ပဲလှော်ပေါက်ပွဲ - ဒါရိုက်တာမြင့်မောင်

eBook file size: 96.9 KB
ebook pages: 5
Publication: ၁၉၈၁ ခုနှစ်၊ မေလ၊ အမှတ် ၁ ထုတ် စာပေလုပ်သားမဂ္ဂဇင်းတွင် ပါသော သင်္ကြန်အခါ ​ပအိုးဝ်လူမျိုးတို့၏ အပျိုလူပျို ပဲလှော်ဖြင့် ပေါက်ကာ ဖူးစာရွေးကြပုံကို ရေးသားထားသော ဆောင်းပါး ဖြစ်ပါသည်။


Download



Related Articles


ပအိုးဝ်တိုင်းရင်းသားတို့၏ကလေးကဗျာ - မောင်ခွန်နွယ်(​အင်းလေး)

ပအိုဝ်းတို့၏ကန်တော့ခိုဗန်တန်ဓလေ့ - မောင်ခွန်နွယ်(အင်းလေး)

ရှမ်းရိုးမက အိုးစည်သံ - မောင်ခွန်နွယ်(အင်းလေး)

ကိုလိုနီခေတ် ရှမ်းပြည်သူတို့အား နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲသော ပအိုးဝ်အမျိုးသား (သထုံ) ဆီဆိုင်စော်ဘွား စဝ်ခွန်ကြည်

The Origin And The Tribal Affinities Of The PA-O

အိမ်ရှင်ဓနု နှင့် ဧည့်သည်ကျွန်တော် - ဒါရိုက်တာမြင့်မောင်

ချစ်တဲ့သူ ပျို့မောင်ထွေး - ဒါရိုက်တာမြင့်မောင်

ပြည်တော်ပြန်

(က)

*နှင်းတကန့်ခြား

မြူတလွှားခြုံ၊ ပါးလျတောငွေ့

တိမ်ရိပ်ရွေ့ယှက်၊ ဖက်ပွေ့တောင်စဉ်

လွမ်းဖွယ်ဆင်သည့်

ရင်ခွင်ဟောင်းသို့ ငါအပြန်။

*တောင်ခိုးမျှင်ပွတ်

ကျွန်းပွင့်ပြွတ်ခဲ၊ ဝေညွှတ်တောပန်း

ငှက်သံလွှမ်းလျက်၊ စမ်းရေတံခွန်

ဆွေးဖွယ်သွန်သည့်

နန့်စိအောင် ကို ကျော်ပြီနော်။

*မော်ဟန် ကာဒူး

ရှမ်းဂဒူးရွာ၊ ကြည်နူးမြင်ကွင်း

လွင်ပြန့်ခင်းနှင့်၊ မိုးညှင်း ဟိုပင်

ဘူတာစဉ်လျှင်

မကြင်နာသူ ငါ့ကို စိမ်းရောပ။

*ကြာခဲ့ပြီကွယ်

ရွယ်နုငယ်က၊ တွယ်တာရသူ

ချစ်သည်းအူလျှင်၊ နောက်လူနှင့်တွဲ

ငါ့ရင်ကွဲပေါ့

ကံမွဲဖူးစာ ညံ့ပြီကော။

*နေ့စဉ်တွေ့နေ

အမျက်ဝေခဲ့၊ ဒီမြေနှင့်ဝေး

သော့နှင်ပြေးမှ၊ ပူဆွေးဒဏ်နာ

ငါခံသာလိမ့်

အိမ်ရာသံယောဇဉ် မဲ့ပြီကွယ်။

*အိုမင်းရွယ်ကျ

အမိဘနှင့်၊ နှမဆွေမျိုး

ပျော်မြတ်နိုးရာ၊ မိုးကောင်းချကြွေ

ငါစွန့်သွေမေ့

လေလွင့်ငှက်လို ပျံခဲ့ပြီ။

*အောက်ပြေ အောက်ရွာ

ခြေစကြာဖြန့်၊ အညာနယ်စွန်း

မြစ်ဝကျွန်းပေါ်၊ ယွန်းခဲ့ရှေ့ဖျား

စိတ်ကစားရာ

ထွေပြားတေပေ ချစ်စိတ်ဖြေ။

*အမေဆုံးပါး

သတင်းကြားလည်း၊ မသွားမပြန်

အနေတန်ခဲ့၊ ညဉ့်ယံမိုးသောက်

စိတ်ပွေနောက်ယင်း

သောက်စားသူရာ လွန်ကြူးစွာ။

*သောက်သောက်စားစား

အပျော်ပါးနှင့်၊ ချိန်များကုန်လာ

မကျန်းမာသော်၊ စိတ်မှာနောင်တ

ကြိမ်ဖန်ရမိ

ပြန်မှဌာနီ တော်ရော့မည်။


(ခ)

*ဟိုပင် လွန်လျှင်

နန့်ခွင် ပင်းဘော

သိုက်ဝါးတော ဆားမှော်

ငယ်က ပျော်ရွာ၊ အဖော်သားချင်း

ဆွေမျိုးရင်းတွေ

အခင်း တောင်ယာ သွားရော့မည်။

*တောထဲမှာ တောင်

မှိုင်းမှောင်မှောင်တည့်၊ တောင်မှာ တောအုပ်

ပင်ချင်းရှုပ်လိမ်၊ ချုံဖုတ်ပင်မြင့်

ရွက်စိမ်းဆင့်ရံ

ငါနှင့် ငယ်ချင်းများ တောလယ်ရာ။

*အကွေ့အဆစ်

ပတ်ချာရစ်လိုက်၊ ဖုထစ် ရွှေတောင်

မားမတ်ထောင်ပြီး၊ လျှိုမြောင်နိမ့်ဆင်း

တောင်ခြေအင်းမှာ

ငါးကြင်းဖမ်းကြ ငယ်ဘဝတွေ။

*ငါးပေါက်ဆံထွင်

မုန်ညင်းချဉ်မျှစ်ခေါပြင် နှမ်းဖြူး

ဆီတို့ဟူးနှင့်၊ မိုးဦးနာနတ်

ချေ ယုန် ဆတ်တို့

ငတ်ခဲ့သည်မှာ ဆယ်နှစ်ကျော်။

*မနော ထောင်ကာ

ယိမ်းဗယ်ညာနွဲ့၊ ဒါဂေါ် ကကွက်

စည်သံစွက်ပြီး၊ ချွဲညက်ပလွေ

ကပွဲတွေနှင့်

လွဲသွေခဲ့ရ ဆယ်နှစ်ကျော်။

*မျက်လှည့် ရုပ်ရှင်

ဇာတ်ငြိမ့်စင်များ၊ ဝေဟင်ရဟတ်

စျေးတန်းပတ်ပြီး၊ ထွတ်မြတ်ပြုဆဲ

ဘုရားပွဲတွင်

နွဲပျော်မဲ့ရ ဆယ်နှစ်ကျော်။

*မြစ်ကြီးနားဘက်

မိုင်းနား ဝိုင်းမော်၊ ကရိန်နော်နှင့်

လိမ္မော်သီးခြံ၊ မြစ်ဆုံတန်ဖဲ

လေယာဉ်ပျံကွင်းဟောင်း

ကောလိပ်ကျောင်းအား

အောက်မေ့တသ ဆယ်နှစ်ကျော်။

*မြောက်ဘက်တောင်ကုန်း

ဓလေ့ထုံးစံ၊ နှလုံးစိတ်တွင်

မေ့ပျောက်ထင်ရဲ့၊ နေ့စဉ်ပြောကြား

နှုတ်စကားပင်

အောက်သားလေသံ ပြောင်းသယောင်။

*ထိုပူး ရောက်ပြီ

ရှေ့ဆီ လွဲလော၊ လယ်တော လယ်ကွက်

ရွှေဝက်တိုးဘုရား၊ တရားရိပ်သာ

ရှမ်းရွာ လက်တကမ်း၊ ဦးမန်းစေတီ

လက်ချီကန်တော့

မိုက်ဒဏ်လျှော့တော်မူပ အရှင်။


(ဂ)

*မိုးကောင်းသားတဲ့

ဓားနှင့်အားမာန်၊ စစ်ကြွေးသံများ

ဟစ်ညံထစ်ချုန်း၊ ဝင့်မော်ပြုံးခဲ့

စည်းလုံးညီညာ၊ တချိန်ခါက

ရာဇဝင်တွင်သည့် ငါ့မွေးမြေ။

*မိုးကောင်းဓား​အောက်

သစ္စာဖောက်သူ၊ မျက်နှာဖြူနှင့်

ရန်သူတိုင်းခြား၊ စစ်ကြေးစားတို့

ဝပ်တွားဒူးတုန်၊ အရေးတော်ပုံခေတ်

တို့ဂုဏ်ယူရမှာပညယ်။

*မိုးကောင်းသားတဲ့

မြောက်ဖျားတခွင်၊ ကဗျည်းတွင်ရစ်

ထင်ပေါ်ကျော်ကြား၊ ဦးကုလားနှင့်

သား ဗိုလ်​ဘိုးစော၊ မြတ်သောသူရဲ

စစ်ကဲဗိုလ်ပါ၊ မွေးခဲ့ဌာနီ

ငါ့ဌာနီကား

ရှေ့ဆီရေးရေး မြင်ရပြီ။

*အချစ်နာရင့်

စိတ်လေလွင့်သူ၊ ငါလိုလူကား

မိုးကောင်းသားဟု၊ ပြောကြားရန်ပင်

နှုတ်မလျင်လည်း၊ စိတ်တွင်ဆုံးဖြတ်

ယတိပြတ်သား

မြို့ရပ်လူထု၊ ကောင်းကျိုးမှုတွက်

ဝိုင်းစုဝန်တာ ဆောင်တော့အံ့။

*နန့်ရင်း နန့်ကောင်း

နှစ်သွယ်ပေါင်းသည့်၊ မိုးကောင်းချောင်းမှာ

သန့်စင်ပါမည်...

ငါသည် ငါ့နိုင်ငံတော်အတွက်

ဖြစ်စေသတည်း။

ငါသည် ငါ့ပြည်သူအတွက်

ဖြစ်စေသတည်း။

ငါသည် မိုးကောင်းသားပီပီ

ဖြစ်စေသတည်း။

မောင်သွေးသစ်

စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ မေလ၊ အမှတ် ၁၊ နှာ ၇၂-၇၃။


မောမြေကို လွမ်းသည်

ဟိုးဝေးဝေးမှ

မှေးမှေးမှုန်ပျ၊ ရှမ်းရိုးမကို

မြင်ရလေလေ၊ မောတို့မြေကို

တွေဝေလွမ်းဆွတ်မိပါသည်။

သည်လရာသီ၊ မောမြေဆီတွင်

နှင်းရည်ပက်ဖျန်း၊ တုန်အောင်ချမ်းလိမ့်။

သည်လရာသီ၊ မောမြေဆီတွင်

ချယ်ရီလည်းပွင့်၊ တောလုံးတင့်လိမ့်။

သည်လရာသီ၊ မောမြေဆီတွင်

မိုင်းကျီတွတ်ပွဲ၊ ခေါပုတ်ပွဲတို့

ဆင်နွှဲပျော်ကြရှာရော့မည်။

သည်လရာသီ၊ မောမြေဆီတွင်

ရွှေရည်ဝင်းဝါ၊ ယိမ်းနွဲ့ခါသည့်

တောင်ယာစပါး၊ လူထုအားဖြင့်

ပျော်ပါးရိတ်သိမ်းရှာလိမ့်မည်။


မောမြေမြင့်ကား၊ တင့်မောလှပ

မေ့မရအောင်၊ ရစ်ပတ်နှောင်ခဲ့။


ဟိုးဝေးဝေးမှ

မှေးမှေးမှုန်ပျ၊ ရှမ်းရိုးမကို

မြင်ရလေလေ၊ မောတို့မြေကို

တွေဝေလွမ်းဆွတ်မိပါသည်။

အဆိုး(မြေလတ်)

ငွေတာရီမဂ္ဂဇင်း၊ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ၊ အမှတ် ၁၃၈၊ နှာ ၁၁ဝ။

နာဂမြေသို့

နာဂတောင်၏

နေရောင်စွေဆင်း ညနေခင်းဝယ်၊

ချင်းတွင်းသလ္လာ ရေပြာပြာသည်၊

ညင်သာဆင်းကွေ့ ချမ်းမြေ့မြေ့တည့်။


ပင်စုံနှောသည့်

တောတောင်အနှံ့ တောပန်းနံ့တို့၊

မွေးပျံ့ပျံ့လှိုင် စိမ့်စမ်းအိုင်နှင့်၊

ဂနိုင်တခို စိမ်းစိုစိုတည့်။


တိမ်အိအိနှင့်

မိုးထိလုမြင့် ငွါးစွင့်စွင့်တည့်၊

တိမ်နှင့်ရောယောင် ရိုးမတောင်သည်

ရီမှောင်ခိုးမြူ ငွေ့လူလူတည့်။


မားမားမတ်မတ် ကမ္ပါးပြတ်ဝယ်၊

ထွဋ်မြတ်သရီ ထုံးစေတီကား၊

နေခြည်အောက်ဝယ် ဆင်းသပ္ပါယ်တည့်။


ဘာသာဘာဝ ယှဉ်တွဲကြ၍

မာဂဓတေး သာရကာကြွေးသည်၊

ဟိုပြေးသည်ပျံ မြူးသည့်ဟန်တည့်။


ရွှေရည်သွန်းမှောက် တိမ်အတောက်ဝယ်၊

နွား​ခလောက်သံ "တောက်တောက်"ညံတည့်။

တောင်ယာခုတ်သည့်

နေ့လုပ်ဝန်တာ ပြီးလွန်ပါ၍၊

နာဂစုံညီ ပန်းဖြေပြီတည့်၊

ခေါင်ရည်ကိုစုပ်၊ "တရှုတ်ရှုတ်"တည့်။


ရှမ်းမျိုးတောင်သူ ရွာ၏လူတို့၊

ပျူငှာချိုခွန်း ရေနွမ်းကြမ်းနှင့်၊

အပန်းကိုဖြေ ဝိုင်းဖွဲ့လေတည့်။

တော၏စရိုက် တောအလိုက်ပေ၊

နှစ်ခြိုက်ချင့်ဘွယ် စာကြောင်းသွယ်၍၊

နယ်မြေအလှ ဖွင့်ဆိုပြလျက်၊

နာဂဆွေများ အမှာပါးသည်၊

"ရက်အားချိန်ခါ လာလှည့်ပါ"တဲ့။


ကိုယ့်ဝန်တာကြောင့် ခါတခေါက်လျှင်၊

မရောက်နိုင်ချေ လွမ်းရိပ်ဝေ၍၊

ခွန်းချွေတမ်းက လက်ဆောင်သခဲ့။


နာဂဆွေများ သွေးရင်းသားတို့၊

တိုးပွားကြံစည် အားသစ်တည်၍၊

ညီညွတ်တက်ကြွ စုပေါင်းကြလော့။


ဘဝဆင်းရဲ နိမ့်ကျဆဲကို၊

အားခဲတွန်းလှန် အောင်ပွဲခံလေ၊

ဘေးရန်မသန်း စိတ်အေးချမ်း၍၊

တောင်တန်းအလှ တိုးစေသတည်း။

မိုးဝင့်(နာဂတောင်တန်း)(ရုက္ခဗေဒ)

မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှစ်လည်စာစောင် ၁၉၆၈-၆၉ နှစ်၊ စာစောင်အမှတ် ၁၊ နှာ ၁၇၁။