ်းပြီးမှ မြို့တော်အင်္ဂါစုံလင်ပြီး မင်းနေပြည် ဖြစ်လာပါတော့တယ်။ မြို့တော်တည်ဆောက်ချိန် ငါးနှစ် ဖြစ်ပါတယ်။

နန်းတော်ဆောက်ပုံကို ပြန်ပြီး စစ်ဆေးကြည့်တဲ့အခါ-

၁။ အဆောင်ဆောင်သောနန်း၊ အဆောင်ဆောင်သော ကိုယ်လုပ်မောင်းမတို့နေရာ(မှန် ၂၊ ၁၉၅၇၊ ၃၉၈)

၂။ ရွှေပြာသာဒ်နှင့်တကွ ရွှေနန်းတော်ခြောက်ဆောင်ဝန်းကျင်ကို မောင်းမနေစရာ ဆင်တင်းကုပ်။(မှန် ၂၊ ၁၉၅၇၊ ၃၉၉)

၃။ ရွှေအိမ်နှင့်တကွ ပြာသာဒ်ကို ၁၉၊ ဇူလိုင်၊ ၁၅၆၇ မှာ

ကလျာမဂ္ဂဇင်း၊ ဇူလိုင်၊ ၂ဝဝဝ။